ဂန့်ဂေါမြို့အဝင် စစ်တပ်ဂိတ်မှာ ဗိုလ်ကြီးသားမက်လို့ဆိုသူကို ဂိတ်ကစစ်သားတွေက ဆဲဆို

Photo – Google

ဂန့်ဂေါမြို့အဝင် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှု တွေလုပ်နေချိန် ဗိုလ်ကြီးတဦးရဲ့ သားမက်ဖြစ်ကြောင်းကိုယ့်ကိုယ်ကိုယ် မိတ်ဆက်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆဲဆို ကြိမ်းမောင်းခဲ့တယ် လို့ မျက်မြင်တွေ့တဲ့ ဒေသခံက DNA ကိုပြောပါတယ်။

“ကားတစီးကရပ်ပြီး ကျနော်ဗိုလ်ကြီး….ရဲ့သမက်ပါလို့ပြောတော့ ….ဗိုလ်ကြီးရဲ့ သားမက်လည်းနားမလည်ဘူး၊ အခုဆင်းနဲ့ဆဲတာဗျ၊ကျနော် ရယ်ချင်တာကို အတော်အောင့်ထားခဲ့ရတာ” လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဒေသခံက ပြောပါတယ်။

ဂန့်ဂေါမြို့အဝင် စစ်ဆေးရေးဂိတ်မှာ မြို့ခံ ခလရ (၅၀) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလုံခြုံရေးတာဝန်ယူ လေ့ရှိပြီး ဒီကနေ့ စစ်ဆေးမှုတွေပြုလုပ်ရာမှာ ဖြတ်သန်းလာသူတွေကို ကြမ်းကြမ်းတမ်းတမ်းပြောဆို ဆက်ဆံနေ တယ်လို့ အဲ့ဒီဂိတ်ကို ဖြတ်သန်းခဲ့သူတွေကဆိုပါတယ်။

ဂိတ်မှာစောင့်ပြီး စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အကြောင်းမဲ့ ဒေါသထွက်နေတဲ့ ပုံစံတွေဖြစ်နေကြ တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အကုန်လုံးကားပေါ်ကဆင်းပြီး မိုးတောထဲမှာ လက်ပိုက်မတ်တပ်ရပ်ခိုင်းထားတာ၊ မှတ်ပုံတင်တွေ၊ဖုန်းတွေ အ ကုန်စစ်တာ၊အသားတွေကိုတုန်လို့ အကုန်လုံးကိုငေါက်နေတာ ကြောက်စရာကြီးတွေ” လို့ ကိုယ်တွေ့ကြုံခဲ့ရသူ ဒေသခံတစ်ဦးကပြောပါတယ်။

ဂန့်ဂေါမြို့တောင်ဖက်မြို့အဝင် ခ.လ.ရ (၅၀) ဂိတ်မှာပုံမှန်အားဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးလောက် လုံခြုံ ရေးယူထားလေ့ရှိပြီးဒီကနေ့မှာတော့အင်အားနှစ်ဆယ်ဝန်းကျင်နဲ့ စစ်ဆေးမှုတွေလုပ်နေတာဖြစ်ပြီး ဖြတ်သန်း သွားလာတဲ့ ကား၊ဆိုင်ကယ်မှန်သမျှကို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆို စစ်ဆေးနေတယ်လို့ အဲ့ဒီဂိတ်ကိုဖြတ်သန်းခဲ့ သူတွေကပြောပါတယ်။

“လမ်းအနောက်ဖက်မှာ လူငါးယောက်ကို ဒူးထောက်ခိုင်းပြီး ရိုက်နေတာဗျာ၊စစ်နေရင်း ဘာဖြစ်တာလဲမသိဘူး” လို့ ဂိတ်ကိုဖြတ်သန်းခဲ့တဲ့ တခြားဒေသခံတစ်ဦးကလည်းပြောပါတယ်။

ဂန့်ဂေါမြို့အဝင်မှာ စစ်ကောင်စီက ကြမ်းတမ်းစွာပြုမူစစ်ဆေးနေတာကြောင့် ကျေးရွာတွေဘက်ကပြည်သူတွေ မြို့ပေါ်ကိုမလာကြဖို့ ဒေသခံမီဒီယာတွေက သတိပေးထားပြီး နောက်ရက်တွေမှာ မြို့အဝင်ဂိတ်ကို ပိတ်မယ့် အလားအလာရှိတယ်လို့ မြို့ခံတွေက ယူဆနေကြပါတယ်။