မိုးဗြဲတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တဦး မသေမချင်းနှိပ်စက်ခံထားရတဲ့ လက္ခဏာတွေ့ရ

Photo – MB pdf

မိုးဗြဲ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တဦးရဲ့ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ရာမှာ မသေမချင်းနှိပ်စက်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ပါတယ်။

အခုလ (၂၃)ရက်ဖြစ်ခဲ့တဲ့ မိုးဗြဲတိုက်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ တပ်ဖွဲ့ဝင်သုံးဦးကို လိုက်လံရှာဖွေရာမှာ စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး ရေတွင်းထဲပစ်ချ ဖျောက်ဖျက်ထားတဲ့ရုပ်အလောင်းတွေကို မနေ့က ပြန်တွေ့ခဲ့တာဖြစ်တယ်လို့ မိုးဗြဲ PDF ကဆိုပါတယ်။

ရုပ်အလောင်းတွေမှာတွေ့ရတဲ့ လက္ခဏာတွေအရ နှစ်ဦးက လက်နက်ထိမှန်ပြီး ပွဲချင်းပြီးကျဆုံးတဲ့ အခြေအနေရှိပြီး တဦးကတော့ ညာဘက်ပေါင်မှာ သေနတ်ထိမှန်ဒဏ်ရာရပြီး မလှုပ်ရှားနိုင်တဲ့အနေအထားမှာ မသေမချင်း နှိပ်စက်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ဆိုပါတယ်။

ကျဆုံးတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်တွေက (၃၅)ပေအနက်ရှိတဲ့ ရေတွင်းထဲ ပစ်ချပြီး တခြားအဝတ်အစားတွေ၊ ငှက်ပျော ပင်တွေနဲ့ ဖုံးပိအောင် အဆင့်ဆင့်ပစ်ချပြီး အလောင်းဖျောက်ထားခဲ့တာဖြစ်တယ်လို့လည်း MBPDF လင်းယုန်တပ်ခွဲက ထုတ်ပြန်ပါတယ်။

အဲ့ဒီတပ်ဖွဲ့ဝင်သုံးဦးဟာ မိုးဗြဲ PDF လင်းယုန်တပ်ခွဲနဲ့ သိမ်းငှက်တပ်ခွဲက တပ်ဖွဲ့ဝင်တွေဖြစ်ပြီး စက်တင်ဘာ (၂၃) ရက်ကမိုးဗြဲ လွယ်ယင်းမင်္ဂလာကျေးရွာထိပ်တိုက်ပွဲအတွင်း ကျဆုံးခဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။