တနင်္သာရီမြို့နယ်၊ ဘန်လောရွာကိုစစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကြားဖြတ်တိုက်ခိုက်ခံရပြီး ငါးဦးသေ

Photo – Google

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က ဘန်လောကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသ တွင်းတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်တပ်က ငါးဦးသေပြီး သုံးဦးဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိတ်ခရိုင်)ကထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်က အင်အားတရာဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ကြိုတင်သတင်းရထားလို့ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိတ်ခရိုင်)တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

“တနင်္သာရီမြို့နယ်ကို မကြာခဏ စကစ က စစ်ကြောင်းထိုးလေ့ရှိပါတယ်၊ကျွန်တော်တို့က ရန်သူလှုပ်ရှားမှုကို အမြဲနားစွင့်နေရတာပေါ့ဗျာ၊ သတင်းကြိုရလို့ ကြားဖြတ်တိုက်တာပါ”လို့သူကပြောပါတယ်။

အဲ့ဒီတိုက်ပွဲဟာ စက်တင်ဘာ (၂၉)ရက်မနေ့က နေ့လယ်ပိုင်းမှာ ဖြစ်ခဲ့ပြီး မြိတ်ခရိုင် တပ်ရင်း(၂)၊ တပ်ခွဲ (၁) အပါအဝင် ဘက်မလိုက်ပြောက်ကျား၊ SWDF အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

စုစုပေါင်း လေးနာရီကျော်ဝန်းကျင်ကြာမြင့်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲအပြီးမှာ စစ်တပ်ကင်းပုန်းဝပ်စခန်းကနေ အလောင်း တွေသယ်လာတာတွေ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိတ်ခရိုင်)တာဝန်ရှိသူကဆိုပါတယ်။

တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိခဲ့ပေမယ့် တိုက်ပွဲဖြစ်ပွားတဲ့ အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူ သုံးရာကျော်ကတော့ စစ်ဘေးတိမ်းရှောင်ခဲ့ကြရတယ်လို့သိရပါတယ်။