ဘရာဇီး နိုင်ငံမှာ ကားတွေ၊ လူတွေ ဖြတ်သန်းသွားလာနေချိန် ချောင်းကူးတံတားတစ်စင်း ကျိုးကျလို့ လူ ၃ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။
ဘရာဇီး မြောက်ပိုင်းက အမ်မဇိုနက်စ် ပြည်နယ်မှာ စက်တင်ဘာ ၂၉ ရက်က တံတားကျိုးကျမှု ဖြစ်ခဲ့တာလို့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ မီးသတ် တပ်ဖွဲ့က အတည်ပြုပါတယ်။ ကျိုးကျတဲ့ တံတားဟာ ကာရိုင်ရို မြို့ထဲက အဝေးပြေး လမ်းပိုင်း တစ်နေရာမှာ ကွန်ကရစ်နဲ့ တည်ဆောက်ထားတဲ့ အမျိုးအစား ဖြစ်ပါတယ်။
တံတားက အပိုင်းလိုက်ကြီး ပြိုကျသွားတဲ့ အချိန်မှာ တံတားပေါ် ဖြတ်မောင်းနေတဲ့ ကားတချို့လည်း ချောင်းထဲ ထိုးကျသွားခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေ ရောက်လာချိန်မှာ ညိုမောင်း နောက်ကျိနေတဲ့ ရေထဲက အလောင်း ၃ လောင်းကို ဆယ်ယူရရှိခဲ့ပြီး ပျောက်ဆုံးနေသူတွေကိုတော့ ဖြန့်ကျက် ရှာဖွေနေဆဲပါ။ ဒီဖြစ်စဉ်မှာ ၁၄ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့လို့ ဆေးရုံ တင်ပို့ခဲ့ရကြောင်းလည်း သိရပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်တွေက တံတား ကျိုးကျရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲလို့ ပြောပါတယ်။ ဒါပေမဲ့ မျက်မြင် တချို့ကတော့ အဲဒီတံတားမှာ အက်ကြောင်းတွေ ပေါ်နေတာ ရက်အတန်ကြာ ရှိခဲ့ပြီးပြီလို့ ဆိုပါတယ်။
နောက်ပြီး တံတား မကျိုးခင် မိနစ်ပိုင်းလောက် အလိုတုန်းကလည်း တံတားပေါ်မှာ လမ်းပိတ်ပြီး ကားတွေ စုပြုံရပ်နေခဲ့သေးတာကြောင့် ဝန်ပိုပိပြီး ကျိုးကျသွားတာ ဖြစ်နိုင်ကြောင်း ဒေသခံတွေ ခန့်မှန်း ပြောဆိုနေကြပါတယ်။