ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို လာရောက် အားပေးတဲ့ နိုင်ငံတကာ ဧည့်သည်တွေ အနေနဲ့ ကပ်ရောဂါ တားဆီး ထိန်းချုပ်ရေး အစီအမံ တချို့ကို လိုက်နာရမယ်လို့ အိမ်ရှင် ကာတာနိုင်ငံ အစိုးရက အတည်ပြုလိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံ တချို့မှာ အောက်တိုဘာလကစလို့ ကပ်ရောဂါ တားဆီး ထိန်းချုပ်ရေး စည်းမျဉ်းအားလုံးကို ပြန်လည် ပယ်ဖျက်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပေမယ့် ကာတာကတော့ ပြည်ပက ဝင်ရောက်လာမယ့် ဧည့်သည်တွေနဲ့ ပတ်သက်ပြီး အထိုက်အလျောက် စည်းမျဉ်း တင်းကျပ်ထားဦးမယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၀ မှာ စတင်ကျင်းမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို အားပေးဖို့ ပြည်တွင်း ဝင်ရောက်လာတဲ့ ဧည့်သည်တွေဟာ လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း ဆေးစစ်ထားပြီး ကိုဗစ်ရောဂါ ကင်းရှင်းတယ်ဆိုတဲ့ ရလဒ်တွေကို ပြသဖို့ လိုပါတယ်။ ပြီးတော့ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်းဟာ ကာတာမှာ ရှိနေချိန် အတောအတွင်း Ehterazလို့ နာမည်ပေးထားတဲ့ ခြေရာခံ Appတစ်ခုကို ဖုန်းထဲမှာ ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။
အဲဒီ Appမှာ အစိမ်းရောင် ခွင့်ပြုသင်္ကေတ ရှိနေမှသာ၊ တစ်နည်းအားဖြင့် ကိုဗစ် ကူးစက်ထားခြင်း မရှိကြောင်း အတည်ပြုပေးထားမှသာ မိုးလုံလေလုံ အားကစားကွင်းတွေထဲ ဝင်ရောက် အားပေး ကြည့်ရှုခွင့် ရမယ်လို့ ကာတာ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ထူးခြားချက် တစ်ခုကတော့ ကာတာဟာ ကာကွယ်ဆေး ထိုးထားသူတွေကိုသာ ကမ္ဘာ့ဖလား လာရောက် ကြည့်ရှုခွင့် ပေးမယ်ဆိုတာမျိုး ကန့်သတ် မထားတာပါပဲ။ ဒါကြောင့် ဆန္ဒအလျောက် ဆေးမထိုးခဲ့ဘဲ လတ်တလော ရောဂါမရှိတာ သေချာရင် ကမ္ဘာ့ဖလားကို သွားအားပေးလို့ ရမှာပါ။
ပုံမှန်ဆိုရင် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကို နွေရာသီမှာ ကျင်းပလေ့ ရှိပေမယ့်လည်း အရှေ့အလယ်ပိုင်း ဒေသရဲ့ ရာသီဥတု အခြေအနေကြောင့် ပိုပြီး အေးမြတဲ့ ဆောင်းတွင်းကို ပြောင်းရွှေ့ပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကမ္ဘာအနှံ့က ပရိသတ် ၁.၂ သန်းကျော် လာရောက် အားပေးမယ်လို့လည်း ယုံကြည်ရပါတယ်။