တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်းက ကျေးရွာတချို့မှာ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ဒီကနေ့ မနက်ပိုင်းကပြုလုပ်ခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ မတရားတဲ့ အမိန့်မှန်သမျှကိုဖီဆန်ပြီး စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ ပူးပေါင်း ပါဝင် ဖို့အတွက် စည်းရုံးတဲ့အနေနဲ့ အခုလို သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂအဖွဲ့ဝင် တဦးက DNA ကိုပြောပါတယ်။
“ဒီလိုလှုပ်ရှားမှုတွေကြောင့် တော်လှန်ရေးမှာပါဝင်လာတဲ့သူတွေရှိတယ် ၊ ဒေသခံပြည်သူတွေအနေနဲ့ ကိုယ် တိုင်သပိတ်ထွက်မလိုက်ပေမဲ့ သပိတ်စစ်ကြောင်းကိုတွေ့ရင် လက်သုံးချောင်းထောင်ပြီး ဝန်းရံတာ တွေ လည်းရှိတယ်” လို့ သူကပြောပါတယ်။
အဲ့ဒီလှုပ်ရှားမှုမကို နှင်းဆီရောင်အမျိုးသမီးများအဖွဲ့ ၊ LGBT အဖွဲ့တွေနဲ့ အခြေခံပညာကျောင်းသူကျောင်း သားနဲ့ လူငယ်အဖွဲ့တွေ စုပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ထားဝယ်ခရိုင်အတွင်းမှာ အခုလို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုနှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်) အပါအဝင် ဒေသတွင်းအဖွဲ့ အစည်းတချို့ပူးပေါင်းပြီး အဆက်မပြတ်လုပ်ဆောင်နေတာပါ။
ထားဝယ်ခရိုင်၊ကံပေါက်ဒေသမှာလည်း ထားဝယ်ခရိုင် ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ကြောင့် ရဲဘော်လေးဦးကျဆုံးခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ “တော်လှန်ကြယ်နီ တွေကို အမှတ်ရကြ” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတခုကို စက်တင်ဘာလ (၂၈) ရက် မနေ့က ပြုလုပ်ခဲ့ပါသေးတယ်။