ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီးမှာ မနေ့ကဖြစ်ခဲ့ တဲ့တိုက်ပွဲကြောင့် နယ်စပ်ဖြတ်ကျော်သွားလာတာကို ထိုင်းဘက်က ယာယီပိတ်ထားတယ်လို့ ဘုရားသုံး ဆူမြို့ ဒေသခံတစ်ဦးက DNA ကို ပြောပါတယ်။
“ထိုင်းဘက်ကပိတ်တာလေ၊ ဒီဘက်ကတော့ ပိတ်ရိုးထုံးစံမရှိဘူး၊ သူတို့နယ်စပ်ကိုတင်းကျပ်ထားတာပေါ့၊ မနေ့က တိုက်ပွဲစဖြစ်တာနဲ့ သူတို့ကပိတ်တာပဲ၊ ညကဆိုအခြေအနေတွေတင်းကျပ်နေတာပဲ၊ ညက ထိုင်းစစ် သားတွေ တပုံကြီးပေါ့လမ်းမှာ” လို့ သူကပြောပါတယ်။
ဘုရားသုံးဆူမြို့ဟာ ထိုင်းနိုင်ငံ ဆန်ခပူရီမြို့နဲ့ ထိစပ်နေပြီး နှစ်နိုင်ငံ တရားဝင်ကူးသန်းခွင့်ကိုတော့ အရင် နှစ်တွေ ကတည်းကပိတ်ထားခဲ့ပေမယ့် ဒေသခံတွေ အပြန်အလှန်ကူးသန်းသွားလာနေကြဆဲဖြစ်ပြီး မနေ့ ကမှ ထိုင်းဘက် ကစစ်သားတွေချပြီး အဝင်အထွက်ပေါက်တွေကို လုံးဝပိတ်လိုက်တယ်လို့ ဆိုပါတယ်။
“check point ကတော့ပိတ်ထားတယ်လေ အရင်ကတည်းက၊ ကျောင်းပေါက်ကိုတော့ဖွင့်ထားပေးတယ်၊ သူတို့ က အဆင်း တစ်ဆယ်(ဘတ်) အတက် တစ်ဆယ်(ဘတ်) ကောက်ပြီး ဖွင့်ပေးတာ၊ အခုကျတော့ အကုန်လုံးကို ပိတ်ချထားလိုက်တာ” လို့ ဘုရားသုံးဆူဒေသခံက ဆက်ပြောပါတယ်။
ဘုရားသုံးဆူမြို့အနီးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဘုရားတောင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က စက်တင်ဘာ (၂၈)ရက် မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာပါ။
အဲ့ဒီတိုက်ပွဲဟာ မနက် ခြောက်နာရီဝန်းကျင်ကနေ မနက်ကိုးနာရီဝန်းကျင်ထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ ဘက်က ဒုတပ်ရင်းမှူးအပါအဝင် (၁၁) ဦးသေဆုံးခဲ့ကာ သုံးဦးထွက်ပြေးခဲ့ပြီး စခန်းကုန်းနဲ့ လက်နက်တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ထားပါတယ်။