စစ်အုပ်စုလက်အောက်ခံ တရားရုံးက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စီးပွားရေး အကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်ကို ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းမှာ ဗီဇာစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၁)နဲ့ ထောင် ၃ နှစ် ချမှတ်လိုက်ပါတယ်။
အခုလို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် ဩစတြေးလျအစိုးရက ကန့်ကွက်လိုက်ပြီး မစ္စတာရှောင်တာနယ်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီး Penny Wong က ဒီကနေ့မှာပဲ ပြောကြားခဲ့ပါတယ်။
“၁၉လကျော်ကာလအတွင်း အာဏာသိမ်းစစ်အုပ်စုရဲ့ မတရားထိန်းသိမ်းခံထားတဲ့ မစ္စတာရှောင်တာနယ်အပေါ် စွပ်စွဲချက်တွေကို ဩစတြေးလျအစိုးရအနေနဲ့ လုံးဝ လက်မခံပါဘူး”လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနယ်တို့ကို နေပြည်တော်အချုပ်ထောင်အတွင်း စစ်ဆေးတဲ့ အထူးတရားရုံးက ဒီကနေမှာ အခုလို အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
မစ္စတာရှောင်တာနယ်ဟာ အခုချမှတ်လိုက်တဲ့ ထောင်ဒဏ်ရဲ့ သုံးပုံနှစ်ပုံကို ထောင်ထဲမှာ ကျခံနေရပြီး ဖြစ်တယ် ၊ သူ့ကို ဩစတြေးလျနိုင်ငံဆီ ချက်ချင်းပြန်ပို့ပေးဖို့ တောင်းဆိုကြောင်း ဇနီးဖြစ်သူကလည်း သူ့ရဲ့ ဖေ့ဘုတ်လူမှုကွန်ယက်အကောင့်မှာ ရေးသားထားပါတယ်။