
စစ်ကိုင်းတိုင်းဒေသကြီး ၊ တန့်ဆည်မြို့နယ်အတွင်းမှာရှိတဲ့ ရွာရှည်ရွာကို စစ်ကောင်စီတပ်သားတွေက ဒီနေ့မနက် ပိုင်းမှာ မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ စုစုပေါင်းအင်အား နှစ်ရာကျော်လောက်ပါဝင်တဲ့ စစ်ကြောင်း ဟာ ရွာ ရှည်ရွာကို မနေ့ကမနက်ပိုင်းမှာ စတင်ဝင်ရောက်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးနေ တာဖြစ်တယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်တွေကပြောပါတယ်။
ဒီနေ့မနက် (၇)နာရီလောက်ကစပြီး စစ်ကောင်စီက ရွာရှည်ရွာကို စတင်မီးရှို့တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သလို မနက်ပိုင်းကတည်းက ရွာရဲ့ အရှေ့ဘက်ခြမ်းမှာ မီးခိုးတွေထွက်နေတာမြင်ရ တယ်လို့ Taze Unnamed Squad ကတာဝန်ရှိသူ တစ်ဦးကလည်း ပြောပါတယ်။
ရွာရှည်ကျေးရွာဟာ အိမ်ခြေ ၇၀၀ကျော်ရှိတဲ့ ရွာတရွာဖြစ်ပြီး အခုနှစ် မေလနဲ့ ဇွန်လတွေအတွင်း စစ်တပ်က နှစ် ကြိမ်မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ရှစ်ဆယ်ကျော်လောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ တတိယအကြိမ်အဖြစ် လတ်တလော မီးရှို့ခံနေရတာကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိရသေးပါဘူး။
စစ်ကောင်စီတပ်က တပ်မ(၃၃)ဟာ စက်တင်ဘာလဒုတိယပတ်အတွင်းမှာ တန့်ဆည်မြို့နယ်အတွင်း ရဟတ် ယာဉ်တွေနဲ့ ရောက်ရှိလာခဲ့ပြီးနောက် စက်တင်ဘာလလယ်ပိုင်းကစလို့ လက်ရှိအထိ ကျေးရွာ (၁၅)ရွာက အိမ်ခြေ (၆၀၀)နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
အဲ့ဒိလို စစ်တပ်က စစ်ကြောင်းထိုး မွှေနှောက်နေတာကြောင့် ဒေသတွင်းကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်တာ တွေ လည်းရှိပြီး စက်တင်ဘာ ၂၄ရက်ကတော့ ငှက်ပျောတောရွာကို စစ်ကြောင်းထိုးလာချိန်မှာ တိုက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က (၁၀)ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန် ထားပါတယ်။
လက်ရှိမှာတန့်ဆည်နယ်အတွင်း စုစုပေါင်း စစ်ဘေးရှောင်တသောင်းဝန်းကျင် တိမ်းရှောင်နေရပြီး စုရပ်နေ ရာသုံး လောက်မှာ ပြန့်ကျဲနေထိုင်နေရပြီး ဆေးဝါးလိုအပ်ချက်ရှိနေတယ်လို့ Taze Unnamed Squad ကတာဝန်ရှိသူ တဦးက ပြောပါတယ်။
“တချို့တွေလည်း ရွာထဲစစ်ကြောင်းမရှိရင် ရွာပြန်ကြ တယ်၊ အိမ်မီးရှို့ခံရတဲ့လူတွေနဲ့ အခုလက်ရှိစစ်ကြောင်း ထိုးခံရတဲ့ရွာတွေ ဘေးလွတ်ရာရှောင်နေရတယ်၊ မနေ့ကလည်း ရွာအနောက်ဘက်က တဲတိုက်တွေကို မီးရှို့သွား တယ် ” လို့ သူကပြောပါတယ်။
စစ်တပ်ဟာ တိုက်ပွဲမရှိဘဲ ဒေသတွင်းကျေးရွာတွေကို မီးရှို့နေတာဖြစ်ပြီး စစ်တပ်နဲ့ပျူစစ်ကြောင်းက ကျေးရွာတွေ ထဲ စစ်ကြောင်းထိုးရင်း သတ်ဖြတ်ခံရတာကြောင့် ဒေသခံ ဆယ်ဦးထက် မနည်းသေဆုံးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။