လှတောရဲစခန်းကို လက်နက်ကြီးနဲ့တိုက်ခိုက်၊စစ်ကောင်စီတပ်သား လေးဦးသေဆုံး

Photo – Google

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံမဟာမိတ်တပ်ဖွဲ့တွေက စက်တင်ဘာလ၂၇ ရက်ည (၁၀)နာရီဝန်းကျင်က (၆၀) မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။

တိုက်ခိုက်မူမှာ ဒေသခံကာကွယ်ရေးတပ်တွေက အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား (၄) ဦး သေဆုံးကာ (၇)ဦးလောက်ဒဏ်ရာရရှိတယ်လို့ Chindwin Attack Force ကထုတ်ပြန်ထားပါတယ်။ ထိခိုက်သေ ဆုံးမှုနဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

လက်နက်ကြီးနဲ့ပစ်ခတ်တာမှာ ရဲစခန်းဂိတ်နဲ့ စခန်းတွင်းကအဆောင်တွေကို ထိမှန်ခဲ့တယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ ပစ်ခတ်မူဖြစ်ပွားပြီးအချိန်မှာ ရဲစခန်းတွင်းက အမျိုးသမီးတွေရဲ့ ငိုသံတွေကြားရကြောင်းသူကပြောပါတယ်။
” စခန်းထဲတော့ ဆူညံနေတာပဲ” လို့ ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။

အဲ့ဒီပစ်ခတ်ပစ်ခတ်တိုက်ခိုက်မူကို Chindwin Attack Force တပ်ရင်း- ၃ တပ်ခွဲ -၃၊ ဂဠုန်နက် PDF၊ ကျား သစ်နက် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းဧကရာဇ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နောင်ရိုးတပ်ဖွဲ့ နှင့် မဟာမိတ်တပ်ပေါင်းစုတွေ စုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပူးပေါင်းတပ်ဖွဲ့တွေဟာ စက်တင်ဘာ( ၂၅) ရက်နေ့ကလည်း လှတောရဲစခန်းကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ ပါသေးတယ်။