နွေဦးမှတ်တမ်း

၃၁ ဇူလိုင် ၂၀၂၂။

ချန်နိုင်း (အိန္ဒိယ) မှာ ကမ္ဘာ့စစ်တုရင်အိုလံပစ်ပွဲ လတ်တလော ကျင်းပနေတယ်။ ဇူလိုင် ၂၈ က စပြီး သြဂတ် ၁၀ရက်နေ့အထိ။ စကစက ဒါမျိုးနိုင်ငံတကာပြိုင်ပွဲတွေကို အသင်းတွေလွှတ်ပြီး ယှဥ် ပြိုင်ဖို့ စိတ်အားထက်သန်တဲ့ သဘောရှိတယ်။ ရည်ရွယ်ချက်က တစ်ချက်ခုတ် ၂ ချက်ပြတ်။ သူတို့ကို နိုင်ငံတကာပြိုင်ပွဲတွေက အသိအမှတ်ပြုတယ်ဆိုတာအပြင် တိုင်းပြည်တည်ငြိမ်အေးချမ်းနေတယ် ဆို တာလည်း ပြောချင်တဲ့ သဘောပေါ့။

 

၂၀၂၂ စိန်ခေါ်သူရွေးပွဲ

ပြီးခဲ့တဲ့လနဲ့ ဒီလထဲမှာပဲ (ဇွန် ၆ ကနေ ဇူလိုင် ၅ အထိ) စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကမ္ဘာ့ စစ်တုရင် စိန်ခေါ်သူရွေးပွဲ လုပ်ခဲ့တယ်။ စိန်ခေါ်သူရွေးပွဲမှာ ယှဥ်ပြိုင်ခွင့်ရဖို့အတွက် စစ်တုရင်ကစား သမားတွေဟာ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်က ကျင်းပတဲ့ စစ်တုရင်ကမ္ဘာ့ဖလားလို အထင်ကရပြိုင်ပွဲ အပါ အဝင် နိုင်ငံတကာမှာ ကျင်းပတဲ့ ပြိုင်ပွဲကြီးတွေမှာ အနိုင်ရဗိုလ်ဆွဲဖို့လိုတယ်။ အဲဒီပြိုင်ပွဲတွေကနေ စစ်တုရင်ကစားသမား ၈ ဦးကို ကမ္ဘာ့စစ်တုရင်ချံပီယံနဲ့ ယှဥ်ပြိုင်ဖို့ အဆုံးသတ်တစ်ဦး ရွေးချယ်ပေးတာ ဖြစ်တယ်။

ဒီနှစ်ပြိုင်ပွဲ မပြိုင်ခင်မှာ ပြဿနာတစ်ခုတက်တယ်။ အဲဒါက အရွေးခံထားရတဲ့ ၈ ဦးထဲက ရုရှား စစ်တုရင်သမားတစ်ဦး ဖြစ်တဲ့ ဆာဂေးကာရီယာကင်က ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို သူ့တွစ် တာကနေ ထောက်ခံတဲ့ အရေးအသားတွေရေးတဲ့အတွက် စစ်တုရင်အဖွဲ့ချုပ်က သူ့ကစားခွင့်ကို ပိတ် ပြီး ၂၀၂၂ မေလကုန်မှာ လက်ရှိစစ်တုရင်ချံပီယံကလွဲလို့ အဆင့်သတ်မှတ်ချက် အမြင့်ဆုံးကစားသမား ဖြစ်တဲ့ ဒင်းလီယင် (တရုတ်)ကို အစားထိုးရွေးချယ်ခဲ့တယ်။

 

ကာရူရာနာ အင်တာဗျူး

ပြိုင်ပွဲမစခင်မှာ ၈ ဦးထဲမှာပါတဲ့ ၂၀၁၈ က စိန်ခေါ်သူဖြစ်ခဲ့တဲ့ အမေရိကန်ဂရင်းမာစတာ ဖာဘီရာနိုကာရူရာနာ ကို အင်တာဗျူးတစ်ခုမှာ ဒီပွဲဟာ ဘယ်လောက်အရေးပါသလဲ၊ စစ်တုရင်ပွဲတစ်ပွဲ ရဲ့ ဖိအားဟာ ဘယ်လောက်အထိ ပြင်းထန်သလဲလို့ မေးတယ်။ ကာရူရာနာက ပြန်ဖြေတယ်။ ကြည့် လိုက်တော့ ကစားပွဲတစ်ခုပါပဲ။ ဒါပေမဲ့ ကျနော်တို့ဟာ ဂိမ်းထဲကိုနစ်ဝင်သွားပြီဆိုတာနဲ့ အားလုံးဟာ သေရေးရှင်ရေးလို အရေးတကြီးဖြစ်လာတယ်။ ခုပြိုင်ပွဲဝင်ကြတော့မယ့် ကစားသမားတွေဟာ မနှစ်က ရွေးချယ်ခံထားရပြီးကတည်းက ဒီပြိုင်ပွဲအတွက် အသေအချာ လေ့ကျင့်လာခဲ့ကြတယ်လို့ ထင်ကြ မယ်။ တကယ်တော့ ကျနော်တို့ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက် အချိန်တိုင်းနီးပါးမှာ ဒီအားကစားတစ်ခု တည်းကို စွဲစွဲနစ်နစ် လေ့ကျင့်ခဲ့ကြ ကစားခဲ့ကြတာပါတဲ့။

သူဟာ မနေ့က အသက် ၃၀ ပြည့်ခဲ့တာမို့ သူပြောတဲ့ အနှစ် ၂၀ ဆိုတာ အသက် ၁၀ နှစ်လောက် ကတည်းက ဒီကစားနည်းကို စပြီး ကစားလာတယ်လို့ဆိုလိုတယ်။ သူ့ကို အီတလီနွယ်ဖွားမိသားစုတစ်ခု ကနေ မီယာမီမှာ မွေးခဲ့တယ်။ အသက် ၁၅ နှစ်မပြည့်မီ စစ်တုရင်ဂရင်းမာစတာဘွဲ့ကို ရခဲ့လို့ အဲဒီအချိန် က အမေရိကန်မှာကော အီတလီမှာပါ အသက်အငယ်ဆုံး ဂရင်းမာစတာဘွဲ့ရ စံချိန်တင်နိုင်ခဲ့တယ်။

 

စိန်ခေါ်သူရွေးပွဲထဲက အသက်အငယ်ဆုံးကစားသမား

စိန်ခေါ်သူရွေးပွဲမှာပါတဲ့ အငယ်ဆုံးကစားသမားကတော့ အလီရာဇာဖီရိုဂျာ ဖြစ်တယ်။ ကာရူ ရာနာ ပြောတဲ့ ပြီးခဲ့တဲ့ အနှစ်၂၀လောက် ဆိုတဲ့ စကားဟာ ဖီရိုဂျာအတွက်တော့မမှန်ပါဘူး။ ဘာလို့ လည်းဆိုတော့ ၂၀၂၂ ဇွန် ဇူလိုင် ပြိုင်ပွဲကာလ အတွင်းမှာကျမှ ဖီရိုဂျာဟာ အသက် ၁၉ နှစ် ပြည့်ခဲ့တာ ကြောင့်ဖြစ်တယ်။ အီရန်စစ်တုရင်အဖွဲ့ချုပ်ရဲ့ ပေါ်လစီကြောင့် နိုင်ငံတကာပြိုင်ပွဲတွေမှာ ကစားခွင့်ရဖို့ သူဟာ ပြင်သစ်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ပြီး အဲဒီမှာပဲ နိုင်ငံသားခံယူခဲ့တယ်။ သူ့လက်ရည်ဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေမှာ တဟုန်ထိုး တိုးတက်လာခဲ့တာ ဖြစ်တယ်။

ကမ္ဘာ့ချံပီယံပွဲကို ငါးကြိမ်ခုခံကာကွယ်ခဲ့တဲ့ လက်ရှိချံပီယံ မန်းဂတ်ကာလ်ဆင် (နော်ဝေ) က ဖီရိုဂျာလို မျိုးဆက်သစ် ကစားသမားသာ စိန်ခေါ်သူပြိုင်ပွဲကို အနိုင်မရခဲ့ရင် နောက်တစ်ကြိမ် ချန်ပီယံ ပြိုင်ပွဲကို ဆက်ကစားချင်မှ ကစားတော့မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောတာကို ကြည့်ရင် ဖီရိုဂျာရဲ့ လက်ရည်ကို ခန့်မှန်းနိုင်မှာ ဖြစ်တယ်။

 

ပရော်ဖက်ရှင်နယ်

ဒီဇာတ်လမ်းတွေ ပြောလာရတာ အကြောင်းရှိပါတယ်။ အားကစားတစ်ခုမှာမှမဟုတ် ဘယ်နယ် ပယ်မှာမဆို ပရော်ဖက်ရှင်နယ် ဖြစ်ဖို့ဆိုတာ ဘဝကို အဲဒီအထဲမြှုပ်နှံရတယ်။ ကိုယ်ရွေးချယ်တဲ့ အသက်မွေးဝမ်းကျောင်း၊ ဝါသနာ အစရှိတာတွေမှာ တကယ်စုံမက်စွဲလန်းမှု ရှိရတယ်။ ပရော်ဖက်ရှင် နယ်ဆိုတာ ပြိုင်ပွဲတစ်ခုအတွက် မဟုတ်ဘူး။ ငွေကြေးတစ်ခုအတွက် မဟုတ်သလို ပိုက်ဆံရှိတိုင်း လည်း လုပ်နိုင်တာမျိုး မဟုတ်ဘူး။ နိုင်ငံခြားရောက်ဖူးချင်တာသက်သက် မဟုတ်ဘူး။ ဘဝဖြတ်သန်းမှု ပုံစံတစ်ခု၊ လူ့ဘဝကို ဘယ်လိုနေထိုင် ဖြတ်သန်းသွားမယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုလည်း ဖြစ်တယ်။

လူငယ်တစ်ယောက်အတွက် သူ့ဝါသနာ အားသာချက်တစ်ခုခုပေါ်မှာ ပရော်ဖက်ရှင်နယ်ဘဝကို တည်ဆောက်နိုင်ဖို့ ဆိုတာ သူ့ပါရမီ၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ကျိုးစားအားထုတ်မှုတင်သာမက၊ မိဘ ဆရာသမား ပတ်ဝန်းကျင် အစိုးရ ဆက်စပ်လည်ပတ်နေတဲ့ အင်စတီကျူးရှင်းတွေ ချိတ်ဆက်၊ အများစု ဟာ အားကောင်းသန်မာနေဖို့ လိုတယ်။ တစ်နည်း ကမ္ဘာ့အဆင့်မှီ နိုင်ငံ့အဆင့်မှီ ပရော်ဖက်ရှင် နယ် ဂီတ၊ စာပေ၊ ပညာရှင်နဲ့ အခြား တတ်သိပညာရှင်တွေ အစရှိတာတွေ ပေါ်ထွက်လာဖို့ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် လိုအပ်တယ်။

လက်နက်အားကိုး ဖြေရှင်းဖို့ ကြိုးစားတတ်တာလောက်နဲ့ နိုင်ငံအုပ်ချုပ်ရေးနဲ့ စီးပွားရေး မပြောနဲ့ မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည်ဆိုတာမျိုးဟာ ‌ဆောင်ပုဒ်သက်သက်နဲ့ကို မဖြစ်နိုင်တာမျိုး ဖြစ်တယ်။

 

နွေဦးတော်လှန်ရေးသို့

အခြေအနေတွေဟာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို ဦးတည်လာနေတယ်။ ဒါပြီးရင် ဖက်ဒရယ်ဆိုတာ ဗဟိုပါဝါနဲ့ ပြည်နယ်ပါဝါတွေကြားက နိုင်ငံရေးသဘောတူညီချက်နဲ့ အုပ်ချုပ်ရေးပုံစံ တစ်ခုကိုဆိုလိုတာ ဖြစ်တယ်။ တော်လှန်ရေးဟာ အဆင့်ဆင့်ဖြစ်မယ်။ အဆင့်တိုင်းမှာ လူထုရဲ့ အသိ၊ နိုးကြားမှုနဲ့ မြင့်မားလာတဲ့ တော်လှန်ရေးဦးဆောင်မှုဟာ ပေါင်းစပ်မိဖို့လိုမယ်။

တကယ်‌အောင်မြင်တဲ့ တော်လှန်ရေးတစ်ခုဆိုတာ သူ့လူ့အဖွဲ့အစည်းကို မျှတတဲ့ လွတ်လပ် ကြွယ်ဝတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် စတင်ပုံဖော်နိုင်တဲ့အဆင့်အထိ တိုက်ပွဲဝင်နိုင်တာကို ဆိုလို တယ်။

 

 

၆ သြဂုတ် ၂၀၂၂

စကစက ဇူလိုင်လထဲမှာ သူတို့ဖမ်းစီးထားတဲ့အထဲက ထင်ရှားတဲ့ ကိုဂျင်မီနဲ့ ကိုဇေယျာသော် အပါအဝင် တခြား တော်လှန်ရေးသမား ၂ ဦးဖြစ်တဲ့ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကြိုးပေးလိုက်တဲ့အတွက် ပြည်တွင်းနဲ့ နိုင်ငံတကာမှာ တပ်လှန့်မှုတစ်ခု ဖြစ်ခဲ့ရတယ်။

ပြည်တွင်းမှာတော့ ဒါဟာ ထိုင်းမှိုင်းနေတဲ့ မြို့ပြတော်လှန်ရေးကို လှုပ်နှိုးလိုက်သလိုဖြစ်ခဲ့ပြီး နိုင်ငံတကာအတွက်တော့ မြန်မာစစ်တပ်ပေါ်ထိန်းသိမ်းကိုင်တွယ်ပုံ မအောင်မြင်မှုကို အထင်အရှား ဖော်ပြလိုက်တာပဲဖြစ်တယ်။ လတ်တလော အာစီယံနိုင်ငံခြားရေးဝန်ကြီး အစည်အဝေးဆုံးဖြတ်ချက်၊ အမေရိကန် သက်တော်ရှည်အမတ် မက်ကောနဲတို့ရဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကိုင်တွယ် ပုံတွေကို ဝေဖန်ပြစ်တင်တာတွေ ပေါ်ထွက်လာခဲ့ပြီး နိုင်ငံတကာမျက်နှာစာမှာ စကစဟာ ပိုပြီး တင်းကျပ်တဲ့ ဖိအားနဲ့ ပိတ်ဆို့မှုတွေ ကြုံတွေ့လာစရာရှိနေပေမဲ့ ပြည်တွင်းတော်လှန်စစ်ရဲ့ အခရာ ကျမှုကတော့ ဆက်လက်တည်ရှိနေဆဲဖြစ်တာကို အားလုံးကလက်ခံထားတာကို တွေ့ရတယ်။

 

 

ပြည်တွင်းတော်လှန်စစ် နဲ့ နိုင်ငံတကာချဥ်းကပ်မှု

စစ်ပွဲတခုလုံးရဲ့ အောင်မြင်မှု အတိုင်းအတာကို စစ်ပွဲရဲ့ နိုင်ငံရေးရည်ရွယ်ချက်ပေါ်တင်ပြီး သုံးသပ်တာကို ကလော့ဇဝစ်က စလုပ်ခဲ့တယ်။ နောက်ပိုင်းမှာ အမေရိကန်ကလော့ဇဝစ်စစ်ရေး လေ့လာသူတွေက ဒီသဘောတရားကိုအခြေခံပြီး စစ်ပွဲအမျိုးအစားကို ခွဲခြားသတ်မှတ်တယ်။ အဲဒါက ကန့်သတ်စစ် (Limited War) နဲ့ အကန့်အသတ်မဲ့စစ် (Unlimited War) ဆိုတာဖြစ်တယ်။

ကန့်သတ်စစ်ဆိုတာ စစ်ပွဲမှာ ရန်သူရဲ့ နိုင်ငံရေးပါဝါနဲ့ ရည်ရွယ်ချက်ကို လမ်းလွှဲဖို့လုပ်တာမျိုး ဖြစ်ပြီး အကန့်အသတ်မဲ့စစ်ဆိုတာက ရန်သူရဲ့ နိုင်ငံရေးပါဝါကို ဖျက်သိမ်းပစ်ဖို့အထိရည်ရွယ်တယ်။ ဥပမာ ယူကရိန်းစစ်မှာ ယူကရိန်းဟာ ကန့်သတ်စစ်တစ်ခုကို တိုက်နေတာဖြစ်ပြီး (ရုရှားပြန်ဆုတ်သွားဖို့ ကိုပဲရည်ရွယ်) ရုရှားက အကန့်အသတ်မဲ့စစ်ကိုတိုက်ဖို့ (ယူကရိန်းအစိုးရပြုတ်ကျပြီး သူ့လူကိုတင် သူ့အုပ်ချုပ်မှုအောက် ရောက်တဲ့အထိ) ဖြစ်တယ်။ စစ်ပွဲမှာ ရုရှားအရေးနိမ့်နေတယ်ဆိုတာ အဲဒီနိုင်ငံရေး ရည်ရွယ်ချက် အောင်မြင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အချက်ကိုမူတည် ဆုံးဖြတ်နိုင်တာမျိုးဖြစ်တယ်။

အီရတ်စစ်ကိုပြန်ကြည့်ရင် ၁၉၉၁ မှာတိုက်တဲ့ သဲကန္တာရမုန်တိုင်းစစ်ဆင်ရေး မှာ အီရတ်ဟာ ကန့်သတ်စစ် (ကူဝိတ်ကနေပြန်ဆုတ်ဖို့) တိုက်ခံရတာဖြစ်ပြီး ၂၀၀၃ အီရတ်စစ်ပွဲမှာတော့ အမေရိကန်နဲ့ အနောက်အုပ်စုက ဆက်ဒန်ဟူစိန်ကို ပြုတ်ကျတဲ့အထိ တိုက်ဖို့လိုတယ်ဆိုတဲ့ အကန့်အသတ်မဲ့စစ်အထိ သတ်မှတ်လိုက်ကြတာ ဖြစ်တယ်။

ဒီသ‌ဘောတရားအရကြည့်ရင် မြန်မာစစ်အာဏာသိမ်းမှုမှာ နိုင်ငံတကာဒီပလိုမက်တစ် အခြေခံ ဝင်ရောက်မှုဟာ စကစကို အကန့်အသတ်တခုနဲ့ ချဥ်းကပ်ပေးနေတာမျိုးဖြစ်ပြီး ပြည်တွင်းမှာ ပီဒီအက်ဖ်နဲ့ နုဂျီကတိုက်နေတဲ့ မြေပြင်စစ်ဟာ အကန့်အသတ်မဲ့စစ်သဘောကို ဆောင်တာတွေ့ရတယ်။ ဒါဟာ နိုင်ငံတကာသံခင်းတမန်ခင်းအခြေခံနဲ့ ပြည်တွင်းစစ်ရဲ့ အဓိကကွဲပြားမှုဖြစ်တယ်။ (မှတ်ချက် အိုင်စီဂျေကိစ္စက သီးသန့်ဖြစ်တယ်။ ဒါက နိုင်ငံတကာတရားဥပဒေပိုင်း)

နိုင်ငံတကာဟာ သူတို့ရဲ့ အကန့်အသတ်ဒီပလိုမေစီ သဘောတရား မအောင်မြင်မှုကို သဘော ပေါက် လက်ခံထားတာ လနဲ့ ချီကြာပြီဖြစ်ပေမဲ့ မြန်မာ့အရေးကို လိုအပ်တဲ့ အာရုံစိုက်မှုမျိုးနဲ့ တွန်းအား ပေးမှုမျိုး မလုပ်ခဲ့ဘူး။ အခု ပြောင်းလဲဖို့ စတင်စဥ်းစားတာကတော့ တော်လှန်ရေးသမားတွေကို စကစ က မတရားစီရင်ချက်ချ သတ်ဖြတ်လာမှုကြောင့် ဖြစ်တယ်။ အာစီယံပိုင်းက နောက်ပိုင်းမှာ မြန်မာ ဘောလုံးကို ကိုင်မကစားဘဲ ရံကစားတာမျိုး လုပ်လိုတာတွေ့ရပြီး အမေရိကန်ဘက်ကတော့ နန်စီပလိုစီ ထိုင်ဝမ်ခရီးစဥ်က စလို့ ဘိုင်ဒင်အစိုးရရဲ့ တစ်ချက်ထိ နှစ်ချက်ထိ ကွင်းလယ်အတို့အထိ ကစားကွက်ကနေ အနိုင်ဂိုးသွင်းတဲ့အထိ ဗျူဟာပြောင်းဖို့ ကွန်ဂရက်ပိုင်းကနေ ဖိအားပေးပြင်ဆင် လာတာကို တွေ့ရမှာဖြစ်တယ်။ ဒီဖြစ်ထွန်းမှုတွေကြားထဲမှာပဲ ပြည်တွင်းစစ်ရှိန်ဟာ ဆက်တက်လာဖို့ ရှိနေတယ်။

 

ပြည်တွင်းစစ်ပွဲတွေရဲ့ အခြေခံစစ်ဗျူဟာ

စစ်ပွဲပညာရှင်တွေရဲ့ သဘောတရားအရ အကန့်အသတ်မဲ့ စစ်တစ်ခုကို တိုက်တဲ့အခါ တစ်ဖက် က တဖြည်းဖြည်းနဲ့ စစ်အင်အားချိနဲ့လာရုံ၊ ရန်သူကို အမှည့်ခြွေနိုင်ရုံလောက်နဲ့ မလုံလောက်ဘူးလို့ လမ်းညွှန်တယ်။ စစ်ပွဲဟာ ဒေသတွင်းတစ်ပွဲကောင်းတိုက်နေရာကနေ စစ်ဆင်ရေးကြီးတွေအထိ နောက် အဆင့်တစ်ခုကို ဝင်ရောက်လာတဲ့အခါမှာ စစ်ဆင်ရေးသဘောတရား (Operational Art) တွေဖြစ်တဲ့ စစ်ပွဲအစီအမံ (Planning)၊ ပြင်ဆင်မှု (Preparation)၊ ထောက်ပို့ (Logistics)၊ ထောက် လှမ်းရေး (Intelligence)၊ ပစ်အား (Fire Support) နဲ့ ထိမ်းချုပ်စင်တာ (Common and Control) တွေဟာ စစ်ပွဲမဟာဗျူဟာ အစိတ်အပိုင်းတွေ ဖြစ်လာတယ်။

ဒါပေမဲ့ စစ်မဟာဗျူဟာဆိုတာ စစ်ပွဲတွေကို ဘယ်လိုနားလည်ထားသလဲ (ကန့်သတ်စစ်လား အကန့်အသတ်မဲ့စစ်လား စသည်ဖြင့်) ဆိုတဲ့ အခြေခံပေါ်မှာလည်းကောင်းစွာမူတည်တယ်။ စစ်ပွဲဗျူ ဟာနဲ့ စစ်ဆင်ရေးတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်ဆိုပေမဲ့ နောက်ပိုင်း နိုင်ငံတကာမှာ ဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်ဆင်ရေးဟာ ဒေသတွင်းနည်းဗျူဟာစစ်ကနေ နိုင်ငံရေးရည်ရွယ်ချက်ပါတဲ့ မဟာဗျူဟာစစ်တွေကြားမှာ တိုက်လာကြတာကို ဆိုလိုတယ်။

တစ်နည်းပြောရရင် စစ်ဆင်ရေးတွေဟာ နည်းဗျူဟာတွေကိုပဲ အခြေခံတယ်။ စစ်ပွဲတွေရဲ့ နေရာ၊ အချိန်နဲ့ စစ်အင်အားတွေ ပိုကျယ်ပြန့်လာပေမဲ့ နည်းဗျူဟာအခြေခံကို ပေါင်းစည်းပြီး အောင် မြင်အောင်တိုက်တယ်။ ပြင်ဆင်မှုတွေ ဖွဲ့စည်းမှုတွေ ဒီထက်ပိုလာတယ်ဆိုပေမဲ့ နိုင်ငံရေးရည်ရွယ်ချက် ကို ထဲ့သွင်း မစဥ်းစားဘူး။ စစ်ဆင်ရေးတွေရဲ့ အောင်မြင်မှုကသာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဆက်စပ်တဲ့ စစ်ပွဲမဟာဗျူဟာအခြေခံတွေကို ထောက်ပံ့ဖို့ ဖြစ်တယ်။

ဒီအချက်တွေပေါ် အခြေခံသုံးသပ်ရရင် လက်ရှိလိုအပ်လာတဲ့ စစ်ဆင်ရေးတွေဟာ နိုင်ငံရေးမှာ လုပ်တဲ့ ရွေးကောက်ပွဲကမ်ပိန်းတွေလို စစ်ဆင်ရေးကမ်ပိန်းတွေ ဖြစ်တယ်လို့ ကောက်ချက်ချရမှာ ဖြစ် တယ်။ ဒါဆိုရင် စစ်ဆင်ရေးကမ်ပိန်းတွေဆိုတာ ဘာကိုဆိုလိုတာလဲ။ သဘောတရားနဲ့ လက်တွေ့ ဆက်စပ်မှုတွေကို ဆက်ကြည့်ကြရအောင်။

 

ကျော်ဇောခိုင်