
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးရဲ့ ချောင်းဦး-မုံရွာ လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Monywa People’s Liberation Force (MPLF)တာဝန်ခံက DNA ကို ပြောပါတယ်။
“ထိပ်တိုက် တိုက်ပွဲကတော့မရှိဘူးဗျ၊ သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာတော့ရှိတယ်၊ ကားကိုရပ်ပြီးတော့ ရမ်းသန်းပစ်ခတ်တာပေါ့၊ လက်နက်ကြီးနဲ့လည်းပစ်တော့ ရဲဘော်တွေ အသက်လုပြေးခဲ့ရတာဗျ” လို့ ဆိုပါတယ်။
ခင်မွန်ဘက်စုံခြံကနေ မုံရွာဘက်ကိုထွက်လာတဲ့ စစ်ကား အရောင်ပြောင်း (၂) စီး၊ ဆယ်ဘီးကား (၁) စီး၊ Jumper ကား (၁)စီး၊ မိုးကာအုပ်ထားတဲ့ ဆယ့်နှစ်ဘီးကား (၂) စီးပါဝင်တဲ့ စစ်ကောင်စီယာဉ်တန်းကို မနေ့က (စက်တင်ဘာလ ၂၇)ရက် မနက် လေးနာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။.
အဲ့ဒီတိုက်ခိုက်မှုမှာ Monywa People’s Liberation Force (MPLF) အပါအဝင် မုံရွာ (ပ.က.ဖ)ရဲ့ Special Forces-11(PDF) နဲ့ Soldiers Dog Killer Hunters (SDKH) တို့ ပူးပေါင်းပြီး ပဒေသာမိုင်း (၃) လုံးတစ်နေရာ၊ (၄) လုံးတစ်နေရာတို့ကိုချကာ လမ်းဘေးဝဲယာညှပ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ချိန်က မနက်အစောပိုင်းဖြစ်တာကြောင့် စစ်ကောင်စီဘက်က အထိအခိုက်များပေမယ့် သေဆုံးသူစာရင်းကို အတိအကျမသိရသေးဘူးပဲ တိုက်ခိုက်မှုအပြီးမှာ မဟာမိတ်ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
မုံရွာမြို့နဲ့ မန္တလေးမြို့ကိုဆက်သွယ်ထားတဲ့ အဲ့ဒီလမ်းမကြီးဟာ စစ်ရေးဗျူဟာအရ အလွန်အရေးပါတဲ့ လမ်းမကြီးဖြစ်ပြီး စစ်ကောင်စီကားတွေကလည်း အချိန်မရွေးဖြတ်သန်းသွားလာနေတာကြောင့် ပြည်သူတွေ အရေးပေါ်ကိစ္စကလွဲပြီး အဲ့ဒီလမ်းကိုမသုံးကြဖို့နဲ့ ကားမှန်ချပြီး သင့်တင်တဲ့အရှိန်နဲ့သာ သွားလာဖို့ကို ဒေသခံကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ တစ်ရက်တည်းမှာ မုံရွာ-မန္တလေးလမ်းပိုင်းကိုဖြတ်သွားခဲ့တဲ့ စစ်ကောင်စီထောက်ပို့ယာဉ်တန်းတစ်ခု အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။