Lockdown ချတာကို မကျေနပ်လို့ တရုတ်မှာ ရှားရှားပါးပါး ဆန္ဒပြ  

Photo – Weibo

ရှားပါး အခြေအနေ တစ်ခုအဖြစ် တရုတ်နိုင်ငံမှာ လူပေါင်း ရာနဲ့ချီ စုဝေးပြီး ချီတက် ဆန္ဒပြတဲ့ အခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ 

တရုတ်ရဲ့ နည်းပညာ ထွန်းကားမှု ဗဟိုချက် နယ်မြေတစ်ခုလို့ သတ်မှတ်ခံရတဲ့ ရှန်ကျန်းမြို့မှာ အစိုးရရဲ့ တင်းကျပ်လွန်းတဲ့ ကပ်ရောဂါ ထိန်းချုပ်ရေး စည်းမျဉ်းတွေကို မကျေနပ်တာကြောင့် လူပေါင်း ဒါဇင်အတော်များများ စုဝေးပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ 

ကွန်မြူနစ်ပါတီက ကြီးစိုးအုပ်ချုပ်နေတဲ့ တရုတ်နိုင်ငံမှာ စုဝေး ဆန္ဒပြမှုတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားလေ့ ရှိတာကြောင့် အခုလို လူစုလူဝေးနဲ့ ဆန္ဒပြကြတယ် ဆိုတာမျိုးက ရှားပါးတဲ့ မြင်ကွင်းတစ်ခု ဖြစ်နေပါတယ်။ ရှန်ကျန်းက ဒေသခံတွေ ဆန္ဒပြကြတဲ့ မှတ်တမ်း ဓာတ်ပုံတွေ ဗီဒီယိုတွေဟာ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာလည်း မြန်မြန်ဆန်ဆန် ပျံ့နှံ့လာပါတယ်။ 

တရုတ် အစိုးရဟာ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်ရင် ကူးစက်မှု ထူထပ်ရာ ဧရိယာတွေကို တင်းတင်းကျပ်ကျပ် Lockdownချတာမျိုး အပါအဝင် ကျပ်တည်းတဲ့ စည်းမျဉ်း သတ်မှတ်မှုတွေ ကျင့်သုံးနေဆဲ ဖြစ်ပြီး ဒီအခြေအနေအပေါ် ပြည်သူလူထုကလည်း အတော်လေး ဝေဖန်နေကြပါတယ်။ 

နောက်လကျရင် ဘေဂျင်းမှာ တရုတ် ကွန်မြူနစ် ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံ ကျင်းပမှာဖြစ်ပြီး အဲဒီမတိုင်ခင် အခုလို လူထုဆီက အုံကြွတဲ့ သဘောမျိုးတွေ ပြသလာခြင်းက အာဏာပိုင်တွေကိုလည်း ခေါင်းခဲစေပါတယ်။ စက်တင်ဘာ ၂၆ ရက်က ရိုက်ကူးထားတဲ့ ဆန္ဒပြ လှုပ်ရှားမှု ဗီဒီယိုတွေထဲမှာ “ဟိုမှာ ရဲတွေက လူတွေကို လိုက်ရိုက်နေကြပြီ”လို့ အော်နေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အသံကိုလည်း ကြားခဲ့ရပါတယ်။ တခြား ဗီဒီယို တစ်ခုမှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလို့ ယူဆရတဲ့ အပြာရောင် PPE ဝတ်ဆင်ထားသူတွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ 

ညပိုင်းမှာ ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲကြောင့် အနားမှာရှိတဲ့ မြေအောက်ရထား ဘူတာကိုလည်း ယာယီ ပိတ်ခဲ့ရကြောင်း မြို့ရဲ့ သယ်ယူပို့ဆောင်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ဆန္ဒပြမှု နောက်ဆက်တွဲ အရေးယူမှုတွေ ဘယ်လိုရှိသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ 

ရှန်ကျန်းမှာ ဖူတီယန်၊ လောင်ဟူနဲ့ လောင်ဂန်တို့လို လူစည်ကားရာ မြို့နယ်ကြီးတွေက ကူးစက်မှုနှုန်း မြင့်မားရာ ဧရိယာ ၁၄ ခုကို တင်းကျပ်တဲ့ Lockdown အမိန့်တွေ ထုတ်ပြန်ပြီး အာဏာပိုင်တွေက အသွားအလာ ကန့်သတ်ထားပါတယ်။ နောက်ထပ် ရပ်ကွက် ၁၅ ခုလောက်ကလည်း ဒုတိယအဆင့် အသွားအလာ ကန့်သတ်မှုတွေ ကြုံနေရပြီး ဒေသခံတွေကလွဲလို့ အပြင်လူ ဝင်ခွင့်မပေးဘဲ တားမြစ်ထားပါတယ်။   

ဟောင်ကောင်နဲ့ ထိစပ်နေပြီး နည်းပညာ ကုမ္ပဏီ အများအပြား အခြေစိုက်ရာ ရှန်ကျန်းမှာ ကိုဗစ်ကူးစက်နှုန်း ပြန်လည် မြင့်တက်လာတဲ့အတွက် စက်တင်ဘာ လဆန်းလောက်ကစလို့ ကျောင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ စိတ်အပန်းဖြေရာ နေရာတွေကို ယာယီ ပိတ်ထားစေကြောင်း သိရပါတယ်။