လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြိမ်းခြောက်နေတဲ့ကြားက သပိတ်မပျက်ခဲ့တဲ့ ကလေးမြို့ကပြည်သူတွေ

Photo – CJ

ကလေးမြို့တဝိုက်မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာတွေရှိပေမယ့် မြို့ခံပြည်သူတွေပါ ဝင်တဲ့ ကလေးပင်မသပိတ်စစ်ကြောင်းကတော့ ပျက်ရက်မရှိဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ ကုလသမဂ္ဂအနေနဲ့ NUG နဲ့ ဦးကျော်မိုးထွန်းကို လက်ခံပြီး တရားမျှတမှု အတွက် ရပ်တည်ပေးဖို့ စက်တင်ဘာ (၂၇) ရက်မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြတာပါ။

နေ့စဉ်အင်အားအများအပြားနဲ့ သပိတ်စစ်ကြောင်းလှုပ်ရှားလေ့ရှိတဲ့ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိပြီး ဒီနေ့မနက်ပိုင်း ဆန္ဒပြပွဲအပြီးမှာလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဘယ်နေရာတွေကိုကျလဲတော့မသိဘူး။ သပိတ်လုပ်ခဲ့တဲ့နေရာဝန်းကျင်တွေကိုထုနေတာပဲသိသေးတယ်” လို့ ဆန္ဒထုတ်ဖော်ပွဲကနေ ပြန်လာတဲ့ ပြည်သူတစ်ဦးကပြောပါတယ်။

ကလေးသပိတ်စစ်ကြောင်းဟာ အခုလအတွင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ ဝိုင်းရံမှုနဲ့ မြို့နယ် အတွင်း နေရာအနှံ့မှာဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်ပွဲတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဟောပြောပွဲတွေအမြဲပါဝင်လေ့ရှိပြီး ကလေးမြို့ပင်မ သပိတ် ဟာ ပျက်ရက်မရှိ စစ်အာဏာရှင်ကိုဆန့်ကျင်လာတာ (၅၉၈) ရက်ရှိပြီဖြစ်ပါတယ်။