ဒုက္ခတွင်းထဲ ကိုယ့်ကိုယ်ကိုယ် ဆွဲချနေတဲ့ မြန်မာစစ်တပ်

Photo – Reuters

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရွေးကောက်ခံ အစိုးရ အဖွဲ့ကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့နောက် မြန်မာ စစ်အာဏာရှင်တွေရဲ့ အနေအထားက အတော်လေး ကျပ်တည်းပြီး ဒုက္ခတွင်းထဲ နစ်နေပုံ ပေါ်ပါတယ်။

 မြန်မာစစ်တပ်ဟာ သူတို့ရဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်မှုအောက်မှာပဲ ကျင်းပခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို ပယ်ချခဲ့တယ်။ တစ်နည်းအားဖြင့် စစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ခေတ်နောက်ပြန်ဆွဲလိုက်တဲ့ သဘောပါပဲ။ မြန်မာနိုင်ငံကို အချိန်ကြာညောင်းစွာ တိုက်ရိုက် အုပ်ချုပ်ခဲ့တဲ့ ကာလတွေ အလွန်မှာတော့ ဒီမိုကရေစီ ကူးပြောင်းမှုကို အကန့်အသတ်နဲ့ စတင်ဖို့ စစ်တပ်က ခွင့်ပြုပေးခဲ့တယ်။ နောက်တော့ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ အာဏာရလာပါတယ်။ အဲဒီ အချိန်ကစပြီး NLDနဲ့ စစ်တပ်တို့ဟာ မြန်မာနိုင်ငံရဲ့ စီမံအုပ်ချုပ်မှုအပိုင်းအတွက် ပူးတွဲ ဆောင်ရွက်ခဲ့ကြတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ စစ်အာဏာရှင်တွေအပေါ် အတတ်နိုင်ဆုံး သည်းခံခဲ့ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှာတောင် စစ်တပ်ရဲ့ လူမဆန်မှု၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်လို့ သွားရောက် ခုခံ လျှောက်လဲပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပြီးမှာတော့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ NLDကြားက ဆက်ဆံရေးဟာ လုံးဝ ပြောင်းလဲသွားပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တာအတွင်း မြန်မာနိုင်ငံမှာ တည်ဆောက်လာနိုင်တဲ့ အောင်မြင်မှုတွေ အားလုံးဟာ စစ်တပ်က အာဏာချုပ်ကိုင်လိုက်ချိန်ကစလို့ အရာရာ ယိုယွင်း ပျက်စီးလာပါတော့တယ်။

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းယူလိုက်ချိန် ကတည်းက စစ်ကောင်စီဟာ နိုင်ငံရေးရော၊ စစ်ရေး ကဏ္ဍတွေမှာပါ ပြင်းထန်တဲ့ ခုခံတွန်းလှန်မှုတွေကို ကြုံလာရပါတယ်။ နိုင်ငံရေး မျက်နှာစာကို ကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)ကို စစ်ကောင်စီ ဗိုလ်ချုပ်တွေ မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ ရွေးကောက်ခံ ကိုယ်စားလှယ် အများစု စုစည်းထားပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)လို့ ခေါ်တွင်တဲ့ အစိုးရ တစ်ရပ်က စစ်ကောင်စီကို စိန်ခေါ်ဖို့အတွက် ဖွဲ့စည်းလာနိုင်တယ်။ ခေတ်သစ် မြန်မာနိုင်ငံ သမိုင်းမှာတော့ ဒီလို အခြေအနေမျိုးဟာ ပထမဆုံးလို့ ဆိုနိုင်ပါတယ်။

 အစပိုင်း နေ့ရက်တွေမှာတော့ NUGဟာ နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိဖို့ အတော်ကြီး ရုန်းကန်ခဲ့ရတယ်။ ဒါပေမဲ့ အခုဆိုရင် ကွဲပြားတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ တော်တော်များများက NUGရဲ့ ရပ်တည်မှုကို လက်ခံလာကြပါပြီ။ ဥရောပ သမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေဟာ မြန်မာ့ အနာဂတ်နဲ့ ပတ်သက်ရင် NUGရဲ့ အခန်းကဏ္ဍကို အလေးပေး စဉ်းစားလာကြပါပြီ။ NUGရဲ့ စုစည်းမှုနဲ့အတူ စတင်ပေါ်ထွန်းလာပြီး NLD ခေါင်းဆောင်တွေနဲ့ အားပေး ထောက်ခံသူတွေပါ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)ကလည်း စစ်အာဏာရှင် လက်အောက်ခံ တပ်တွေကို အားကောင်းကောင်းနဲ့ တုံ့ပြန် ရင်ဆိုင်လာနိုင်ခဲ့ပါတယ်။

 တခြားမျက်နှာစာ တစ်ခုကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေကို ဆယ်စုနှစ်တွေနဲ့ချီ ကြုံတွေ့ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေရဲ့ ဆန့်ကျင် တော်လှန်မှုကို ကာလရှည်ကြာ ရင်ဆိုင်နေခဲ့ရပါတယ်။ စိတ်ဝင်စားစရာ အခြေအနေကတော့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေက NUGကို အားပေးထောက်ခံမှု ပြသလာကြတာ ဖြစ်ပါတယ်။ တချို့ တိုင်းရင်းသား အဖွဲ့အစည်းတွေဆိုရင် NUGရဲ့ စုဖွဲ့မှုမှာတောင် ပူးပေါင်း ပါဝင်နေပါပြီ။

တစ်ချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကလည်း သူတို့ရဲ့ စစ်အင်အားကို ဆက်ထိန်းသိမ်းထားပြီး အုပ်စိုးသူ စစ်အာဏာရှင်တွေကို ဆက်တွန်းလှန်နေကြတယ်။ ဒီအခြေအနေတွေကြောင့် စစ်ကောင်စီဟာ ပြည်တွင်းမှာ နိုင်ငံရေးအရ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ဖို့ အခက်ကြုံနေပါတယ်။ ဒါ့အပြင် သံတမန်ရေးရာ ရှုထောင့်က ကြည့်ရင်လည်း မြန်မာစစ်ကောင်စီဟာ ကမ္ဘာကြီးနဲ့ ပိုပြီး အဆက်ပြတ်၊ အထီးကျန်လာနေပြန်တယ်။

 ဒီတော့ စစ်ကောင်စီဟာ စစ်မျက်နှာ သုံးခုစလုံးနီးပါး အရှုံးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သံတမန်ရေး၊ နိုင်ငံရေးနဲ့ စစ်ရေး ကဏ္ဍအားလုံးမှာ အောက်စည်းရောက်နေတယ်။ စိတ်ဝင်စားစရာ တစ်ခုက စစ်ကောင်စီဟာ ဒီအခြေအနေကို ကုစားဖို့ ရက္ခိုင့်တပ် (AA)လို တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ ပြေလည်မှု ရရှိအောင် ကြိုးစားလာတယ်။ အစပိုင်းမှာတော့ AAက စစ်ကောင်စီနဲ့ ဆက်ဆံရေး သင့်မြတ်တဲ့ ပုံစံမျိုး ရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ မကြာသေးခင် ရက်ပိုင်းတွေအတွင်း AAက ရခိုင်ပြည်နယ်ကို ထိန်းချုပ်ဖို့၊ ကိုယ်ပိုင် အုပ်ချုပ်နိုင်စွမ်းကို မြှင့်တင်ဖို့ သူတို့ရဲ့ မဟာဗျူဟာ အစီအမံတွေကို အကောင်အထည် ဖော်လာပါတယ်။ AAက စစ်ကောင်စီအပေါ် ရန်လိုတဲ့ သဘောထားတွေ ပိုမို ပြသလာပြီး စစ်တပ်ဖက်ကလည်း AAကို အဓိက ရန်ဘက် အင်အားစု တစ်ခုအဖြစ် ရှုမြင်လာတယ်။ အခုနှစ်၊ ဩဂုတ်လလယ်ကစလို့ ရခိုင်ပြည်နယ်မှာ AAနဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေ ပြန်စတင်လာတယ်။

လက်ရှိ အခြေအနေအရ စစ်ကောင်စီ တပ်တွေဟာ ရခိုင်မှာ တော်တော်ကြီး ဒုက္ခရောက်နေတယ်။ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အပေါ် ဩဇာလွှမ်းမိုးနိုင်မှု လျော့ကျလာရုံသာ မကဘဲ ခြေကုပ်မြဲဖို့တောင် အတော် ရုန်းကန်နေရတယ်။ တပ်ဖွဲ့ဝင်တွေ ပြုန်းတီးတယ်၊ စစ်သားတွေ အတုံးအရုံးသေတယ်။ ပြီးတော့ စစ်ကောင်စီရဲ့ အခြေစိုက် စခန်းတွေကိုလည်း ဆက်တိုက် လက်လွှတ်နေရတယ်။ AAရဲ့ လက်သံပြောင်ပြောင် ထိုးစစ်ဆင်မှုတွေကြောင့် စစ်တပ်ဖက်က ထောက်ပို့နဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေမှာပါ သိသိသာသာ ဆုံးရှုံးမှုတွေ ကြုံလာတယ်။

 စစ်ကောင်စီဟာ မြန်မာပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေကိုလည်း ဆက်တိုက် ဖိနှိပ်နေဆဲ ဖြစ်ပါတယ်။ စည်းလွတ်ဘောင်လွတ် တိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေကိုလည်း စစ်တပ်က ကျူးလွန်နေတယ်။ AAကို အနိုင်တိုက်ဖို့အတွက် စစ်တပ်က သူတို့ တတ်နိုင်သမျှ အရင်းအမြစ် အားလုံးလိုလိုကို ထုတ်သုံးနေပေမယ့် မဟာဗျူဟာ ရှုထောင့်က ကြည့်ရင်တော့ စစ်တပ်က ဘာမှ များများစားစား အမြတ်မထွက်ခဲ့ဘူး။

မီဒီယာတွေမှာ ဖော်ပြမှုအရ မြန်မာနိုင်ငံ ဧရိယာ စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းသာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတော့ကြောင်း သိရပါတယ်။ ၅၂ ရာခိုင်နှုန်းက NUGရဲ့ နယ်မြေတွေ ဖြစ်နေပြီး ကျန်တဲ့ နယ်မြေတွေမှာတော့ နှစ်ဖက် အပြိုင်အဆိုင် ဖြစ်နေကြတုန်းလို့ ယူဆရပါတယ်။ ဒီအနေအထားတွေကို ကြည့်မယ်ဆိုရင် စစ်တပ်ဟာ ပြည်တွင်းမှာ သူတို့ရဲ့ ခြေကုပ်မြဲမြံမှုတွေကို တစ်စထက်တစ်စ လက်လွတ် ဆုံးရှုံးနေရတယ်လို့ အပ်ကျမတ်ကျ ပြောလို့ ရနေပါပြီ။ ရခိုင်မှာလည်း သူတို့ အနေအထားက အတော် အားနည်းနေပြီ။

နောက်ပြီး လက်နက်ကိုင် တော်လှန်ရေး အားကောင်းတဲ့ ဒေသတွေမှာလည်း စစ်တပ်ရဲ့ အခြေအနေက ခပ်ယဲ့ယဲ့လောက်ပဲ ကျန်တော့မှန်း လူတိုင်း သဘောပေါက်နေကြပါပြီ။ လူနည်းစု တိုင်းရင်းသားတွေအပြင် လူများစုလို့ ဆိုရမယ့် ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတွေရဲ့ အမြင်မှာတောင် စစ်တပ်အပေါ် လူကြိုက်များမှုက ဆိုးဆိုးရွားရွား ကျဆင်းသွားပါပြီ။ အခုဆိုရင် စစ်ဗိုလ်ချုပ်တွေဟာ သူတို့ရဲ့ အနာဂတ်၊ ဩဇာအာဏာနဲ့ စစ်တပ် ကြီးစိုးမှု ကဏ္ဍတွေအတွက် ပြန်သုံးသပ် စဉ်းစားနေရပါပြီ။ စစ်တပ် လွှမ်းမိုး ချုပ်ကိုင်မှုကို လျှော့ချမယ့် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး တောင်းဆိုမှုတွေက ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်က ငြင်းပယ်ခဲ့တဲ့ အဓိက အကြောင်းတရား တစ်ခုဆိုတာ အားလုံးလိုလို သဘောပေါက်ထားပြီးသား ဖြစ်ပါတယ်။ အခုတော့ စစ်တပ်ဟာ သူတို့ လုပ်ခဲ့တာတွေအတွက် အကျိုးဆက်တွေကို ပြန်ရင်ဆိုင်ရပါတော့မယ်။

 အဘက်ဘက်က ခြုံငုံသုံးသပ်ကြည့်ရင် မြန်မာ စစ်တပ်ဟာ အသာစီးရထားသမျှ အခြေအနေတွေကို ဆုံးရှုံးနေပြီ ဆိုတာကို ငြင်းလို့ မရပါဘူး။ ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေဟာ အဲဒီ အရှိတရားကို လက်မခံနိုင်သေးဘူး။ မြန်မာနိုင်ငံ ကပ်ဆိုက်မှာ၊ ကျရှုံးနိုင်ငံ ဖြစ်သွားမှာတွေကိုလည်း သူတို့ ဂရုမစိုက်ဘူး။ အဲဒီအစား ဒေသတစ်ခုလုံး မလုံခြုံမှုနဲ့ ဘေးအန္တရာယ်တွေ ဝဲဂယက်ထဲ ကျရောက်သွားခဲ့ရင်တောင် သူတို့ အာဏာမြဲရေးကိုပဲ ဦးစားပေးနေမှာ ဖြစ်ပါတယ်။ စစ်တပ်ဟာ ရိုဟင်ဂျာ အကျပ်အတည်းလို ဒေသတွင်း ပြဿနာတွေကိုလည်း ဖန်တီးခဲ့ပြီးပါပြီ။ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်မှုတွေကြောင့် ပြည်တွင်းမှာရော၊ ပြည်ပကိုပါ ထွက်ပြေး တိမ်းရှောင်ရသူ သန်းနဲ့ချီ များပြားခဲ့ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် အကြီးအကျယ် ဝန်ပိစေခဲ့ပါတယ်။

 အခုဆိုရင် စစ်ကောင်စီဟာ နယ်စပ်ကို ကျော်လွန်ပြီး ဘင်္ဂလားဒေ့ရှ်ဖက်ကို ရန်သွားစနေပြန်ပါပြီ။ စစ်တပ်ဟာ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်း ဆောင်ရွက်မှု မရှိပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ အာဆီယံ အဖွဲ့ရဲ့ စကားကိုတောင်မှ နားမထောင်ပါဘူး။ ဒါကြောင့် အာဆီယံကလည်း မြန်မာ စစ်ဗိုလ်ချုပ်တွေအပေါ် အရေးယူ တုံ့ပြန်မှုတချို့ကို အထိုက်အလျောက် ပြသလာတယ်။ အဖွဲ့ရဲ့ အစည်းအဝေးတွေ၊ ညီလာခံတွေမှာ စစ်ခေါင်းဆောင်တွေကို တက်ရောက်ခွင့် မပေးဖို့ အာဆီယံက ဆုံးဖြတ်ခဲ့ပါတယ်။

 နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြည့်ဝတဲ့ အစိုးရတစ်ရပ် ပေါ်ထွန်းလာနိုင်အောင် အဆင်ပြေ သင့်တော်မယ့် နိုင်ငံရေး ပတ်ဝန်းကျင်တစ်ခု ဖော်ဆောင်ရေး ကဏ္ဍတွေအတွက် စစ်ကောင်စီအပေါ် ပိုမိုပြီး ဖိအားပေးသင့်နေပြီ ဖြစ်ပါတယ်။

 စစ်ကောင်စီဟာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံပြီး အရပ်သား အစိုးရကိုသာ တိုင်းပြည်အုပ်ချုပ်ခွင့် အာဏာ ပြန်လည် အပ်နှင်းသင့်နေပါပြီ။ အိန္ဒိယနဲ့ တရုတ်တို့လို ဒေသတွင်း အင်အားကြီး နိုင်ငံတွေကလည်း စစ်ကောင်စီ အနေနဲ့ ကိုယ့်တာဝန် ကိုယ်ယူဖို့ ပိုမို ဖိအားပေးသင့်ပါတယ်။ ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ကဏ္ဍကို ထိန်းသိမ်းတဲ့ အနေနဲ့ အနောက် နိုင်ငံတွေကလည်း စစ်ကောင်စီအပေါ် ဖိအားတွေ ပိုမို တိုးမြှင့်ပေးရမှာ ဖြစ်ပါတယ်။

 (ဒါကာတက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေးဌာန ပရော်ဖက်ဆာ ဒယ်လ်ဝါ ဟော့ဆိန် ရေးသားပြီး Daily Star သတင်းဌာနတွင် ဖော်ပြထားသည့် Is the military junta losing its ground in Myanmar ဆောင်းပါးကို DNA က ဘာသာပြန်ဆိုသည်။)