စိန်ကျော်လှိုင်
မြသန်းတင့်ရဲ့ အညတြရုပ်ပုံလွှာများ ဝတ္ထုတိုပေါင်းချုပ်ကို On the road to Mandalay:tales of ordinary people အမည်နဲ့ ဥမ္မာခင်နဲ့ကျနော် အင်္ဂလိပ်ဘာသာ ပြန်ဆိုဖြစ်ပါတယ်။၁၉၉၅ မှာပါ။ ဒါပေမဲ့ ဆရာမြသန်းတင့် မကွယ်လွန်ခင် ဒီ အင်္ဂလိပ်ဘာသာပြန်စာအုပ်ကို
ဖတ်ခွင့်ရသွားပါတယ်။
ဥမ္မာခင်ဆိုတာ တစ်ချိန်က ရန်ကုန်ဗြိတိသျှသံရုံး သံအမတ်ကြီး Vicky Bowman ပါ။ဗစ်ကီ ဒုတိယအတွင်းဝန်ဘဝက မစန္ဒာရဲ့ ဝတ္ထုတိုလေးတွေ လက်တည့်စမ်း ဘာသာပြန်နေချိန်ဖြစ်ပါတယ်။ အဲဒီအချိန် ကျနော်က လန်ဒန်မှာပါ။ မကြာခင် ရာထူးတက်ပြီး ဗစ်ကီ လန်ဒန်
နိင်ငံခြားရေးရုံးကို ပြန် ရောက်ပါတယ်။
ကျနော်ကတော့ သူလည်း အသက်ငယ်ချိန် ပြန်နိုင်အားကောင်းချိန်မှာမြန်မာစာပေလောက အတွက်ကျန်ရစ်မဲ့ စာမျိုးပြန်ဖို့ တိုက်တွန်းပါတယ်။ဘယ်စာအုပ်ပြန်သင့်လဲ ကျနော့်ကိုမေးတဲ့အခါ ကျနော်အနေနဲ့ အဲသလို recommend လုပ်ဖို့မသင့်ပါ။ ရန်ကုန်က ဝါရင့်စာရေးဆရာ ဝေဖန်ရေး ဆရာကြီး ဆရာအောင်သင်းကိုမေးသင့်တယ်လို့ အကြံပြုပါတယ်။ ဒီမှာတင် ဆရာအောင်သင်းက မြသန်းတင့်ရဲ့
အညတြရုပ်ပုံလွှာများကို ဘာသာပြန်သင့်ကြောင်း အကြံပေးပါတယ်လို့ ဗစ်ကီက ပြောပါတယ်။
ကျနော်က ဗစ်ကီကို အကြံပေးပါတယ်။ ငါက ဒီစာအုပ်ကို မြန်မာပြည်မှာထဲကဖတ်ဖူးတယ်။ သူ့ဇာတ်ကောင်တွေရဲ့ အညာဒေသက အကြောင်းတွေလည်း အညာသားမို့ရင်းနှီးတယ်။ ဒါကြောင့် နင်သာ ရဲရဲဘာသာပြန်ပါ။ မသိတာ မရှင်းတာ ငါကူပြီး ရှင်းပြမယ်လို့ပြောပါတယ်။ ဒီအချိန်မှာ ဗစ်ကီ က ဘာသာပြန်မယ့် ဝတ္ထုတိုပေါင်းချုပ်စာအုပ်ရဲ့ executivesummary ရေးပြီး ဘန်ကောက်က ထုတ် ဝေသူကို ပို့လိုက်တယ်။ ထုတ်ဝေသူက သဘောကျပြီးစာမူအမြန်ပို့ပါ သူတို့ထုတ်မယ်လို့ အကြောင်း ပြန်ပါတယ်။
ဗစ်ကီက အဲဒီအချိန်မှာ လန်ဒန်နိင်ငံခြားရေးဝန်ကြီးဌာနမှာ ပထမအတွင်းဝန်ထင်ပါတယ်။ သံအမတ်ကြီး မဖြစ်သေးပါ။ ထုတ်ဝေသူက လောတော့ သူက ကျနော့်ကိုပြဿနာရှာပါတော့တယ်။ "စိန်ကျော်လှိုင် ငါတစ်ယောက်တည်းပြန်ရင် အချိန်မီမှာ မဟုတ်ဘူး။နင်နဲ့ငါနဲ့ တစ်ဝက်စီပြန်ကြမယ်" လို့ ပြောပါတယ်။ ကျနော်က ကိုယ့်အင်္ဂလိပ်စာ စိတ်မချလို့အကြောက်အကန် ငြင်းပါတယ်။နောက်ဆုံး ပြောမရမှ အေး ငါကူပြီးပြန်ပေးပါ့မယ်ငါနာမည်မထည့်ပါနဲ့လို့ တောင်းပန်တယ်။ မရဘူး။ သူတို့ အင်္ဂလိပ်က အတိအကျဘဲ။ကျနော့်လုပ်အားပါတဲ့အတွက် ကျနော့်နာမည် ထည့်ရမယ်…ဒါပဲ။ ဒီမှာတင် ဘာသာပြန်သူဥမ္မာခင်၊ စိန်ကျော်လှိုင် ဖြစ်လာတာပါ။
အတိုချုပ်ပြောရရင် တစ်ပတ်တစ်ခါ လန်ဒန်က ဗစ်ကီအိမ်မှာဆုံပီး သူပြန်တာ ကျနော်တည်းဖြတ်၊ ကျနော်ပြန်တာ သူကတည်းဖြတ် နှစ်ယောက်သား ငြင်းကြခုန်ကြ။ မြန်မာပြည်မြေပုံကြီး ချပြီး ဝတ္ထုထဲကရွာ လိုက်ရှာကြ။ ဗစ်ကီဟာ ဉာဏ်လည်း အင်မတန် ကောင်းပါတယ်။အင်မတန်လည်း စေ့စပ်ပါတယ်။ အဲဒါ ၂ လ ၃ လလောက်ကြာမှ ဘာသာပြန်လို့ ပြီးပါတယ်။သူနဲ့ကျနော် ရည်ရွယ်ချက်ချင်း မတူပါ။ ကျနော်က မြန်မာစာပေလောကအတွက်ဆရာမြသန်း တင့်ရဲ့ ဂန္ထဝင်မြောက်စာအုပ်ကို အင်္ဂလိပ်ဘာသာနဲ့ ကျန်စေချင်တယ်။ ကမ္ဘာကဆရာမြသန်းတင့် စာ တွေကို သိစေချင်တယ်။ သူက မြန်မာတွေ ဘယ်လိုဘာသာပြန်ရတယ်အင်္ဂလိပ်လို ဘာသာပြန်တဲ့အခါ ဘယ်လိုပြန်ရတယ်ဆိုတာ မြန်မာလူငယ်တွေအတွက်နမူနာကောင်း ဖြစ်စေချင်တယ်။ အတုယူစေချင် တယ်။ မြန်မာတွေအင်္ဂလိပ်စာတော်စေချင်တယ်။ ချီးကျူးစရာပါ။ ဒီအကြောင်းတွေ မြန်မာပြည်ပြန်ရောက်ရင် ဆရာမြသန်းတင့်ကိုအားရပါးရပြောပြမယ်လို့ အားခဲထားတာ။ မကြာပါဘူး။ ဆရာမြသန်းတင့် ဆုံးပြီဆိုတော့ကျနော်လည်း စိတ်ဓာတ်ကျသွားတယ်။ နောင်ကျတော့ ကျနော်တို့ အင်္ဂလိပ်ဘာသာပြန်ထားတဲ့ဆရာမြသန်းတင့်စာအုပ်ကို ချက်ဘာသာ အပါ အဝင် တခြားဘာသာများစွာ ပြန်ကြတယ်လို့ကြားပါတယ်။
ဗစ်ကီရဲ့ မြန်မာစာဆရာမတစ်ဦးဖြစ်တဲ့ အင်္ဂလိပ်အမည် အယ်နာအဲလော့မြန်မာကလောင် အမည် ဒေါ်ခင်ခင်ချောကို တစ်ခါမှာတော့ ကျနော် အကြံပေးတယ်။စာရေးဆရာနေဝင်းမြင့်ရဲ့ ဝတ္တုတို တွေကို ဘာသာပြန်သင့်တဲ့အကြောင်း။ နေဝင်းမြင့်ဟာမြန်မာမှုနိုင်ကြောင်း။ ဘဝသရုပ်ဖော် သရော်စာ တွေကောင်းကြောင်း ဘာညာသာရကာပေါ့။ကိုယ်လည်းကြိုက်၊ လူကြိုက်များတဲ့ စာရေးဆရာလည်း ဖြစ်သမို့လား။ နေဝင်းမြင့်ရဲ့တောအလှူဝတ္ထုတိုပေါင်းချုပ်ဆို ကျနော်အကြိုက်ဆုံး။ မန္တလေးတက္ကသိုလ်မြန်မာစာမဟာဝိဇ္ဇာတန်းမှာတောင် ပြဋ္ဌာန်းရတဲ့စာအုပ်။ပြဿနာက အယ်နာက နေဝင်းမြင့်ကို မကြားဘူးဘူး။ အဲဒီတော့ အယ်နာက တလွဲတွေးတယ်။ ကျနော်က နေဝင်းမြင့်သူငယ်ချင်းမို့ လှော်ပေးသလားပေါ့။ ကျနော်အတော်စိတ်မကောင်းဖြစ်သွား တယ်။ ကျနော်က ပြောတယ်။ နေဝင်းမြင့်ကို ဖြူသလားမည်းသလားတောင် မမြင်ဘူးပါ။ နောက်မှသာ အသားတော် သပိတ်ရောင်မှန်း ဗီဒီယိုကနေမြင်ဘူးတာ။ ခုထိလည်း မတွေ့ဘူးပါ။ ကျနော်လည်း မခံချင်တာနဲ့ နေဝင်းမြင့်ရဲ့ “နက်စ်ကော်ဖီ” ဝတ္ထုတိုကိုအင်္ဂလိပ်ဘာသာပြန်ပြီး နောက်ကွယ်ကအဓိပ္ပာယ်က ဘယ်လိုနိင်ငံရေးအဓိပ္ပာယ် ဘာညာဆိုပီးဝိတ္ထာချဲ့ပစ်လိုက်တယ်။ တကယ် က နေဝင်းမြင့် နက်စ်ကော်ဖီရေးတာ အဲဒီလိုအဓိပ္ပာယ်မျိုး ဟုတ်လား မဟုတ်လား ကျနော် မသိပါ။
ကျနော်တို့ တက္ကသိုလ်ရောက်စနှစ် ရန်ကုန် လမ်းမတော်မှာ စာပေဟောပြောပွဲလုပ်တယ်။ဆရာ မင်းကျော်က မောင်ထင်ရဲ့ ငဘကို နိင်ငံရေးအမြင်နဲ့ အကျယ်ချဲ့ဟောသွားတာပရိသတ်ကို ငေးယူရ တယ်။ သူပြီး ဆရာမောင်သော်က အလှည့်ရောက်တော့ ဆရာမင်းကျော်ကိုချီးကျူးပြီး “ကျနော် ထင် တယ် မူရင်းစာရေးဆရာ မောင်ထင်တောင် ငဘကို ရေးတာမင်းကျော်ပြောသလောက် ရည်ရွယ်ချက် ကြီးကြီး ရှိခဲ့မယ် မထင်ဘူး” ဆိုပီး အရွှန်းဖောက်တာသွားသတိရပါတယ်။
ကျနော့်ဘာသာပြန် နေဝင်းမြင့်ဝတ္ထုလည်းဖတ်ရရော အယ်နာအဲလော့ တစ်ခါတည်းနေဝင်းမြင့် ကို သဘောကျသွားတယ်။ ကျနော့်ကိုလည်း တောင်းပန်တယ်။ အထင်လွဲမိတာနဲ့ပတ်သက်လို့။တစ်ရက်တော့ အယ်နာက ကျနော်နဲ့ ဆရာ ဂျွန်အိုကယ်ကို ဖိတ်ပြီး လန်ဒန် SOASတက္ကသိုလ် မှာ နေ့လည်စာစာကျွေးပြီး မြန်မာစာပေအကြောင်း ပြောဖြစ်ကြပါတယ်။
နောင် ကျနော် အာအက်ဖ်အေအလုပ်နဲ့ ဝါရှင်တန်ရောက်တော့ တစ်ရက် ဗစ်ကီဆီကအီးမေးလ် ရတယ်။ သူ အကြမ်းဘာသာပြန်ထားတဲ့ နေဝင်းမြင့်ဝတ္ထုတိုတွေပို့ပြီး ကျနော့်ကိုတည်းဖြတ်ခိုင်းတယ်။ ၄-၅ ပုဒ် ရှိမလားပဲ။ အံ့လည်း အံသြ ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း။မြန်မာစာပေလောကအတွက် ဟန်ကျ ပြန်ပြီပေါ့။ ချက်ချင်းတည်းဖြတ်ပြီး ပြန်ပို့လိုက်ပါတယ်။ နောက်တော့ နေဝင်းမြင့်ဝတ္တု ဘာသာပြန် တွေ နိင်ငံခြားမဂ္ဂဇင်းတစ်ခုမှာ ဖော်ပြခံရပါတယ်။ကျနော်ဘာသာပြန်တဲ့ နက်စ်ကော်ဖီအပါအဝင်။ခုတော့ ကျနော် ဘာကြောင့် နေဝင်းမြင့်ထောက်ခံလည်း သူတို့အင်္ဂလိပ်တွေ သိသွားပြီ။အင်း နေဝင်းမြင့်ထောက်ခံရတာလည်း မလွယ်ပါ့လားလို့တောင် တွေးမိတယ်။ နေဝင်းမြင့်ဇာတိကုန်းဇောင်း က ဦးသန်းဆိုင်သွားပြီး ဆံပင်ညှပ်ချင်စိတ်တောင် ပေါက်တယ်။ဦးသန်းဆိုင်သွားဆံပင်ညှပ်ရင် ရောက် ရောက်ချင်း နားသယ်တစ်ခြမ်းကို စက်ကပ်ကြေးနဲ့ထိုးထိုင်ခိုင်းထားတာ အကြာကြီးတဲ့။ နားသယ် တစ်ခြမ်းကွက်ပီး စက်ကပ်ကြေးနဲ့ထိုးထားတော့
အိမ်လည်းပြန်လို့မရ။
ဒါတွေဟာ ဘဝတစ်ကွေ့ပြည်ပရောက်နေစဉ် မြန်မာစာပေလောကအတွက်အုတ်တစ်ချပ် သဲတစ်ပွင့် ကူညီဖြစ်ခဲ့တဲ့ အကြောင်းတွေပါ။ ခုတော့ ဗစ်ကီလည်း အသက် ၅၀ကျော်ပီ။ အလုပ်တွေ လည်း များနေပြီ။ ငယ်တုန်းကလို ဘာသာပြန်ဖို့ အချိန်ရမှာမဟုတ်တော့။ဆရာမကြီး အယ်နာအဲလော့ လည်း အသက်ကြီးပြီ။ အောက်စဖို့ဒ်မှာပဲ ထင်ပါရဲ့။ဆရာမကြီးလည်း သတိရပါတယ်။
သြော် ခုမှ သတိရတယ်။ ကျနော် လန်ဒန်မှာရှိနေတုန်း စာရေးဆရာမသီတာ(စမ်းချောင်း)က ထောင်ကျနေတယ်။ ကြည့်ရတာ မသီတာရေးတဲ့ ဝတ္ထုတိုတွေကိုဘာသာပြန်ဖို့ လန်ဒန်က အခြား မြန်မာတွေနဲ့ ဗစ်ကီ ကြိုးစားကြည့်ဟန်တူတယ်။ နောက်ဆုံးကျနော့်ကို အကူအညီတောင်းတယ်။ မြန်မာလိုတောင် သူ့စာတွေ မနည်းနားလည်အောင်ဖတ်ရတာ အင်္ဂလိပ်လိုပြန်ရတာ အတော်ခေါင်းစား တယ်။ကျနော်အင်္ဂလိပ်ဘာသာပြန်ထားတဲ့ (ဗစ်ကီတည်းဖြတ်ပြီး) မသီတာ (စမ်းချောင်း)ဝတ္ထုတိုတွေ ကို တစ်ချိန်က ဘီဘီစီအယ်ဒီတာ အစ်မကြီး ဒေါ်ကြည်ကြည်မေက (အင်္ဂလိပ်စာအရမ်းကောင်းပါ တယ်) ဖတ်ပြီး အသံသွင်း BBC Radio 4 (ထင်ပါတယ်) ကနေအင်္ဂလိပ်ဘာသာနဲ့ အသံလွှင့်ခဲ့ပါ တယ်။ ခင်မင်ရသော အစ်မကြီးဒေါ်ကြည်ကြည်မေကိုလည်းကျေးဇူးပါ။
အဲဒီတုန်းကများ မသီတာ (စမ်းချောင်း) စာ ဘာသာပြန်ရလေ မသီတာကို သည်လိုပဟေဠိ စာမျိုးရေးရမလား ဒေါသထွက်လေ။ မြသန်းတင့်စာ ဘာသာပြန်ရတာမသီတာဝတ္ထုတိုလောက် မခက်။ မြန်မာပြည်ရောက်မှ မသီတာကို ပြောပစ်မယ်ဆိုပြီး စိတ်ကကြိမ်းထားတယ်။ တကယ်တွေ့တော့ သူ ထောင်ထဲကအကြောင်းရေးတဲ့စာအုပ်ကကောင်းလွန်းလို့ ကြိမ်းရမှာ မေ့သွားပါတယ်။