
ကလေးမြို့အနောက်ပိုင်း တောင်ဇလပ်ရပ်ကွက်နဲ့ မြို့လှရွာကိုဆက်သွယ်ထားတဲ့ မြို့ရှောင်လမ်းပေါ်မှာ စက်တင်တင်ဘာ(၂၅) ရက်မနေ့က ညနေပိုင်းမှာ စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အသံကတော့ နီးလွန်းလို့ လက်နက်ကြီးကွဲတာလား မိုင်းလားမသိဘူး လန့်လန့်သွားတယ်” လို့ တိုက်ခိုက်မှု ဖြစ်နေစဥ် အနီးအနားဝန်းကျင်မှာရှိနေတဲ့ပြည်သူတစ်ဦးကပြောပါတယ်။
ပေါက်ကွဲသံတွေထွက်ပေါ်ပြီး မိနစ်ပိုင်းအကြာမှာပဲ မြို့လှရွာထဲမှာပါ ပစ်ခတ်သံတွေကြားရတယ်လို့ သူကဆိုပါတယ်။
မြို့ရှောင်လမ်းအတိုင်းလာတဲ့ ကားငါးစီးပါစစ်ကောင်စီယာဥ်တန်းကို PDF Kalay တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက် ခိုက်တာဖြစ်ပြီး ကားတစ်စီးမိုင်းထိမှန်ကာ ထိုးရပ်သွားခဲ့တယ်လို့ PDF ကလေးက ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မူအပြီးမှာ မိနစ်အနည်းငယ်ကြာအပြန်အလှန်ပစ်ခတ်မူဖြစ်ပွားခဲ့ပြီး PDF Kalay တပ်ဖွဲ့ဝင်တွေ အထိ အခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မူရှိနိုင်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်မှု နဲ့ ပတ်သက်ပြီး DNA အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ကလေးမြို့အနောက်ပိုင်းမှာ စစ်ကောင်စီယာဥ်တန်းတွေဟာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ မိုင်းဆွဲတိုက် ခိုက်မှု ကိုမကြာမကြာခံရလေ့ရှိပြီး အခုတိုက်ခိုက်ခံရမှုဟာ စက်တင်ဘာလအတွင်း လေးကြိမ် မြောက်မိုင်း ဆွဲ တိုက်ခိုက် ခံရတာဖြစ်ပါတယ်။
ကလေးမြို့မှာ ဒေသကာကွယ်ရေးတပ်တွေက သစ်ပင်မှာမိုင်းချိတ်တိုက်ခိုက်တဲ့နည်းနဲ့ စစ်ကောင်စီယာဉ်တန်း တွေကို တိုက်ခိုက်လေ့ရှိတဲ့နောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လမ်းဘေးသစ်ပင်တွေကို စစ်ကောင်စီက ခုတ်လှဲရှင်း လင်း စေခဲ့ပါသေးတယ်။