ထီးလင်းမှာ စစ်တပ်ကစစ်ကြောင်းထိုးလို့ တိမ်းရှောင်နေရတဲ့ သက်ကြီးအမျိုးသားတဦး ကြိုးဆွဲချသေဆုံး

Photo – CJ

စစ်ကိုင်းတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးလို့ တိမ်းရှောင်နေရတဲ့ အသက်(၇၈)နှစ်အရွယ် သက်ကြီး အမျိုးသားတဦးဟ ကြိုးဆွဲချသတ်သေခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ကြိုးဆွဲချ သတ်သေခဲ့သူဟာ ထီးလင်းမြို့၊ဆင်စွယ်ကျေးရွာက ဦးပြည်သိမ်းဆိုသူဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို စက်တင်ဘာ ၂၃ ရက် ညနေပိုင်းမှာ တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ YDF အဖွဲ့ဝင်တွေက သေဆုံးသူ ဦးပြည်သိမ်းရဲ့ ရုပ်အလောင်းကိုစစ် ဆေးရာမှာ မိမိကိုယ်ကိုယ် ကြိုးဆွဲချသတ်သေတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ YDF တွေက ထုတ်ပြန်ပါတယ်။

လူသေဆုံးမှုဖြစ်တဲ့ အဲ့ဒီနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းဟာ ထီးလင်းမြို့နယ်ထဲက ကံ သာရွာကိုမီးရှို့ဖျက်ဆီးခဲ့ပြီးစစ်ကြောင်းဆက်ထွက်တယ်ဆိုတာကြောင့် အနီးဝန်းကျင်ကျေးရွာတွေကပြည်သူတွေ လည်း ရွာကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။

အဲ့ဒီလို တိမ်းရှောင်နေကြချိန်အတွင်းမှာ အခုလို ဒေသခံတဦး ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ဖြစ်စဉ်ပေါ် ပေါက် ခဲ့တာပါ။ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေကို ဆက်သွယ်မေးမြန်းပေမယ့် လတ်တလော စစ်ရေးအခြေအနေကြောင့်ရှုပ်ထွေးနေလို့ အသေးစိတ် မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

ဦးပြည်သိမ်းရဲ့ရုပ်အလောင်းကို သက်ဆိုင်ရာမိသားစုဝင်တွေနဲ့အတူ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ YDF (ထီးလင်း)နဲ့ ရွာသူရွာသားတွေက ဆင်စွယ်ရွာသုသာန်မှာပဲ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။