အီဘရာဟီမိုဗစ်ရဲ့ ပွဲဦးထွက် သရုပ်ဆောင်ဘဝ ပုံရိပ်များ

Photo – ESPNFC Twitter

ဆွီဒင် ဂန္ထဝင် ဘောလုံးသမားကြီး ဇလာတန် အီဘရာဟီမိုဗစ်ဟာ သူ့ရဲ့ ရုပ်ရှင် သရုပ်ဆောင်ဘဝ ပွဲဦးထွက် ခြေလှမ်းသစ်ကို စတင်ဖွင့်လှစ်လိုက်ပါတယ်။ 

အီတလီ ချန်ပီယံ ဘောလုံးကလပ် အေစီမီလန်မှာ ကစားနေတဲ့ အသက် ၄၀ အရွယ် တိုက်စစ်မှူးကြီးဟာ အသစ်ထွက်ရှိမယ့် Asterix & Obelix: The Middle Kingdom ရုပ်ရှင်မှာ ဧည့်သည် သရုပ်ဆောင် သဘောမျိုး ပါဝင်ထားပါတယ်။ အီဘရာဟီမိုဗစ်က အဲဒီ ရုပ်ရှင်ထဲက Trailerအဖြစ် ထုတ်ပြမယ့် ပုံရိပ်တချို့ကို Twitterမှာ တင်ထားခဲ့ပါတယ်။ 

ပြင်သစ် ဂန္ထဝင် ဝတ္ထုတစ်ခုကို ပြန်လည်ရိုက်ကူး ပုံဖော်မယ့် ရုပ်ရှင်မှာ အီဘရာဟီမိုဗစ်ဟာ ရှေးခေတ် ရောမ တပ်မှူးတစ်ဦး အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အီဘရာဟီမိုဗစ် အနေနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကနေ အနားယူဖို့ နီးကပ်လာချိန်မှာ အနာဂတ်အတွက် ဘယ်လို အသက်မွေး အလုပ်ကို ဆက်ပြီး ရွေးချယ်မလဲဆိုတာ ဒီဇာတ်ကားက လှစ်ပြလိုက်သလိုပါပဲ။ သူ့လိုပဲ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားဖူးတဲ့ ပြင်သစ် အကျော်အမော် အဲရစ် ကန်တိုနာ ဆိုရင်လည်း ဘောလုံးသမား ဘဝက အနားယူပြီးတာနဲ့ သရုပ်ဆောင် လောကထဲ ခြေစုံပစ် ဝင်သွားခဲ့ဖူးပါတယ်။ 

အီဘရာဟီမိုဗစ်ဟာ ဘောလုံးပညာ ထူးချွန်ရုံသာ မကဘဲ တိုက်ကွမ်ဒို ကိုယ်ခံပညာမှာ ခါးပတ်နက် ရထားတဲ့ တိုက်ခိုက်ရေး ပညာရှင် တစ်ဦးလည်း ဖြစ်တာကြောင့် အက်ရှင် ဇာတ်ကားတွေမှာ သရုပ်ဆောင်ဖို့ ကြီးကြီးမားမား အခက်အခဲ မရှိနိုင်ပါဘူး။

သူ့ရဲ့ ပွဲဦးထွက် ဇာတ်ကားမှာဆိုရင် အော်စကာဆုရှင် မာရီယွန် ကော်တီလက်ဒ်နဲ့ Black Swan မင်းသား ဗင်းဆင့် ကက်ဆဲလ်တို့လို ဝါရင့်တွေကပါ ဝန်းရံပေးထားပါသေးတယ်။ အီဘရာဟီမိုဗစ်ရဲ့ သရုပ်ဆောင်ဘဝ အစပြုတဲ့ ပြင်သစ်စကားပြော ရုပ်ရှင်ဟာ လာမယ့်နှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ထွက်ရှိဖို့ စီစဉ်ထားပါတယ်။