မြန်မာသစ်ကို မြင်နိုင်ဖို့၊ မြန်မာဟောင်းဟာ ဘယ်က လာသလဲဆိုတာကို ရှင်းရှင်းလင်းလင်း တိတိ ကျကျ ပြတ်ပြတ်သားသား မြင်နိုင်ဖို့ လိုပါတယ်။ မြန်မာဟာ ဘယ်က လာသလဲ။ မြန်မာဟာ ဘယ်ကနေ ရောက် လာသလဲ။
သမိုင်းဆရာ ဒေါက်တာသန်းထွန်းဟာ – မြန်မာသမိုင်းအကျဉ်းကို၊ “မြန်မာ့ဓလေ့” ခေါင်းစဉ်နဲ့ စာတမ်း တစ်စောင်ရေးခဲ့ပါတယ်။ ဒီစာတမ်းမှာ – မြန်မာလူမျိုး ရွေ့လျားအခြေကျနေထိုင်ပုံကို ဖော်ပြပြီး မြန်မာတို့ရဲ့ ထင်ရှားတဲ့ ဓလေ့ ဖော်ပြပါတယ်။ ဒေါက်တာသန်းထွန်း တင်ပြခဲ့တဲ့ မြန်မာ့သမိုင်းက ထူးခြားတဲ့ အချက်တွေလို့ ပြောရင်၊ အနှစ်ချုပ်မှာ အခုလို ထွက်တယ်။
- (၁) ဗုဒ္ဓသာသနာကို ထိပ်တန်းထား၍ စဉ်းစားဆောင်ရွက်လေ့ရှိ (Religion and Politics)
- (၂) တရုတ်ဘက်မှ ဓလေ့များစွာကို ယနေ့တိုင် ဆက်လက် အသုံးပြုနေ (Chinese Culture)
- (၃) ခေတ်သစ်မြန်မာနိုင်ငံထူထောင်ရာတွင် ဥရောပဓလေ့ကို ယူငင်အသုံးပြုလျက်ရှိ (Western Philosophy)
- (၄) အစဉ်အလာဓလေ့ကို တတ်နိုင်သလောက် ထိန်းရန် ကြိုးစား (Conservative Mindset)
- (၅) တောနေလူတို့၏ လယ်သမားနိုင်ငံ (Land and Man)
- (၆) ဗမာအများစု / ဗမာဓလေ့က ထင်ရှား / အမျိုးအလိုက် ယုံကြည်မှုအလိုက်
အုပ်စုဓလေ့များ ယှဉ်ပြိုင်ထွန်းကား (Group Think and Majority)
ဘာသာရေးနဲ့ နိုင်ငံရေး
မြန်မာ့ဓလေ့ကို ကြည့်ရင် ဗုဒ္ဓဘာသာယဉ်ကျေးမှုလွှမ်းမိုးတာတွေ့ရပါတယ်။ ပဒေသရာဇ်စနစ်တုန်းက တွေ့ရတဲ့၊ ဘာသာရေးနဲ့ နိုင်ငံရေး အပြန်အလှန် အမှီသဟဲ ဖြစ်မှုကိုလည်း ယခုတိုင် ထင်ရှားစွာ တွေ့ရပါတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းမှာ ဆရာ – ဒကာ ဆက်ဆံရေးဖြစ်ထွန်းမှုကို ကျယ်ကျယ်ပြန့်ပြန့် တွေ့နိုင်ပါတယ်။ အပြန် အလှန် အမှီသဟဲပြုပြီး ကျွန်း ကိုင်း မှီ ၊ ကိုင်း ကျွန်း မှီ ရှင်သန်ရပ်တည်တဲ့ ဓလေ့အထုံကိုလည်း တွေ့ရ တယ်။ မြန်မာတို့ရဲ့ အမူအကျင့်မှာ – တစ်ယောက်ကို တစ်ယောက် သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက် နိုင်ဖို့ ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ – လိုက်လျောညီထွေ ပေါင်းသင်းတဲ့ဓလေ့အကျင့်ကိုလည်း တွေ့ နိုင်ပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ လူထုရဲ့ နာမ်ပိုင်းဆိုင်ရာကို လွှမ်းမိုး ပြီး ဩဇာသက်ရောက်တာကို တွေ့ရပါတယ်။ မြန်မာတို့ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ဒေသ (ယခု အခေါ် ) ပြည်မ ကို မရောက်ခင်ကတည်းက ပျူတို့ အခြေကျနေထိုင်နေပြီးပါပြီ။ ပျူတွေဟာလည်း အိန္ဒိယသာသနာပြုတွေ ကြောင့်၊ ဗြာဟ္မဏသာသနာနဲ့ ဗုဒ္ဓသာသနာကို ခံယူနေပြီးပါပြီ။ နောက်မှ ပျူနဲ့ မြန်မာရောသွားပြီး မြန်မာတို့ဟာ မွန်ဆီက ရတဲ့ ယဉ်ကျေးမှုတွေနဲ့ ယဉ်ကျေးမှုသစ် ထပ်တိုး တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။ စာရေးခြင်း အတတ်ကိုလည်း မွန်တွေကနေ တစ်ဆင့် အိန္ဒိယရဲ့ ဗြာဟ္မီအက္ခရာကို သုံးပြီး ယူတာတွေ့ရတယ်။ စာပေနဲ့ ကိုးကွယ်ယုံကြည်မှုမှာ – အိန္ဒိယ မဇ္ဈိမဒေသက လာတဲ့ ဗုဒ္ဓယဉ်ကျေးမှုရပ်ဝန်းကနေ လာတာကို တွေ့ရတယ်။ ပုဂံ မတည်ထောင်ခင်ကတည်းက —
ဘာသာရေးယဉ်ကျေးမှုဟာ စောပြီး ရောက်နှင့်နေပြီ။ ပုဂံတည်ထောင်တဲ့ အခါမှာလည်း၊ အမြစ်တွယ် သလို စွဲမြဲနေတဲ့ ဓလေ့တွေကို ပြုပြင်ပြီး တိုင်းပြည်တည်ဆောက်ခဲ့တာကို တွေ့ရ တယ်။ အဲသည့်အထဲမှာ – လူမှုပြုပြင်ပြောင်းလဲရေးကို လုပ်ဖို့ ထေရဝါဒဗုဒ္ဓဘာသာကို သုံးပြီး ဘာသာရေးနဲ့ နိုင်ငံရေး ပူးတွဲယှဉ်ဖက်ခဲ့တာ ကို ပဒေသရာဇ်ခေတ်ဦးကာလကတည်းက တွေ့နိုင်တယ်။
အုပ်စုဓလေ့
မြန်မာ့ဓလေ့ကို လေ့လာကြည့်ရင် အုပ်စုဓလေ့ အပြိုင်ထွန်းကားတာကို တွေ့ရတယ်။ ကိုလိုနီခေတ် ရောက်မှ ကုန်းလမ်းရေလမ်း ဆက်သွယ်ရေးဟာ ပိုလို့ အဆင်ပြေချောမွေ့လာခဲ့တယ်။ ပဒေသရာဇ်ခေတ်တွေမှာ လမ်းပန်း ဆက်သွယ်ရေးကောင်း မရှိလို့ သီးခြားပထဝီအခြေအနေတွေအတိုင်း အုပ်စုမျိုးကွဲတွေ ဖြစ်ထွန်းတာ ကို တွေ့ရ တယ်။ အဆက်အသွယ် အသွားအလာ အားနည်းမှုဟာ – မြန်မာတွေအတွင်းမှာ အုပ်စုဓလေ့ထွန်းကား အောင် ကျေးဇူးပြုသလို ဖြစ်နေတယ်။
ဒေါက်တာသန်းထွန်းက မြန်မာ့ဓလေ့စာတမ်းမှာ အခုလို ရေးသားပါတယ်။
- ဗမာတို့မှာ အများစုဖြစ်၍၊ ဗမာ့ဓလေ့မှာ အထူးထင်ရှားသော်လည်း အမျိုးအလိုက်၊ ယုံကြည်မှု အလိုက် အုပ်စုဓလေ့များမှာလည်း ယှဉ်ပြိုင်ထွန်းကားလျက်ပင် ရှိပါသည်။
(သန်းထွန်း၊ မြန်မာ့ဓလေ့၊ ၁၉၈၅ ဧပြီ ၂၃)
မြန်မာတွေမှာ ဘာသာရေးအရ၊ လူမျိုးရေးအရ၊ အယူဝါဒအလိုက် အုပ်စုဓလေ့တွေ အပြိုင်ထွန်းကား တယ်လို့ ပြောနိုင်ပါတယ်။ ပထဝီအရ အရံအတား အကာအဆီး ရှိနေခြင်းကလည်း လူမျိုးနွယ်တွေကို သီးခြားစီ ဖြစ်အောင် ပိုင်းခြားထားသလို ဖြစ်နေတာတွေ့ရပါတယ်။ မြန်မာပြည်ဟာ ၁၉၄၈ ခုနှစ်ကနေ စပြီး လွတ်လပ် သော ခေတ်သစ်နိုင်ငံအဖြစ် တည်ရှိလာပေမယ့်၊ အုပ်စုအားကြီးတဲ့ ဗမာဓလေ့ကို ပြေပြစ်အောင် မလုပ်နိုင်သလို အများစုကြီးစိုးတဲ့ ဗမာဓလေ့ကလည်း လူမျိုးစုငယ်တွေနဲ့ လွှမ်းခြုံဝိသေသအဖြစ် မတည်ဆောက်နိုင်တာကို တွေ့ရပါတယ်။ မြန်မာတွေမှာ အုပ်စုဓလေ့နဲ့ ဂိုဏ်းဂဏစွဲအားကြီးမှု၊ လူမျိုးစွဲ အားကြီးမှု၊ အယူဝါဒအပေါ် တရား သေ ဆုပ်ကိုင်လက်ခံထားမှုတွေဟာ တွဲလျက် တည်ရှိနေတာကို တွေ့နိုင်တယ်။
ရှေးရိုးစွဲဉာဉ်
မြန်မာတို့မှာ – အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ မူရင်း အစွဲလည်း ရှိနေပြန်ပါတယ်။ ပြောင်းတာ ပြင်တာမျိုးကို အလို မရှိဘဲ တည်ဆဲအနေအထားအတိုင်း “ပိုနေမြဲ ကျားနေမြဲ” ဖြစ်နေဖို့ကို လိုလား ကြတာတွေ့ရတယ်။ အိန္ဒိယယဉ်ကျေးမှုက လာတဲ့ ဗြဟ္မဏသာသနာရဲ့ အကြွင်းအကျန် ဓလေ့လည်း ရှိနေတာ ကြောင့်၊ အယူသီးမှုကလည်း ရှိနေပြန်ပါတယ်။ အယူသီးမှုကို – အသိဉာဏ်နည်းပါးခြင်းနဲ့ အကြောက်တရားက ဆက်လက်သယ်ဆောင်ပေးနေပါတယ်။ “လေ့စရိုက်ရဲ့သဘောဟာ – ခေတ်ပြောင်းစနစ်ပြောင်းအတွက် အထောက်အပံ့ သဘောမျိုးဖြစ်တတ်သလို၊ အဟန့်အတား အကာအဆီးလည်း ဖြစ်နေတတ်ပြန်ပါတယ်။ ဓလေ့ ထုံးစံဆိုတာဟာ ဆုပ်ကိုင်ပြလို့ မရပေမဲ့ ထင်တာထက် ပိုပြီး စွဲမြဲခိုင်မာတတ်တဲ့ သဘောရှိတာကိုလည်း တွေ့ရ ပါ တယ်။ မြန်မာတို့ရဲ့ ရှေးရိုးစွဲဉာဉ်ဟာ – မြန်မာသစ်တည်ဆောက်ရေးမှာ ပြန်လည်ပုံဖော်တည်ဆောက်ရမယ့် အဓိကအချက်တွေထဲက တစ်ခု ဖြစ်နေပါတယ်။
မြန်မာ / ဗမာ ဓလေ့
ခေတ်သစ်မြန်မာ့ဓလေ့ကို ကြည့်ရင်၊ အုပ်စုအားကြီးတဲ့ ဗမာတွေထဲမှာ အခုလို တွေ့နိုင်ပါတယ်။
- အရှင်နှစ်ပါးပါတော်မူသည်ကို လွမ်းနေသည့် ဗမာများ
- စာဖတ်ဝါသနာပါသူတိုင်း အလိုလိုနေရင်း ကွန်မြူနစ်ဖြစ်သွားရိုးထုံးစံ ရှိသည့် ဗမာများ
- သခင်မျိုးဟေ့ တို့ဗမာ အစွဲကြီးသူ ဝံသာနုဗမာကြီးများ
- အဘိဓမ္မာကို ခံတွင်းလိုက်သည့် ဗမာများ
- နှစ်ယောက်ရှိလျှင် သုံးဖွဲ့ ကွဲသည့် ဗမာများ
- ကိုယ့်ကကျူး ကိုယ့်ဒူးကိုတောင် မယုံသည့် ဗမာများ
- စစ်ဓလေ့ကဲသည့် ဗမာများ
- ဗုဒ္ဓဘုရားကိုတောင် ငါတို့ ဘုရားကွ ဆိုပြီး ဘုရားစွဲ စွဲသည့် ဗမာများ
အမျိုးသားရေးဝါဒအစွဲအားကြီးတဲ့ ဗမာတွေထဲမှာ ဘုန်းကြီးတွေက ထိပ်ဆုံးကပါဝင်ပါတယ်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ နေထိုင်တဲ့ ဗမာတွေကို အမျိုးသားစိတ်ထက်သန်အောင် ပထမဆုံး နှိုးဆော်သူတွေဟာ ဘုန်းကြီး တွေဖြစ်ပါတယ်။ ပါတော်မူပြီးကာလမှာ၊ ဆီးဘန်နီဆရာတော်ရဲ့ “သေသော်မှတည့်… ဪ… ကောင်း ၏” ကဗျာဟာ၊ မြန်မာ့ဓလေ့မှာ အထူး ထင်ရှားပါတယ်။ အမျိုးသားရေးစိတ်အခံကို ဘာသာရေးနည်းနဲ့ နှိုးဆွခံရ မှုကို မြန်မာ့လူ့အဖွဲ့အစည်းက ကြုံရပါတယ်။
ထို့နောက် တော်လှန်သောဒဿနအဖြစ် လက်ဝဲဩဇာအားကြီးပါတယ်။ သခင်ဘွဲ့ခံသူ၊ တို့ဗမာအစည်း အရုံးဝင် လူငယ်မျိုးချစ်နိုင်ငံရေးသမားတွေကနေ ဦးဆောင်လိုက်တဲ့ နဂါးနီစာပေအသင်းဟာ — မြန်မာ့လူ့အဖွဲ့ အစည်း အတွင်းမှာ တော်လှန်သောဒဿနဖြစ်ထွန်းအောင် လှုံ့ဆော်သွတ်သွင်းမှု အားကောင်းခဲ့ပါတယ်။ ၎င်းရဲ့ အကျိုးဆက်ဟာ အစွန်းရောက်ဓလေ့နဲ့ တယူသန် – တရားသေအယူအဆကို ပြန်လည် ကျေးဇူးပြုပြန်ပါတယ်။ တစ်ဖက်မှာလည်း အုပ်စုဓလေ့ အပြိုင်ဖြစ်ထွန်းမှုကို၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု၊ သူရဲကောင်း ကိုးကွယ်မှုတွေဟာ ပူးပေါင်းကျေးဇူးပြုပြန်တာတွေ့ရပါတယ်။ ဒီလိုနဲ့ ဂိုဏ်းဂဏ အကွဲအပြဲဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ သမိုင်းစဉ်တစ်လျှောက်လုံး ပုံစံအမျိုးမျိုးနဲ့ တွေ့ခဲ့ရပါတယ်။
အယူဝါဒနဲ့ ပုဂ္ဂိုလ်အပေါ် အစွဲအလမ်းအားကြီးတာကြောင့် ဘာသာရေးမှာတောင် ဓမ္မက ရှေ့မရောက်၊ ရုပ်တုက ရှေ့ရောက်နေတာတွေ့ရပါတယ်။ ဒါ့ကြောင့်လည်း မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက — မြန်မာတို့ ကို ကြည့်ရင် ၊ “ဘုရားကို ဆင်းတုကွယ်နေတယ်၊ တရားကို ပိဋကတ်ကွယ်နေတယ်၊ သံဃာကို ဘုန်းကြီးကွယ်နေတယ်” လို့ မိန့်ကြားခဲ့တာဖြစ်ပါလိမ့်မယ်။ အနှစ်သာရထက် အပြင်ပကာသနအပေါ်မှာ ရစ်မူး တိမ်းညွှတ်မှု ရှိတဲ့ မြန်မာ့ဓလေ့ကို သတိချပ်နိုင်ပါတယ်။
နိဂုံးချုပ်
မြန်မာသစ်ကို တည်ဆောက်တဲ့အခါမှာ၊ မြန်မာဟောင်းရဲ့ ဓလေ့ဟာ ဘယ်လို သဘောသဘာဝမျိုး ရှိသလဲ ဆိုတာ နှိုက်နှိုက်ချွတ်ချွတ် ဆန်းစစ်လေ့လာရမယ့်အရာ ဖြစ်ပါတယ်။ မြန်မာ့ဓလေ့ဟောင်းကို မြန်မာဓလေ့သစ်နဲ့ အစား မထိုးနိုင်ရင် — အစိုးရအပြောင်းအလဲ ဖြစ်ကောင်းဖြစ်မယ်၊ လူ့အဖွဲ့အစည်း အပြောင်းအလဲ မဖြစ်ဘူး။ လူ့အဖွဲ့ အစည်း အပြောင်းအလဲဖြစ်ဖို့အတွက်ဆိုရင် အတွေးအခေါ် ပြောင်းလဲရေးနဲ့ အမူအကျင့် အပြောင်းလဲရေးဟာ အခရာကျတယ်။ အတွေးအခေါ်နဲ့ အမူအကျင့် ပြောင်းလဲရေးဟာ — အမြင်ပြောင်းလဲရေးမှာ လာဆုံနေတယ်။ အမြင်ပြောင်းလဲရေးအတွက် ပညာရေးအပြောင်းအလဲဖြစ်မှ ဖြစ်နိုင် မယ်။
ပညာရေးအပြောင်းအလဲအတွက်၊ ယဉ်ကျေးမှုဓလေ့သစ်ကို ဖိတ်ခေါ်ကမ်းလှမ်းတတ်တဲ့ စရိုက်အထုံ ရှိ ရလိမ့်မယ်။ အသစ်ကို ကြောက်နေရင် အဟောင်းမှာပဲ ဖက်တွယ်နေလိမ့်မယ်။ အဟောင်းမှာ နေသားကျနေရင်၊ လူသစ်တွေက အမှားဟောင်းတွေကို ထပ်လုပ်အုံးမှာပါပဲ။ အဟောင်းမှာ ကျောက်ချနေရင် လူသစ်တွေက အမှားဟောင်းတွေ ထပ်ကျူးလွန်နေအုံးမှာ ပါပဲ။ ဒီလိုဆိုရင် အဆိုးကျော့သံသရာ လည်နေအုံးမယ် …. မုချ။
မင်းသေ့
ည ၁၀း ၅၀
၂၅ ၊ ဩဂုတ်၊ ၂၀၂၂။