အမှိုက်တွေ ပြန်သိမ်းပေးသွားကြတဲ့ ဝေးလ်စ်ပရိသတ်ကို ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့ ချီးကျူး 

Photo- Twitter

ဘောလုံးပွဲ အားပေးပြီးတဲ့နောက် အမှိုက်တွေ စနစ်တကျ ပြန်သိမ်းပေးခဲ့တဲ့ ဝေးလ်စ် ပရိသတ်တွေကို ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့နဲ့ ဘရပ်ဆဲလ် မြို့တော်ဝန်တို့က ချီးကျူးခဲ့ကြပါတယ်။

အခု သီတင်းပတ်အတွင်း ဘယ်လ်ဂျီယမ် နိုင်ငံရဲ့ မြို့တော်မှာ ယှဉ်ပြိုင်တဲ့ ဥရောပ နိုင်ငံများ အမှတ်ပေး ပွဲစဉ်မှာ အိမ်ရှင်တွေက ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ အဝေးကွင်းထိ လိုက်ပါ အားပေးတဲ့ ဝေးလ်စ် ပရိသတ်ဟာ ရလဒ်အပေါ် စိတ်ပျက်ခဲ့ပေမယ့် သူတို့ရဲ့ နိုင်ငံကြီးသား ပီသမှုကိုတော့ အကောင်းဆုံး ပြသခဲ့ပါတယ်။

ဝေးလ်စ်ပရိသတ်တွေဟာ ဘောလုံးပွဲ အကြို ဘရပ်ဆဲလ်မြို့မှာ စုဝေးရင်း ဖွထားခဲ့မိတဲ့ အမှိုက်တချို့ကို ပြောင်စင်သွားတဲ့အထိ ကိုယ်တိုင်ကိုယ်ကျ ပြန်သိမ်းပေးခဲ့ကြပါတယ်။ ဒါကြောင့် ဝေးလ်စ်ပရိသတ်တွေ နာရီပေါင်းများစွာ စုဝေးခဲ့တဲ့ နေရာဟာ သူတို့ ပြန်သွားချိန်မှာ သပ်ရပ်လှပပြီး ကျန်နေခဲ့ပါတယ်။

ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့က ဝေးလ်စ်ပရိသတ်တွေ တက်ညီလက်ညီ လုပ်အားပေးပြီး သန့်ရှင်းရေး လုပ်နေတဲ့ ဓာတ်ပုံတွေကို Twitterမှာ တင်ခဲ့ပြီး ဒီလို လှပတဲ့ အပြုအမူ တစ်ခုအတွက် ကျေးဇူးတင်ကြောင်း ရေးသား ဂုဏ်ပြုထားပါတယ်။ ဘရပ်ဆဲလ် မြို့တော်ဝန် ဖိလစ်ကလိုဆီကလည်း ဝေးလ်စ်ပရိသတ်တွေရဲ့ လုပ်ရပ်အပေါ် အလေးပြုလိုက်ပြီး လူတိုင်း အတုယူသင့်တဲ့ အပြုအမူမျိုးလို့ Twitterမှာ ရေးသားထားပါတယ်။

အဲဒီပွဲစဉ်မှာ ဝေးလ်စ် ကစားသမားတွေဟာ စိတ်ဓာတ်ကောင်းကောင်းနဲ့ ကြိုးစား ယှဉ်ပြိုင်ခဲ့ပေမယ့် ဘယ်လ်ဂျီယမ် ကွင်းလယ်ဖန်တီးရှင် ကီဗင်ဒီဘရိုင်းရဲ့ အကောင်းဆုံး ခြေစွမ်းပြမှုကို မဟန့်တားနိုင်ဘဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

Ref: The Sun