ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားကို မထောက်ခံဖို့ တရုတ်ကို အမေရိကန် သတိပေး 

Photo- Bloomberg

 

ယူကရိန်း စစ်ပွဲမှာ ရုရှားကို အားပေး ရပ်တည်နေတာတွေနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရက တရုတ်ကို အတိအလင်း သတိပေးခဲ့ကြောင်း သိရပါတယ်။

အမေရိကန်နဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံချိန်မှာ အန်တိုနီ ဘလင်ကန်က ရုရှားကို ထောက်ခံ အားပေးလို့ ကြုံလာမယ့် အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး စဉ်းစားဖို့ ဝမ်ယိကို ပြောကြားခဲ့တာပါ။ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ကုလသမဂ္ဂ ညီလာခံ တက်ရောက်ရင်း သီးခြား အစီအစဉ် အနေနဲ့ တွေ့ဆုံခဲ့ကြတာပါ။

တရုတ်ဟာ ရုရှားနဲ့ ဆက်ဆံရေးကို ပိုမို တိုးမြှင့်လာပေမယ့် သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ယူကရိန်းအပေါ် ကျူးကျော်တဲ့ စစ်ပွဲကိုတော့ တိုက်ရိုက်ကျကျ ထောက်ခံတာမျိုး မရှိပါဘူး။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ စစ်ပွဲကို အကြောင်းပြုပြီး ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေပါတယ်။

ဘလင်ကန်က အမေရိကန်ဟာ ရုရှားရဲ့ ကျူးကျော်စစ်အပေါ် အပြင်းအထန် ရှုတ်ချတယ်ဆိုတဲ့ ဝမ်ယိကို ထပ်မံ အသိပေးခဲ့ကြောင်း၊ တရုတ် အနေနဲ့လည်း ရုရှားရဲ့ ကျူးကျော်စစ်ကို အားပေး ထောက်ခံတာမျိုး မလုပ်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နက်ဒ်ပရိုက်စ်က ပြောပါတယ်။ ​ဝန်ကြီး နှစ်ဦးဟာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ပရိုက်စ်က ဆိုပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ် ရေလက်ကြား ဒေသရဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ဖို့ လေးလေးနက်နက် ရည်မှန်းထားတယ်လို့ ဘလင်ကန်က ဝမ်ယိကို အာမခံခဲ့ကြောင်း ပရိုက်စ်က ဆက်ပြောပါတယ်။

အစောပိုင်းမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ရင် ထိုင်ဝမ်ဖက်က ကူညီ ကာကွယ်ပေးမယ်လို့ ပြောဆိုခဲ့တာကြောင့် တရုတ်အစိုးရဖက်က တုံ့ပြန် ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

Ref: The Hill