ရုရှားကို ဒဏ်ခတ်ဖို့ ကုလသမဂ္ဂ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ တိုက်တွန်း

ရုရှား ကျူးလွန်ခဲ့သမျှအတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်မျိုး ပြန်ချမှတ်ဖို့လိုကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မိန့်ခွန်း ပြောကြားသွားပါတယ်။

 ရုရှားနဲ့ စစ်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကြောင့် ဇီလန်စကီးဟာ နယူးယောက်မှာ ကျင်းပနေတဲ့ ညီလာခံကို မတက်ရောက်နိုင်ခဲ့ဘဲ ကြိုတင် ရိုက်ကူးထားတဲ့ မိန့်ခွန်း ဗီဒီယိုကိုသာ ပေးပို့ခဲ့ပါတယ်။ အစောပိုင်းမှာ ကုသလမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ကြီးက ဇီလန်စကီးရဲ့ မိန့်ခွန်းဗီဒီယို ပြသမှုကို ပိတ်ပင်ဖို့ အားထုတ်ခဲ့သေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ 

မိန့်ခွန်းထဲမှာတော့ ဇီလန်စကီးက ကျူးကျော် စစ်ပွဲအတွင်း ရုရှားကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းဖို့အတွက် အထူးခုံရုံးတစ်ခု ဖွဲ့စည်းရေး အကြံပြု တောင်းဆိုသွားခဲ့ပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေး ပြန်တည်ဆောက်မယ့် ဖော်မြူလာ တစ်ခုကိုလည်း အဆိုပြုခဲ့ပြီး အဲဒီထဲမှာ ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့တွေ ပိုမိုဖြည့်တင်းပေးတာ၊ နိုင်ငံတကာ မျက်နှာစာမှာ ရုရှားကို ပြစ်ဒဏ်ခတ်တာတွေ ပါဝင်ပါတယ်။

 ဇီလန်စကီးရဲ့ မိန့်ခွန်းအပြီးမှာတော့ နိုင်ငံတချို့ရဲ့ ကိုယ်စားလှယ်တွေက မတ်တပ်ရပ် လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ ဇီလန်စကီးက ရုရှားဟာ တရားမဝင်တဲ့ စစ်ပွဲတစ်ခုကို အစပြုခဲ့ပြီး ကြီးမားတဲ့ ဆိုးကျိုး သက်ရောက်မှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ သူ့ရဲ့ မိန့်ခွန်း အစမှာ ကတည်းက အပြင်းအထန် စွပ်စွဲသွားခဲ့ပါတယ်။ 

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံရဲ့ အရန်တပ်ဖွဲ့ဝင် ၃ သိန်းလောက်ကို စစ်မှုထမ်းဖို့ ဆင့်ခေါ်လိုက်တဲ့ နေ့မှာပဲ ဇီလန်စကီးက ကုသလမဂ္ဂမှာ မိန့်ခွန်း ပြောခဲ့တာပါ။ စစ်မှုမထမ်းမနေရ စနစ်ကြောင့် အရန်တပ်ထဲ ရောက်နေသူတွေကိုပါ ရုရှားက ခေါ်သုံးနေရပြီ ဆိုတာဟာ ယူကရိန်း စစ်မြေပြင်မှာ ရုရှားရဲ့ အမြဲတမ်း စစ်တပ်တွေ အခြေမလှ ဖြစ်နေကြောင်း ပိုပြီး ပေါ်လွင်လာစေပါတယ်။ 

အဲဒီလုပ်ရပ်ဟာ ရုရှားဖက်က ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အလေးအနက် သဘောထား မရှိဘူးဆိုတာ ပေါ်လွင်စေကြောင်း ဇီလန်စကီးက ထောက်ပြသွားပါတယ်။ ဒါ့အပြင် ရုရှား ထိန်းချုပ်ထားတဲ့ ယူကရိန်း နယ်မြေတွေမှာ ရုရှားပိုင်နက်အဖြစ် ကူးပြောင်းရေး ဆန္ဒခံယူပွဲတွေ ကျင်းပဖို့ အဆောတလျင် လုပ်ဆောင်နေတာတွေကိုလည်း ဇီလန်စကီးက ကန့်ကွက်သွားပါတယ်။ 

ဒါ့အပြင် ရုရှားလက်အောက်က လွတ်မြောက်လာတဲ့ အစ်ဇ်ယမ်မြို့ထဲမှာ အမှတ်အသား မရှိဘဲ အစုလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်းနေရာပေါင်း ၄၅၅ ခုလောက် ရှာတွေ့ခဲ့တဲ့ ဖြစ်ရပ်ကိုလည်း ဇီလန်စကီးက မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ပြီး ရုရှားစစ်တပ်တွေဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို စွဲလမ်းနေတာလို့ ဝေဖန်ခဲ့ပါတယ်။ ဇီလန်စကီးရဲ့ မိန့်ခွန်း တလျှောက်လုံးမှာ ရုရှားကို ပြစ်ဒဏ်စီရင်သင့်တယ်ဆိုတဲ့ ဝေါဟာရကို ၁၅ ကြိမ်ထက်မနည်း ထည့်သွင်း သုံးနှုန်းသွားခဲ့ပါတယ်။

 ဇီလန်စကီးက ရုရှားဟာ စေ့စပ်ဆွေးနွေးရေး ကိစ္စတွေအပေါ် အာရုံမစိုက်ဘူးလို့ စွပ်စွဲထားပေမယ့် စစ်မက်ဖြစ်ပွားနေတဲ့ အိမ်နီးချင်း နှစ်နိုင်ငံဟာ သုံ့ပန်းတွေ လဲလှယ်ရေးအတွက် စက်တင်ဘာ ၂၁ ရက်က သဘောတူညီမှုတစ်ခု ရရှိခဲ့ပါတယ်။ အဲဒီ သဘောတူညီမှုအရ ဆန္ဒအလျောက် ပါဝင်တိုက်ခိုက်ပေးခဲ့တဲ့ နိုင်ငံခြားသားတွေ အပါအဝင် ယူကရိန်း တပ်ဖွဲ့ဝင် ၂၁၅ ယောက်ကို ရုရှားလိုလားတဲ့ နိုင်ငံရေးသမား ဗစ်တာ မက်ဒ်ဗီချက်ခ်ရယ်၊ ရုရှားစစ်သား ၅၅ ဦးရယ်နဲ့ အလဲအလှယ် လုပ်ကြမှာ ဖြစ်ပါတယ်။