အကြောင်းပြချက်မရှိ အကောင့်ပိတ်ခံရမှု မြင့်တက်လာလို့ KBZ Pay ဝေဖန်ခံနေရ

ကမ္ဘောဇဘဏ်ရဲ့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုတခုဖြစ်တဲ့ KBZ Pay အကောင့်တွေအကြောင်းပြချက် ရေရေရာရာ မရှိဘဲ ပိတ်သိမ်းခံရတဲ့အရေအတွက် များပြားလာတာကြောင့် Kpay သုံးစွဲသူတွေက ဝေဖန်တာတွေရှိနေပါတယ်။

“Kpay က ရှုပ်နေရောပဲ၊ လုပ်ချင်သလိုလုပ်နေတာ၊ သတ်မှတ်ချက်တောင်မရှိတော့ဘူး၊ ဘယ်လိုလုပ်ရင် ပိတ်မခံ ရဘူးလဲဆိုတာ ဘယ်သူမှတောင်ပြောမတတ်တော့ဘူးထင်တယ်”လို့ KBZ Pay ဝန်ဆောင်မှု ကိုယ်စားလှယ် တစ် ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက မိုဘိုင်းငွေကြေးသုံးစွဲမှုတွေကို ထိန်းချုပ်ကန့်သတ်ဖို့နည်းလမ်း အ မျိုးမျိုးနဲ့ကြိုးပမ်းနေပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်စပ်တယ်လို့ သတ်မှတ်ခံရတဲ့ မိုဘိုင်းငွေကြေး အ ကောင့်တွေနဲ့ဘဏ်အကောင့်တွေပိတ်သိမ်းခံရတဲ့ ဖြစ်စဉ်တွေတောက်လျှောက်ရှိနေခဲ့တာပါ။

လတ်တလောမှာတော့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုအကောင့်တွေနဲ့ပတ်သက်ပြီး ထပ်ပြီး တင်းကျပ်ထားတဲ့ စည်း မျဉ်းအသစ်ကို ဗဟိုဘဏ်ကထုတ်ပြန်ကြေညာပြီးနောက်ပိုင်းမှာ အကောင့်ပိတ်ခံရတာတွေ ပိုဆိုးလာလို့ သုံးစွဲသူ တွေကြား ဝေဖန်မှုမြင့်တက်နေတာပါ။


မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းအသုံးပြုသူတွေအနေနဲ့ ဆက်သွယ်ဆောင်ရွက်သူတွေကို ကောင်းစွာသိ ရှိမယ့် အချက်အလက်တွေကို သတ်မှတ်ကာလအတွင်း မဖြည့်သွင်းနိုင်ရင် မိုဘိုင်းငွေကြေးစာရင်းတွေကို အပြီးတိုင် ပိတ် သိမ်းသွားမယ်လို့ ဗဟိုဘဏ်က စက်တင်ဘာလ (၁၆) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းငွေကြေးအကောင့်တွေကို Level 2အဆင့်အထိ မြှင့်တင်ထားကြဖို့ ဗဟို ဘဏ် ထုတ်ပြန် ချက်မှာဖော်ပြထားပေမယ့် လတ်တလော အကြောင်းပြချက်မသိရဘဲ ပိတ်သိမ်းခံရတဲ့ အကောင့် တွေမှာ Level 2 အထိ အဆင့်မြှင့်ထားသူတွေလည်း ပါဝင်နေပါတယ်။

“ဖုန်း bill ဖြည့်တာ acc suspended ဖြစ်တယ် ဆိုပြီးပြလို့ KBZ ဘဏ်ကိုသွားတော့ ဗဟိုဘဏ်ကနေ(၁၈) ရက်နေ့ ကပိတ်လိုက်တယ်ဆိုပြီး ပြောပြပါတယ်၊ဘာကြောင့်လဲတော့မသိရပါဘူး၊ အကောင့်ထဲမှာ ငါးသိန်း လောက်ပါ သွားတယ်”လို့ အကောင့်ပိတ်ခံလိုက်ရတဲ့ Kpay အသုံးပြုသူ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အပိတ်ခံလိုက်ရတဲ့ Kpay အကောင့်က Level 2 အဆင့်မြှင့်ထားတဲ့အကောင့်ဖြစ်ပြီး ဖုန်းဆင်းမ်ကတ်နဲ့ နံပါတ်တူ နာမည်တူမှတ်ပုံတင်ပြီးသားဖြစ်ကာ တစ်လသုံးလေးကြိမ်လောက်ပဲ အဝင်အထွက်ရှိတာလို့လည်း သူကဆက် ပြောပါတယ်။

ဒါကြောင့်လက်ရှိ Kpay အသုံးပြုနေသူတွေကြားအကောင့်တွေထဲ ငွေကြေးလက်ကျန် များများစားစားမထားဖို့ အချင်းချင်းသတိပေးနေတာတွေလည်းရှိနေပါတယ်။ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး KBZ ဘဏ်နဲ့ Kpay ဝန်ဆောင်မှုအဖွဲ့အစည်းတွေဘက်က တစုံတရာ ရှင်းလင်းထုတ်ပြန်တာမျိုးမရှိပါဘူး။