လူအဖွဲ့အစည်းတစ်ခုလုံးကို ခြုံမြင်ဖို့


၁။ ပြဿနာဖြစ်ရပ်တွေကို အရှိပကတိအတိုင်း မြင်နိုင်ဖို့အတွက် အသေးစိတ်ကြည့်သင့်တာတွေ ရှိပါလိမ့်မယ်။ ထို့နောက် ခြုံငုံရှုမြင်ရတာတွေ ရှိပါလိမ့်မယ်။ ပညာရှင်တွေကတော့ သစ်ပင်ကို ကြည့်ခြင်းနဲ့ သစ်တောကို ကြည့်ခြင်း ဆိုပြီး ပြောဆိုလေ့ရှိတယ်။ ပြဿနာဖြစ်ရပ်တွေကို သကာမအုပ်ဘဲ မြင်နိုင်ဖို့ဟာ ပြဿနာရဲ့ အဖြေကို ထိထိရောက်ရောက်ရှာဖွေနိုင်ဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။

၂။ ပြဿနာတိုင်းမှာ နောက်ကွယ်က အကြောင်းရင်းတွေ ရှိနေပြန်ပါတယ်။ အကြောင်းရင်းတွေကို ဆန်းစစ်ရင် နီးသောအကြောင်းနဲ့ ဝေးသောအကြောင်းရယ်လို့ ခွဲခြားကြည့်မြင်နိုင်ပါတယ်။ လတ်တလောအကြောင်းရင်းတွေ ကလည်း ပြဿနာရဲ့ အပံ့အပိုးတွေဖြစ်နေတတ်သလို၊ ရှေ့ယခင့်ယခင်တုန်းက ကျေးဇူးပြုခဲ့တဲ့အကြောင်းရင်း တွေကလည်း ပြဿနာကို ပိုမိုကြီးထွားအောင် ပံ့ပိုးနေတတ်ပါသေးတယ်။ ပြဿနာရဲ့ မူလရင်းမြစ်အကြောင်း ရင်းကို ရှာဖွေနိုင်လေလေ၊ ပြဿနာကို ဖြေရှင်းဖို့အတွက် အထောက်အပံ့ဖြစ်လာလေလေပါပဲ။

၃။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ပြဿနာတွေ အမြောက်အမြား ရှိနေပါတယ်။ (၁) နိုင်ငံရေးပြဿနာ၊ (၂) လူမျိုးရေးပြဿနာ၊ (၃) လက်နက်ကိုင်ပြဿနာ၊ (၄) လူမှုစီးပွားပြဿနာ၊ (၅) အကျင့်သီလစာရိတ္တပျက်ယွင်း ခြင်းပြဿနာ… စတာတွေ အမျိုးမျိုး ရှိနေပါတယ်။ ဒီလိုပြဿနာရင်းမြစ်တွေဟာ – နေ့စဉ်လူမှုဘဝမှာ လူတစ်ဦးချင်းစီရဲ့ နေ့စဉ်ပြဿနာသေးသေးလေးတွေကို မွေးထုတ်ရာ မိခင်ဌာနကြီးတွေ ဖြစ်နေတာတွေ့ရပါ တယ်။

၄။ ပြဿနာရပ်တွေရဲ့နောက်ကွယ်မှာ အထွေထွေသော ပယောဂတွေကလည်း ပူးဝင်ကပ်ငြိနေပါတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းဟာ နှစ်ပေါင်း (၁၀)နှစ်လောက် ချက်ချင်းနောက်ပြန်ဆုတ်သွားပါတယ်။ ငြိမ်းချမ်းသော၊ တည်ငြိမ်သော၊ အေးချမ်းသော၊ စားဝတ်နေမှု ချောင်လည်သော လူမှုဘဝကို တော်ရုံနဲ့ မရနိုင်တော့ပါ။ ၂၀၂၃ ခုနှစ်အတွင်းမှာလည်း ထင်မှတ်မထားတဲ့ ဆိုးရွားတဲ့ လူ့ပယောဂတွေရဲ့ ကျေးဇူးပြုမှုနဲ့ ပြဿနာအသစ်တွေ ထပ်မံ ပေါ်ပေါက်လာပါလိမ့်မယ်။ အကောင်းဆုံးကို မျှော်လင့်သော်လည်း အဆိုးဆုံးကို ရင်ဆိုင်ရန် အသင့် – ဖြစ်ထားဖို့ လိုပါတယ်။

၅။ လက်ရှိ ဆိုင်ရာနယ်ပယ်က ဦးစီးဦးဆောင်ပြုနေသူတွေဟာ လတ်တလောပြဿနာတွေကိုပဲ ချည်းကပ်ပြီး ကြည့်မြင်နေကြတာတွေ့ရပါတယ်။ အရှည်ကို မတွေးနိုင်ဘူး၊ အဝေးကို မကြည့်နိုင်ဘူး၊ မမြင်နိုင်ဘူး ဖြစ်နေပါတယ်။ ပြဿနာတွေကို ချည်းကပ်အဖြေရှာရာမှာလည်း ကိုယ့်နေရာကွက်ကွက်လေးကို ကြည့်ပြီး ပြဿနာရဲ့ ရင်းမြစ်ကို တူးဆွနေကြပါတယ်။ တစ်ခုလုံး၊ တစ်စုံလုံးကို မြင်နိုင်အောင် ကြိုးစားတာမျိုး မတွေ့ရပါ။ ဒါဟာ — မြန်မာ့လူ့အဖွဲ့အစည်းတွင်းက ပဋိပက္ခတွေနဲ့ ပြဿနာအသစ်တွေကို ပိုမို မွေးဖွားလာစေတဲ့ အကြောင်း ရင်းဖြစ်ကြောင်း တွေ့နေရပါတယ်။ ဒီအချက်ကို အားလုံး သတိပြု ဆင်ခြင်ကြဖို့ ဖြစ်ပါတယ်။

အယ်ဒီတာ
၁၉ ၊ စက်တင်ဘာ၊ ၂၀၂၂။