မတူပီမြို့အနီးက စစ်တပ်စခန်းတခု တိုက်ခိုက်ခံရပြီး စစ်သားခြောက်ဦးသေ

ချင်းပြည်နယ် မတူပီမြို့အနီးက စစ်ကောင်စီ ရှေ့တန်းစခန်းတခုကို စက်တင်ဘာ (၁၉) ရက် ညနေပိုင်းက သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောက်စီဘက်က ခြောက်ဦးသေဆုံးတယ်လို့ CDF မတူပီက ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ စခန်းဟာ မတူပီမြို့နဲ့ နှစ်မိုင်အကွာမှာရှိပြီး တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က ခြောက်ဦးသေတဲ့ အပြင် ရှစ်ဦးထိခိုက်ဒဏ်ရာရပြီး CDF မတူပီတပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

“တိုက်ပွဲပြီးတော့ စကစဘက်က အင်အားပြန်ဖြည့်တာတော့ရှိတယ်”လို့ CDF မတူပီ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

မတူပီမြို့ခံပြည်သူတွေအဓိက အသုံးပြုနေတဲ့ မင်းတပ်-မတူပီလမ်းကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး အသုံးပြု ခွင့် မပေးတာကြောင့် ပြည်သူတွေအခက်အခဲဖြစ်နေရတဲ့အပေါ် လက်တုံ့ပြန်တိုက်ခိုက်တာဖြစ်တယ်လို့ CDF မတူပီ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီက ဒေသခံတွေအပါအဝင် ကုန်တင်ယာဉ်တွေကိုလည်း မင်းတပ်-မတူပီလမ်းအသုံးပြုခွင့်မပေးဘဲ မြေပြို လို့ ပျက်စီးနေပြီး သွားလာဖို့မလွယ်ကူတဲ့ ဟားခါး-ဂန့်ဂေါလမ်းကိုသာ အသုံးပြုစေတာကြောင့် မြို့ခံပြည်သူတွေ အခက်တွေ့နေကြရတာဖြစ်တယ်လို့ CDF မတူပီ တာဝန်ရှိသူက ပြောပါတယ်။

“ဟားခါး-ဂန့်ဂေါလမ်းဘက်ကသွားရင် ကုန်ဈေးနှုန်းတွေကပိုတက်လာမယ်၊အဲ့ဒါကကြောင့် သွားတိုက်ကြတာပါ” လို့သူကပြောပါတယ်။
မတူပီမြို့မှာ တိုက်ပွဲတွေမရှိတာ နှစ်လနီးပါး ကြာပြီဖြစ်ပါတယ်။လေမျိုချောင်းအနီးမှာ ဇူလိုင် ၂၅ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲဟာ ပြီးခဲ့တဲ့ နှစ်လလောက်အတွင်း တခုတည်းသော တိုက်ပွဲဖြစ်ပါတယ်။ လေမျိုးချောင်းအနီးတိုက်ပွဲ အပြီးကတည်းက နှစ်ဘက် တိုက်ပွဲတွေမရှိတော့ပဲ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုတချို့သာ ရှိခဲ့ တာပါ။