ထိုင်းအစိုးရအရာရှိ ၁၁ ဦး အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးခံရ

Photo – ဘန်ကောက်ပို့စ်

 ထိုင်းရေပိုင်နက်အတွင်းမှာ တရားမဝင် ငါးဖမ်းတဲ့ နိုင်ငံခြားငါးဖမ်းသ​င်္ဘော ၅ စီး ပြန်လွှတ်ပေးမှုမှာ လာဘ်ယူခဲ့ လို့ဆိုပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲအရာရှိ ၆ ဦးအပါအဝင် အစိုးရ အရာရှိ ၁၁ ဦး ဖမ်းဆီးခံထားရတယ်လို့ ထိုင်းလက်ထောက်ရဲချုပ် ဒုတိယရဲချုပ်ကြီး Surachate Halparn က အတည်ပြု ကြေညာကြောင်း ဘန်ကောက်ပို့စ် မှာဖော်ပြထားပါတယ်။

“အဂတိလိုက်စားပြီး မမှန်မကန်လုပ်ဆောင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အရာရှိ ၁၁ ဦးကို ဖမ်းဆီးခဲ့တယ်”လို့ ဒုတိယရဲချုပ်ကြီး ကကြေညာခဲ့ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာ ထိုင်းရေပိုင်နက်အတွင်း ခွင့်ပြုချက်မရှိဘဲ ငါးဖမ်းမှုအတွက် ငါးပိုက်ချသ​င်္ဘော ၅စီးနဲ့ သ​င်္ဘောသား ၂၂ ဦးကို ရဲတပ်ဖွဲ့နဲ့ ငါးလုပ်ငန်းအရာရှိတွေက ဖမ်းဆီးခဲ့ပါတယ်။ တရားရုံးလုပ်ငန်းစဉ်တွေ အပြီးမှာ ငါးဖမ်းလှေပါလှေသားတွေကို Songkhla အချုပ်ထောင်မှာ ချုပ်နှောင်ခဲ့ပြီး သ​င်္ဘောနဲ့ ဖမ်းမိပစ္စည်း တွေကိုတော့ လေလံတင်ဖို့ စီစဥ်ထားခဲ့ပါတယ်။

အဲဒီသ​င်္ဘောတွေဟာ လေလံမတင်ရသေးခင်မှာ ထိုင်းနိုင်ငံပြင်ပကို ရောက်ရှိသွားတာပါ။ ဒီအမှုနဲ့ ပတ်သက် တယ်လို့ ယူဆရသူ ၁၃ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ ထိုင်းအစိုးရဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ထိုင်းလဝကရဲအရာရှိ ၆ ဦး၊ ပင်လယ်ပြင်နယ်နိမိတ်နဲ့ ရောဂါထိန်းချုပ်စစ်ဆေးရေးဌာန ဝန်ထမ်း ၅ ဦး၊ စုစုပေါင်း ၁၁ ဦးကို လာဘ်စားမှု၊ မမှန်မကန်ဆောင်ရွက်မှု၊ တာဝန်ပျက် ကွက်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအရာရှိ ၁၁ ဦးကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ Surachate ကထည့်သွင်း ပြောခဲ့ကြောင်း ဘန်ကောက်ပို့စ်ကဖော်ပြ ထားပါတယ်။