ဟန်ဆောင်လှဲချကြဖို့ ကစားသမားတွေကို မှာထားကြောင်း မော်ရင်ဟိုပြော

Photo – Guardian

ပင်နယ်တီ ရအောင်လို့ သူ့ကစားသမားတွေကို ပြိုင်ဘက် ဧရိယာထဲ ဟန်ဆောင် လှဲချကြဖို့ မှာထားကြောင်း ရိုးမား အသင်းရဲ့ မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက အငေါ်တူးပြီး ပြောဆိုသွားပါတယ်။ 

အတ္တလန္တာ အသင်းကို ၁-၀ နဲ့ အရေးနိမ့်တဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ရဲ့ ထုတ်ပယ်မှုကို ခံခဲ့ရတဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး ပေါ်တူဂီသား မန်နေဂျာက အခုလို ပြောခဲ့တာပါ။ သူဟာ ဒိုင်လူကြီး ဒန်နီရယ်လ် ချစ်ဖီက ရိုးမား ရသင့်တဲ့ ပင်နယ်တီကို ငြင်းပယ်ခဲ့တာနဲ့ ပတ်သက်လို့ အပြင်းအထန် စောဒက တက်ရာက ကွင်းထဲကနေ နှင်ထုတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ 

အဲဒီပွဲမှာ ရိုးမား ကွင်းလယ်လူ နစ်ကိုလို ဇာနီရိုလိုက ပင်နယ်တီ ရသင့်တဲ့ ပြစ်ဒဏ်မျိုး ကျူးလွန်ခံရပေမယ့် ဒိုင်က မျက်ကွယ် ပြုခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မော်ရင်ဟိုက ဘာကြောင့် ပင်နယ်တီ မဖြစ်သလဲလို့ ဒိုင်ကို သွားမေးခဲ့ပြီး ချစ်ဖီက ဇာနီရိုလိုဟာ လဲကျမသွားခဲ့တဲ့အတွက် ပင်နယ်တီ မပေးကြောင်း ပြန်ဖြေခဲ့တယ်လို့ သိရပါတယ်။ 

ဒီတော့ ပြစ်ဒဏ် ကျူးလွန်တာ ခံရရင်တောင် လဲကျနေမှ ပင်နယ်တီရမှာ ဖြစ်တဲ့အတွက် သူ့ကစားသမားတွေကို တမင်တကာ လှဲချကြပါလို့ မှာထားကြောင်း မော်ရင်ဟိုက ပြောသွားခဲ့ပါတယ်။ ပေါ်တို၊ မန်ချက်စတာ ယူနိုက်တက်၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ ချယ်လ်ဆီးနဲ့ တော့တင်ဟမ် ဟော့စပါးတို့လို အသင်းတွေကို ကိုင်တွယ်ဖူးတဲ့ မော်ရင်ဟိုဟာ နည်းစနစ်ပိုင်း ပါရဂူ တစ်ယောက်အဖြစ် အသိအမှတ်ပြု ခံရသလို အငြင်းပွားစရာ မှတ်ချက် စကားတွေကြောင့်လည်း လူသိများပါတယ်။

အခုလည်း မော်ရင်ဟိုက အီတလီ စီးရီးအေ ပြိုင်ပွဲမှာ ကစားသမားတွေက လူရွှင်တော်တွေ ပြုမူပြီး ဘောလုံးကွင်းကို ရေကူးကန် အမှတ်နဲ့ ဒိုင်ဗင်ထိုးနေဖို့ လိုကြောင်း၊ အထောက်အထားတွေအရ ဒီလိုလုပ်မှပဲ ရသင့်တဲ့ ပင်နယ်တီကို ရနိုင်တော့မှာဖြစ်ကြောင်း မော်ရင်ဟိုက အငေါ်တူး ပြောကြားသွားခဲ့ပါတယ်။