ဂျပန်နိုင်ငံမှာ ကြုံဖူးသမျှ အပြင်းထန်ဆုံး မုန်တိုင်းတွေထဲက တစ်ခုဖြစ်တဲ့ စူပါတိုင်ဖွန်း နန်မက်ဒိုလ် ဝင်ရောက် တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။
နန်မက်ဒိုလ်ဟာ စက်တင်ဘာ ၁၉ ရက်က ဂျပန်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ကျူရှူးကျွန်းကို အားအပြင်းဆုံး အရှိန်အဟုန်နဲ့ ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မုန်တိုင်းရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီကို ၂၀၈ ကီလိုမီတာထိ ပြင်းထန်ခဲ့ပါတယ်။ ကုန်းတွင်းဖြတ်ကျော် ဝင်ရောက်ပြီးတဲ့နောက် မုန်တိုင်းရဲ့ ပြင်းအားဟာ သိသိသာသာ အားပျော့သွားပြီး မြောက်ဖက်ကို ဆက်လက် ဦးတည် ရွေ့လျားခဲ့ပါတယ်။
မုန်တိုင်းကြောင့် လေပြင်းတွေ တောက်လျှောက် တိုက်ခတ်ခဲ့သလို မိုးတွေလည်း သည်းသည်းထန်ထန် ရွာသွန်းပြီး မြေနိမ့်ပိုင်း ဧရိယာတွေမှာ ရေဖုံးသွားခဲ့ပါတယ်။ ဂျပန် အာဏာပိုင်တွေဟာ မုန်တိုင်း မဝင်ရောက်ခင် တစ်ရက် အလိုကတည်းက အန္တရာယ်ဇုန် ဖြစ်လာနိုင်တဲ့ နေရာတွေက လူပေါင်း ၉ သန်းကျော်လောက်ကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ပါတယ်။
မုန်တိုင်းကြောင့် သစ်ပင်တွေ၊ ဓာတ်တိုက်တွေ ကျိုးကျပြီး နေရာအနှံ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ရှိခဲ့ပါတယ်။ နေအိမ် အဆောက်အအုံတွေလည်း မှန်တွေ ကွဲကျေတာ၊ အမိုးအကာတွေ လန်ကုန်တာ အပါအဝင် ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရပါတယ်။ ပျမ်းမျှ မိုးရေချိန် ၄၀၅ မီလီမီတာလောက်ထိ များပြားအောင် ရွာသွန်းခဲ့တာမို့ ကျူရှူးနဲ့ ချူဂိုကူး၊ ရှီကိုကူး ဒေသတွေမှာလည်း ရေလွှမ်းမိုးမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ မီယာဇာကီ ဒေသမှာရှိတဲ့ မီဆာတို မြို့မှာ ဆိုရင်တော့ မိုးရေချိန်က ၉၀၀ မီလီမီတာလောက်ထိ ရွာချခဲ့ပါတယ်။
လက်ရှိ အချိန်အထိ အသေအပျောက် ၂ ဦး စာရင်းရထားပြီး တစ်ဦးက ကားထဲမှာ ပိတ်မိရင်း ရေနစ် သေဆုံးခဲ့တာပါ။ နောက်တစ်ယောက်ကတော့ မြေပြိုကျရင်း ပိမိသွားခဲ့တာ ဖြစ်ပါတယ်။ ရေကြီးမှုတွေက အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ထိ စိုးရိမ်ရတာကြောင့် နောက်ထပ် အသေအပျောက်တွေလည်း တိုးလာမှာကို ကယ်ဆယ်ရေး အဖွဲ့တွေက စိုးရိမ်နေပါတယ်။ မုန်တိုင်းနဲ့ ဆက်စပ်ပြီး ဒဏ်ရာရသူ အရေအတွက်ကတော့ ၉၀ ကျော်လောက် ရှိလာပါပြီ။
နန်မက်ဒိုလ်ဟာ တစ်လမပြည့်ခင် ကာလအတွင်း ဂျပန်ကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ တတိယမြောက် တိုင်ဖွန်းလည်း ဖြစ်ပါတယ်။ ဩဂုတ် လကုန်ပိုင်းနဲ့ စက်တင်ဘာ လဆန်းပိုင်းတွေက စူပါတိုင်ဖွန်း ဟင်နမ်နော်နဲ့ တိုင်ဖွန်း မူဖာတို့ဟာ ဂျပန်ကို အသီးသီး ဖြတ်ကျော် ကုန်းတွင်း ဝင်ရောက်ခဲ့ပါတယ်။
အခုအခါမှာတော့ မုန်တိုင်းရဲ့ အရှိန်က အားပြန်လျော့သွားပြီ ဖြစ်တဲ့အတွက် ကျူရှူးနဲ့ တခြား မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ ပြန်လည် ရှင်းလင်းရေး လုပ်ငန်းတွေ အစပြုနေပြီလို့ သိရပါတယ်။