မပြီးသေးဘူး … ငါတို့အလှည့် ကျန်သေးတယ် (၃၆)

ဆာ ဝီလျံစလင်း ကဆုန်ပေါက် ဒုံးတိုက်စီးလာတဲ့ မြင်းခွာသံတ‌ဖြောင်းဖြောင်းကို ကသုံးလုံး နယ်မြေမှာ ကြားနေရပြီဆိုတဲ့ ဝါကျတစ်ခုနဲ့ မိုးကောင်းနဲ့ရွှေဘိုလွင်ပြင်မှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ စစ်ရေးအခြေအနေတွေကို ရည်ညွှန်းနေတယ်လို့ပဲ အစချီရမယ် ထင်ပါရဲ့။ ဝိုင်းမော်၊ အင်းတော်၊ ကသာ၊ ရွှေကူ၊ တန့်ဆည်၊ အရာတော်မှာ အလှုပ်အယမ်းတွေ များလာချိန်မှာ ဖားကန့် ဆယ်ဇင်းမှာပဲ ပွဲဦးထွက် ဇာတ်ဝင်ခန်းက စတင်ကပြ အသုံးတော်ခံလိုက်ပါပြီ။

ရှစ်လေးလုံးအရေးတော်ပုံကြီး ၃၄နှစ်ပြည့်တဲ့နေ့မှာ တစ်ရက်တည်းနဲ့ ဆယ်ဇင်းက ဖက်ဆစ် စခန်းနဲ့ ရှမ်းနီပြည်သူ့စစ်စခန်းတွေကို ပြိုက်ခနဲ သိမ်းချလိုက်ပြီး ဆယ်ဇင်းရဲစခန်းကိုပါ နောက်တစ်နေ့ မှာ သိမ်းယူကာ ရှမ်းနီပြည်သူ့စစ်တွေကို ဒီခွင်ထဲမှာ ပိတ်ဆို့လိုက်ပါတယ်။ ဖက်ဆစ်စစ်သား၊ ဖက်ဆစ် ရဲနဲ့ ရှမ်းနီပြည်သူ့စစ် SNA က ဆင်ထဲထားတဲ့ခွင်ထဲ တည့်တည့်တိုးဝင်မိသွားချိန်မှာတော့ ရန်သူဟာ တိုက်လေယာဉ်တွေ သုံးပြီးတော့ကို ပစ်ကူပေးနေပါတယ်။ ကချင်တပ်မှူးကြီးတွေ ဦးဆောင်ကွပ်ကဲ နေတဲ့ ပြည်သူ့ကာကွယ်ရေး စစ်ကြောင်းတွေ ပိတ်ပတ်လည်မှာ ပိတ်မိသွားတဲ့သူတွေက ရမ်းသမ်း ပစ်ခတ်နေသလို လေကြောင်းကလည်း တိုက်လေယာဉ်တွေနဲ့ အရပ်သားတွေပါမရှောင် လူနေအိမ် တွေကိုပါ ဗုံးကြဲတိုက်နေပါတယ်။ ကျနော်တို့ရဲ့ ပထမရက်ပေါင်း ၁၀၀ ဟာ သူ့အချိန်ဇယားနဲ့သူ အသက်ဝင်လာပါပြီ။

ဇူလိုင်လလယ်ကတည်းက ဆယ်ဇင်းမှာ စစ်ပွဲတွေပြန်စတော့မယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဖက်ဆစ်တွေ၊ ရှမ်းနီပြည်သူ့စစ်တွေ ဘယ်လိုမှလက်လွှတ်မခံနိုင်တဲ့ ‌ဒေါ်လာဘီလျံဝင်ငွေ များစွာ ရှိတဲ့ ရွှေနဲ့ကျောက်စိမ်းထွက်ရှိရာ အရပ်ဟာ အဆုံးသတ်တိုက်ပွဲရဲ့ ပွဲဦးထွက်အဖြစ် ကြိုတင်အကြောင်း ကြားထားသလို ပေါ်ထွက်လာခဲ့ပါပြီ။ လေကြောင်းတိုက်ခိုက်မှုကိုပဲ သုံးနေရတဲ့ ရန်သူဖက်ဆစ်ရဲ့ အားသာချက်တစ်ခုတည်းကို တန်ပြန်ဖြိုခွင်းနိုင်မယ့် လက်နက်နဲ့ ဝေဟင်ထိန်းချုပ်ရေး၊ လေကြောင်းရန် တိုက်ဖျက်ရေးနဲ့ ရန်သူ့လေအင်အားကို ဖျက်စီးရေးဆိုတဲ့ သေနင်္ဂဗျူဟာက မြေပြင်စစ်ရေး အခြေအနေတွေကို ပြောင်းလဲသွားစေမယ့် အရွေ့တစ်ခုဖြစ်လာမှာပါ။

ကချင်၊ ကရင်၊ ရက္ခိုင်၊ ချင်း၊ ကရင်နီ၊ တအောင်း၊ ကိုးကန့် လက်နက်ကိုင်တော်လှန်ရေး အင်အားစုရဲ့ စစ်ရေးဦးဆောင်မှုအောက် NUG ကာကွယ်ရေးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို စစ်ရေးကွပ်ကဲမှု Chain of Command တည်ဆောက်ပြီးချိန် မုတ်သုန်အဝင်မှာ တော်လှန်ရေး အဆုံး သတ်ဖို့ ညာသံပေးတာတွေလည်း ဆူပွက်လာပါပြီ။

ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးဟာ အနှစ် ၈၀ ကြာ တည်ဆောက်ထားတဲ့ ဖက်ဆစ်တပ်ကြီး ကို ယှဉ်ပြိုင်အနိုင်ယူရန် ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အထင်ကြီးခဲ့သမျှ၊ ကြောက်ခဲ့ရသမျှဟာ “မဖြစ်နိုင် ဘူးဆိုတာ ဘာမှမရှိဘူး” ဆိုတဲ့ လူသားရဲ့ အသက်ရှင်တည်ရပ်ပိုင်ခွင့်၊ လွတ်မြောက်ခွင့်နဲ့ တရားမျှတ ခွင့်အတွက် ရုန်းကန်တိုက်ပွဲဝင်ရတဲ့အခါ အောင်ပွဲဆိုတာ မလွဲမသွေ ပေါ်ထွက်လာရစမြဲပါပဲ။ ကျနော်တို့အားလုံး ရန်သူကို အချိန်ဆွဲခွင့်ပေးဘဲ ကိုယ့်လမ်းကိုယ်ဖောက်လျှောက်လာတဲ့ နွေဦးတော် လှန်ရေးကို ပြီးဆုံးအောင်ဆင်နွှဲမယ်ဆိုတဲ့ အောင်စိတ်၊ သန္နိဌာန်နဲ့ ခရီးဆက်ခဲ့တာကြောင့် ဒီအသစ်ကျပ်ချွတ်တော်လှန်ရေးကြီးဟာ ပန်ဒိုရာသေတ္တာထဲကလို မမျှော်လင့်ဘဲ ထွက်ကျလာခဲ့ ပါတယ်။

ဒီတော်လှန်ရေးကြီးက အမျိုးသား တန်းတူညီမျှရေးအတွက် လွတ်မြောက်ရေးတိုက်ပွဲဝင်ကြတဲ့ လူမျိုးစုလက်နက်ကိုင်တိုက်ပွဲနဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်ကြသူတွေ တစ်သားတည်းပေါင်းစည်းသွား တဲ့ အမျိုးသားညီညွတ်ရေး ရရှိသွားစေပါတယ်။ ဒီတိုက်ပွဲနှစ်ခု ပေါင်းစည်းမှုကနေ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်တဲ့ ပဋိပက္ခရဲ့ အရင်းခံလက်သည်ကို ရှင်းလင်းရတဲ့ စစ်အောင်ပွဲကို ဒီကနေ့ ကျနော်တို့ ဦးတည်နေကြပါပြီ။ ဒီစစ်အောင်ပွဲကနေ ရရှိထားတဲ့ အမျိုးသားညီညွတ်ရေးကို အခြေခံပြီး တိုင်းပြည် တည်ဆောက်ရေးနဲ့ နိုင်ငံတည်ဆောက်ရေးအတွက် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်စဉ်ကြီးကို လျှောက်လှမ်းကြရပါမယ်။

ဒီစစ်အောင်ပွဲဟာ ကျနော်တို့တိုင်းပြည်အသစ်တခုကို မွေးဖွားဖန်တီးခွင့်ပါပဲ။ ပဋိပက္ခများ ချုပ်ငြိမ်းရာ တစ်ခုတည်းသော လမ်း၊ သွေးစည်းညီညွတ်မှု၊ တည်ငြိမ်အေးချမ်းမှုနဲ့ သာယာဝပြောစေ‌တဲ့ အကောင်းဆုံးသော အဖြေ ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူအားလုံးက ဒီအဖြေရဖို့ ဒီလမ်းကိုပဲ လျှောက်ကြဖို့ ၁၈ လလုံးလုံး ရုန်းကန်ခဲ့ကြပါတယ်။ ပန်းတိုင်ကို မျက်ခြည်ပြတ်မခံဘဲ အပင်ပန်းဆင်းရဲ ခံပြီး တစိုက်မတ်မတ် ကြိုးစားခဲ့တဲ့ ရလဒ်အသီးအပွင့်တွေဟာ တိုင်းပြည်ထက်ဝက်ကျော်ကို စိုးမိုးထိန်း ချုပ်ထားနိုင်တဲ့ အခြေအနေကနေ နိုင်ငံတော်ကို ပြန်လည်သိမ်းပိုက်ရေး အဆုံးသတ်တိုက်ပွဲ (စစ်အောင် ပွဲအတွက်)ကို စတင်နွှဲကြပါပြီ။

ရန်သူဖက်ဆစ်ဟာ သူ့အင်အားစု အသက်ရှင်ရပ်တည်နိုင်ရေးတိုက်ပွဲကိုဝင်ဖို့ ပြင်ဆင်နေပါ တယ်။ ရန်သူဟာ စစ်လက်နက် အင်အားနဲ့ နောက်မဆုတ်တမ်း သူသေကိုယ်သေချဖို့ စဉ်းစားဆုံးဖြတ် ပြီးပြီမို့ လူသန်းပေါင်း ၅၀ ကျော်ရဲ့ လုံခြုံရေး၊ အသက်ရှင်ရပ်တည်ရေး၊ စားဝတ်နေရေးဆိုတဲ့ အသက် အိုးအိမ်စည်းစိမ်တို့ကို စတေးဖို့ လုပ်ပါတော့မယ်။ လောင်စာဆီ ရှားပါးပြတ်လပ်မှု၊ ငွေတန်ဖိုး ဆုတ် ယုတ်ကျဆင်းမှုနဲ့ ကုန်းဈေးနှုန်း ကြီးမြင့်မှုဒဏ်က “ကြိုဆိုပါ၏” ဆိုင်းဘုတ်အောက်တည့်တည့် ကိုတောင် ရောက်လာပါပြီ။

ကျီးလန့်စာစားနေရတဲ့မြို့ကြီးတွေဟာ တိတ်ဆိတ်ခြောက်ကပ်နေပြီး အမှောင်ထဲကနေ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေရသလိုမျိုး ဗြုန်းဆို အိမ်ရှေ့ပေါက်ဝကိုရောက်လာမယ့် စစ်ပွဲကြီးအတွက် နိမိတ်တွေပါပဲ။ ဒီအချိန်ဟာ လမ်းမတွေပေါ်မှာ ခွေးလေခွေးလွင့်တွေနဲ့ ဖက်ဆစ်တွေ အစာရှာထွက်ကြတဲ့ မြင်ကွင်းဟာ ခေတ်ဟောင်းခေတ်ဆိုးခေတ်ပျက်ကြီးတစ်ခုလုံးရဲ့ ကန့်လန့်ကာ ကျမလာခင် နောက်ဆုံးမြင်ရမယ့် မြင်ကွင်းဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ကျနော်တို့အားလုံးဟာ မုန်တိုင်းရဲ့ ဗဟိုချက်မကနေ ပြင်းထန်တဲ့မုန်တိုင်းရဲ့ လက်တံကြီးတွေဆီကို ကူးပြောင်းနေပြီမို့ အလူးအလဲ ရင်ဆိုင် ရတော့မယ့် ဒီအခြေအနေအောက်မှာ ကျနော်တို့အချင်းချင်း ကျောချင်းကပ်၊ ရင်ချင်းအပ်ထားဖို့အချိန် ကျလာပါပြီ။ စစ်နယ်ဝန်းကြီးတွေအားလုံးမှာ စစ်ရေးကျယ်လာရာက လာမယ့်နိုဝင်ဘာ ခေါင်းလောင်း ထိုးသံတွေလည်း ပေါ်ထွက်လာပါတယ်။

ဘုံသဘောတူညီချက် ချိုးဖောက်တယ်ဆိုပြီး နိုဝင်ဘာ အာဆီယံထိပ်သီးညီလာခံမှာ တိုင်းပြည် ကိုယ်စားပြုသူ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို တရားဝင်ကြေညာပြီး ရှေ့မတိုးနောက်မဆုတ် အခြေအနေကနေ ဖောက်ထွက်မလား၊ ဖက်ဆစ်စစ်တပ်ကို အာဆီယံအဆင့်အစည်းအဝေးအားလုံး တက်ရောက်ခွင့်ပိတ်၊ အဆက်အဆံ ရပ်တန့်ပြီး NUG နဲ့ တရားဝင်ထိတွေ့ဆက်ဆံမလား၊ NUG က မြေပြင်မှာ လက်တွေ့အုပ်ချုပ်နေတဲ့ ဒီဖက်တိုအစိုးရအဖြစ် ရောက်ရှိအောင် လုပ်ဆောင်မလားဆိုတဲ့ ခေါင်းလောင်းထိုးသံတွေဟာ အရွေ့တစ်ခု ဖြစ်လာနိုင်ပါတယ်။

နိုဝင်ဘာစာမေးပွဲကို ကျနော်တို့ရော၊ ကျနော်တို့ရန်သူပါ ဖြတ်သန်းကြရမှာ သေချာနေပါတယ်။ တစ်နိုင်ငံလုံးအနှံ့ မြို့ရောကျေးလက်မှာပါ သူ့အတွက် ရှေ့တန်းစစ်မျက်နှာပြင်တွေ ဖြစ်သွားတာကြောင့် ရန်သူဟာ အထီးကျန် ရှင်သန်ရေးအတွက် သူသေကိုယ်သေ ရင်ဆိုင်ဖို့ အချိန်ရောက်လာပါပြီ။ တစ်နိုင် ငံလုံးအနှံ့ တစ်နေရာချင်းစီ ပိတ်မိသွားတဲ့ ရန်သူဖက်ဆစ်ဟာ ကမူးရှူးထိုးတုန့်ပြန်မှာပါ။ အဆိုးဝါးဆုံး သော အကြမ်းဖက်မှုတွေကို ကျူးလွန်ကြဦးမှာပါ။ ဒီအချိန်ဟာ ကာမဏိရဲ့ချိုင်းထဲကို လှံနဲ့ပစ်ဖို့ အခါ ကောင်းပါပဲ။ မောပန်းပြီး မုန်ယိုနေတဲ့ရန်သူဟာ အနာဂတ်ဖယ်ဒရယ်အမြုတေတပ်ရဲ့ရှေ့ကို ယိမ်းခါပြီး ရောက်လာပါတယ်။ ပဒေသရာဇ်ခေတ်ဆိုးခေတ်ဟောင်းကြီး အဆုံးတိုင် ဗုန်းဗုန်းလဲပြိုသွားဖို့၊ နိဂုံးချုပ် သွားစေဖို့ ဒီကနေ့ဟာ ခေတ်ဟောင်းနဲ့ခေတ်သစ်ကြား အကူးအပြောင်းထဲကို ဝင်ရောက်လာနေချိန်ပါ။

ကျနော်တို့ ဘယ်လိုတိုင်းပြည်မျိုး ထူထောင်ချင်ကြတယ်ဆိုတာ ထပ်တလဲလဲအော်ပြောနေရလို့ အခုတော့ အသံကြားကြပြီ ထင်ပါတယ်။ မှန်ကန်တဲ့အသံကို ရှင်းရှင်းလင်းလင်းကြားရအောင် ပြည်သူ တွေဟာ ၁၈ လကျော်ကြာ ရုန်းကန်အားတင်းပြီး ပန်းတိုင်နဲ့ ပဋိပက္ခ ပြေလည်မှုကို မီးမောင်းထိုးပြနေ ပါတယ်။ သံလွင်၊ စစ်တောင်း … ညာလက်မောင်းဟေ့၊ စစ်မောင်းသံချီ ဒုဋ္ဌဝတီဆိုတဲ့ ကြုံးဝါးသံနဲ့အတူ ဇာတ်ခုံကြီးပေါ်မှာ ပြောင်းလဲမှုတွေဖြစ်နေတာ ကျနော်တို့ မျက်မြင်တွေ့ရမယ့်အချိန် နီးကပ်လာပါပြီ။

 

 

မပြီးသေးဘူး … ငါတို့အလှည့် ကျန်သေးတယ်

(၃၇)

 

စီးပွားပျက်ကပ်ကြီး အိမ်တံခါးဝရောက်ပြီဆိုရင် စစ်ပွဲဟာ ဧည့်ခန်းထဲရောက်နေပြီ။ လူ့အသိုက် အဝန်းတစ်ခုလုံး ကစဉ့်ကလျားဖြစ်ကြတဲ့ ဖရိုဖရဲအခြေအနေက အပြီးတိုင်ပြိုကွဲ နိဂုံးချုပ်သွားတော့ မယ့် ကျရှုံးနိုင်ငံတစ်ခုရဲ့ အချိန် တစ်စတစ်စ နီးကပ်လာပြီလို့တောင် ဆိုရမလိုပါပဲ။ တိုင်းပြည်ဟောင်း တစ်ခု အဆုံးသတ်သွားခြင်းဟာ တိုင်းပြည်သစ် မွေးဖွားခန်းပါပဲ။ နယ်စပ်ကုန်သွယ်ရေးတွေ လက်လွှတ် ရပြီး ရေနံနဲ့ဂတ်စ်ဝင်ငွေတွေ ပစ်မှတ်ထားခံရပြီဆိုရင်တော့ မြန်မာဖက်ဆစ်စစ်တပ်ရဲ့ ရှင်သန်ရေးဆိုင် ရာ ဖြစ်တည်မှုမှာ အောက်ဆီပြတ်ပြီလို့ ယူဆနိုင်ပါတယ်။

ခုခံစစ်ပွဲကြေညာခဲ့တာ တနှစ်ပြည့်တော့မယ့်အချိန်မှာ စစ်ဒေသ (၁)ဖြစ်တဲ့ အနောက်ဘက် စစ်မျက်နှာ The Western Theater မှာ ဆာဝီလျံ စလင်းရဲ့ မြင်းခွာသံတွေ ခပ်စိတ်စိတ်ကြားလာရပါ တယ်။ မိုးကောင်း-ရွှေဘိုလွင်ပြင်အစပ်က ကသုံးလုံးနယ်မြေမှာ ပြင်းထန်တဲ့ ရင်ဆိုင်ထိုးစစ်တိုက်ပွဲတွေ အောက် ဖက်ဆစ်တွေ တပ်ရင်းလိုက်ပြုတ်လို့ လေကြောင်းနဲ့အပြင်းအထန်တိုက်၊ လူချပြီး ချပ်သင်း တစ်ဝိုက် သည်းကြီးမည်းကြီး တိုးဝင်ဖို့ ကြိုးစားပါတယ်။ တစ်ချိန်တည်းမှာပဲ မောင်တော-ပလက်ဝ ခွင်မှာ ရက္ခိုင့်တပ်တော်ရဲ့ ဗျူဟာမြောက် စခန်းသိမ်းထိုးစစ်တွေကို အလူးအလဲ ခံနေရပါတယ်။ ပထမ ရက်ပေါင်း ၁၀၀ဟာ အချိန်ဇယားအတိုင်း ပီပီပြင်ပြင် ပုံပေါ်လာပြီလို့ ဆိုနိုင်ပါတယ်။

တစ်နိုင်ငံလုံးက ပြည်သူတွေ စောင့်ဆိုင်းနေကြတဲ့ “ဘာ၄ဘာ” ကာလဟာ ချဉ်းနင်းဝင်ရောက် လာပါပြီ။ ဒီကာလဟာ ဒုတိယရက် ၁၀၀ကို အပြည့်စုံဆုံး ပုံဖော်ဖန်တီးမယ့် အဆုံးသတ်တိုက်ပွဲကာလ လည်း ဖြစ်ပါတယ်။ တစ်ဒေါ်လာ ကျပ်၅၀၀၀ဖြစ်မှ ကျပ်တသောင်းဖြစ်မှ တိုင်းပြည်ပျက်တာဆိုတာ ထက် ကျနော်တို့အားလုံးဟာ မုန်တိုင်းရဲ့မျက်စိအောက်ကနေ ပြင်းထန်တဲ့လေပြင်းမုန်တိုင်းရဲ့ဒဏ်ကို ခံရဖို့ ရိုလာကိုစတာစီးပြီး ခရီးထွက်သွားကြပါပြီ။ လာမယ့် နိုဝင်ဘာဟာ ဒီတိုင်းပြည်ကို အစစ်အမှန် အုပ်ချုပ်နေတာ ဘယ်သူလဲ၊ ဘယ်သူက ပဋိပက္ခတွေကို အဓိကဖန်တီးနေတာလဲ၊ ဒီတိုင်းသူပြည်သား တွေ အားလုံးရဲ့ ပန်းတိုင်နဲ့ ရည်မှန်းချက်က ဘာလဲဆိုတာကို ရှင်းလင်းတဲ့အဖြေတခုပေးဖို့ သံပတ်ပေး ထားတဲ့ နာရီတစ်လုံးလို ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

 

ဖက်ဆစ်စစ်တပ်ဟာ ERO (လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ)နဲ့ PDF တပ်ဖွဲ့တွေ ကြား သွေးခွဲနိုင်ရင် ဒီစစ်ပွဲ သူတို့နိုင်တယ်လို့ တွက်ပြီး ပန်ဒိုရာသေတ္တာလေးကို ဆွဲဖွင့်ချခဲ့ပါတယ်။ ရက္ခိုင်၊ ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ၊ တအာင်း၊ ကိုးကန့်တော်လှန်ရေးအဖွဲ့တွေနဲ့ PDF ကြား ခိုင်မာတဲ့ စစ်ရေးဆိုင်ရာ ပေါင်းစည်းမှု၊ အမိန့်ပေးကွပ်ကဲမှုစနစ်တည်ဆောက်မှုနဲ့ တိုက်ပွဲဗျူဟာ အကောင် အထည်ဖော်မှုတွေဟာ တိုင်းပြည်သစ်တစ်ခု မွေးဖွားခန်းရဲ့ နိဒါန်းဖြစ်ပါတယ်။ စစ်ဒေသ (၂)နဲ့ (၃)ရဲ့ အလှုပ်အရွေ့တွေကလည်း ကာမဏိရဲ့ချက်ကောင်းကို ပစ်ဖို့ ခြေလှမ်းတွေဖြစ်ပါတယ်။ ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာလည်း စစ်ပြင်နေကြပါပြီ။ ဒီတစ်ခါနွေဦးကို ကြိုဖို့ ဆောင်း ကို ကျနော်တို့ ဖြတ်သန်းကြရပါတော့မယ်။

ရန်သူဖက်ဆစ်တွေဟာ အနှစ် ၇၀လုံးလုံး မကြုံဖူးတဲ့ ရှင်သန်ရပ်တည်ရေးဆိုင်ရာ အကျပ် အတည်းကြီးကို ရင်ဆိုင်နေရပါတယ်။ တိုင်းပြည်အပျက်ခံမလား၊ ဖက်ဆစ်အင်အားစုကြီး အပျက်ခံ မလားဆိုတဲ့ ရွေးချယ်စရာနှစ်ခုမှာ တိုင်းပြည်တစ်ခုလုံးကို ချနင်းပြီး ဖက်ဆစ်တပ်ရှင်သန်နိုင်ရေး နည်း လမ်းပေါင်းစုံသုံးဖို့ စိတ်ဒုံးဒုံးချထားတာမို့ ဒီပွဲဟာ သူသေကိုယ်သေ စိတ်ပိုင်းဖြတ်ပြီး တိုက်ရတဲ့ နောက်ဆုံးပွဲလည်း ဖြစ်ပါတယ်။

ဒီနောက်ဆုံးပွဲမှာ ကျနော်တို့ကျိမ်းသေ‌ပေါက်နိုင်ကို နိုင်ရမယ်ဆိုတဲ့ ကြုံးဝါးသံဟာ အချက် ၃ ချက်ကနေ လာပါတယ်။ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဝင် အင်အားစုတွေ (ERO)နဲ့ ဒီမိုကရေစီ တိုက်ပွဲဝင် အင်အားစုကြား ပေါင်းစည်းမှုကြီးဖြစ်ပေါ်ရာက နွေဦးဟာ အမျိုးသားညီညွတ်မှုကြီးကို ပထမဆုံးအကြိမ် ဖန်တီးပေးလိုက်ပါတယ်။ ဒီညီညွတ်မှုက ဘုံရန်သူ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ် ချေမှုန်းရမယ်ဆိုတဲ့ စစ်အောင်နိုင်ရေးရည်မှန်းချက်ကို ပူးပေါင်းအကောင်အထည်ဖော်စေတဲ့ အခင်း အကျင်းကို ဖြစ်ပေါ်စေပါတယ်။ ဒီတိုင်းပြည်ဟာ ဘယ်တုန်းကမှ ပြည်ထောင်စုမဟုတ်ခဲ့ဘူးဆိုတဲ့ ပကတိတရားကို လက်ခံပြီး အနာဂတ်တိုင်းပြည်သစ်တစ်ခုကို စိတ်တူကိုယ်တူ ပုံဖော်ဖန်တီးနိုင်မယ့် အခွင့်အရေးကို ပေးပါတယ်။

အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲနဲ့ ဒီမိုကရေစီတိုက်ပွဲနှစ်ခုစလုံးရဲ့ အဓိကပင်ရင်းပြဿနာက ဖက်ဆစ်စစ်တပ် ကိုယ်တိုင်ဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကျမှုက ဒီတိုက်ပွဲ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ သတ္တိနဲ့ ပြဿနာဖြေရှင်းဖို့ ကြိုးပမ်းမှုကို အားပေးပါတယ်။ စစ်အောင်နိုင်ရေးမှာ ERO/ PDF တွေကြား စနစ်တကျ ပေါင်းစည်းမှု၊ တာဝန်ခွဲဝေမှုနဲ့ အမိန့်နာခံမှုတွေ တည်ဆောက်ရေးဟာ အသက်သွေးကြော ပါပဲ။ ဒီရည်မှန်းချက်ကို ဖြည့်ဆည်းဖို့အတွက် စစ်ဒေသ ၃ ခုနဲ့ ညီနောင်မဟာမိတ်ဒေသတွေမှာ မုန့်သည်မသား မုန့်နားစားရင်း ၅၀ ရာခိုင်နှုန်း ထိန်းချုပ်နယ်မြေကနေ လွတ်မြောက်နယ်မြေနဲ့အတူ ၃ ပုံ ၂ ပုံ ထိန်းချုပ်နယ်မြေပေါ်ထွက်လာဖို့က ပစ္စုပ္ပန်ရဲ့အရွေ့ဖြစ်ပါတယ်။

 

ဆေးဝါးအပါအဝင် ပြည်ပသွင်းကုန်တွေ လုံးဝရပ်တန့်သွားပြီး အထွေထွေကသောင်းကနင်း ဖြစ်မှုကြီးဆီ ဦးတည်နေတဲ့ ပြည်သူတွေရဲ့ လူမှု-စီးပွားဘဝတွေဟာ သေနတ်သံတွေကြားထဲ တိုးဝင် ကြရပါတော့မယ်။ စစ်ပွဲကြီးကို ထရံပေါက်နေ ချောင်းကြည့်လို့မရတော့ဘဲ အဓိကဇာတ်ကောင်တွေ အဖြစ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကပြ အသုံးတော်ခံရတော့မယ့်အခြေအနေက ရောက်လာပါတော့ မယ်။ လေ့လာသုံးသပ်သူ သုတေသီတွေကလည်း ပဋိပက္ခတွေ ပေါက်ကွဲထွက်လာရင် ဒေသတွင်း မတည်ငြိမ်မှုတွေကို ဆက်တိုက်ဖန်တီးပေးမယ့် အခြေအနေကိုလည်း သတိပေးနေကြပါတယ်။ တချို့တွေက နိုင်ငံအသစ်တွေ ပေါ်ထွက်လာတာ၊ စစ်ဘုရင်တွေကြီးစိုးတဲ့ အပိုင်းပိုင်းသော နယ်မြေတွေ ပေါ်ထွက်လာမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိမှု ကွန်ရက်ကြီး ထိန်းမနိုင်သိမ်းမရဖြစ်လာရင် အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ဒီပဋိပက္ခတွေ ရောက်လာတော့မယ်လို့ ဆိုပါတယ်။

တိုင်းပြည်ဟောင်းတစ်ခု ဗုန်းဗုန်းလဲပြို နိဂုံးချုပ်ရတဲ့ တော်လှန်ရေးဟာ တိုင်းပြည်သစ်ကို မွေးဖွားခြင်း ဖြစ်တာကြောင့် ဖက်ဆစ်တွေအောက်က လွတ်မြောက်ရဖို့ တိုက်ပွဲဝင်နေတဲ့ လွတ်မြောက် ရေးတိုက်ပွဲနဲ့အတူ အသစ်တစ်ခုကို ဖန်တီးရမှာ သေချာပါတယ်။ ဒုတိယ ရက်ပေါင်း ၁၀၀ကျရင် မိတ္ထီလာလွင်ပြင်မှာ ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြရဖို့ မျှော်လင့်ပါရဲ့။ အခုတော့ ကျနော်တို့ အားလုံး ရိုလာကိုစတာ စစီးနေကြပါပြီ။

 

နေသန်မောင်