Chief Of Commanding က Fine လျှင်  Chain Of Command Good လာမည်

ယခုတစ်လော Chain of Command  အမိန့်ပေးကွင်းဆက်ကို လိုက်နာရန် တောင်းဆိုချက် များကို ပိုမို၍ တွေ့လာရသည်။ အဆိုပါ Chain of Command ကို စည်းရုံးမရ၍ မပြောသင့်သည့် ပြောဆိုမှုအချို့ကိုလည်း ကြားမိသည်။ တော်လှန်ရေးအကျိုးစီးပွားအရ ရှိပါစေ၊ ‌နောင်တစ်ချိန်ဖြေရှင်း ခိုင်းတာပေါ့ဟု သဘောထားလိုက်ရသည်။

ငယ်စဉ်က ကာကွယ်ရေးဝန်ကြီးရုံးတွင် ရုံးအကူ/စာပို့အဖြစ် လုပ်ကိုင်ခဲ့စဉ်က ခပ်ရေးရေး မှတ် မိသည်များကို ပြန်စဉ်းစားမိသည်။ ဖွဲ့စည်းပုံအရ ကာကွယ်ရေးဝန်ကြီး၊ ဒုဝန်ကြီး၏ အောက်တွင် အတွင်းဝန်မှာ အခရာ ဖြစ်သည်။ ယခင်ပါလီမာန်ခေတ်က ကာကွယ်ရေးအမြဲတန်း အတွင်းဝန်မှာ ဩဇာကြီးပြီး သူ့ရုံးခန်းသို့ ဗိုလ်နေဝင်းကအစ လာတွေ့ရသည်ဟု ဆိုသည်။ နောက်ပိုင်း စစ်တပ်အာဏာ သိမ်းပြီးနောက် အတွင်းဝန်အစား ကာကွယ်ရေးရုံးအဖွဲ့မှုးက တာဝန်ယူရသည်။ သို့သော် ရုံးအဖွဲ့မှူးမှာ ယခင်အတွင်းဝန်လို ဩဇာမရှိတော့ဘဲ ကာကွယ်ရေးရုံးအုပ်ကြီး၊ အမှုတွဲထိမ်းကြီးဟုသာ မှတ်ယူရ တော့သည်ဟု သိရသည်။

၁၉၈၈ အာဏာထပ်သိမ်းပြီးနောက် နဝတ ဥက္ကဌ၊ အစိုးရအကြီးအကဲဆိုသည့် အမည်၊ ကာကွယ်ရေးဝန်ကြီး၊ ကာကွယ်‌ရေး ဦးစီးချုပ်တို့မှာ တစ်ဦးဖြစ်သွား၍ ကာကွယ်ရေးဝန်ကြီးရုံးမှာ စစ် အာဏာရှင်စနစ်၏ အမှုတွဲထိမ်း ရုံးသေးရုံးမွှားတစ်ခုသာသာမျှ ရှိတော့မည်ဟု ယူဆရသည်။ မည်သို့ ပင် ဖြစ်စေ ဗျူရိုကရေစီလုပ်ထုံးလုပ်နည်းအရတော့ လည်ပတ်ရမည့်ရုံးတစ်ရုံးတော့ ဖြစ်မည်ဖြစ် သည်။

ထိုစဉ်က အာဏာမှန်သမျှ ချုပ်ကိုင်ထားသော စစ်ရုံးကြီးထဲတွင် ဦး၊ ရေး၊ ထောက် ရုံးမှာ ဌာန ကြီးများဖြစ်ကြပြီး ဌာနခွဲ ၁၊ ၂၊ ၃ စသဖြင့် များစွာခွဲထားကြသည်။ နောက်ပိုင်းဖတ်မိသောစာများအရ ရေး ၄၊ ရေး ၅၊ ထောက် ၄၊ ၅စသဖြင့် လုပ်ငန်းအမျိုးအစားအလိုက် ဌာနခွဲများစွာ တိုးချဲ့ထားသည်ဟု မြင်သည်။ ဦး၊ ရေး၊ ထောက် ရုံးကြီးများ၊ ဌာနခွဲများပြီးလျှင် သက်ဆိုင်ရာလုပ်ငန်းအလိုက် ညွှန်မှုးရာထူး ဖြင့် ဌာနခွဲများဖြစ်သည်။ ထောက်လှမ်းရေးညွန်မှုးရုံးဆိုလျှင် ကကလှမ်း၊ အင်ဂျင်နီယာဆိုလျှင် ကကယာ၊ ကကပြန်၊ ကကဥ၊ ကကပုံ၊ ကကငွေ၊ ကကနက်၊ ကကဝယ်၊ ကကကျင့် စသဖြင့် လက်ရုံး တပ် ဌာနခွဲများစွာကို ဖွဲ့စည်းထားသည်။ ကြည်း၊ ရေ၊ လေ ဦးစီးချုပ်ရုံးများနှင့် ဦးစီးရုံးများ ထပ်၍ ခွဲထားသည်။

ယေဘုယျအားဖြင့် စစ်ရုံးကြီး၏ အာဏာအရှိဆုံး ပုဂ္ဂိုလ်များမှာ ကာချုပ်၊ ဒုချုပ်၊ ပူးပေါင်း ကွပ်ကဲရေးချုပ်၊‌ ရေချုပ်၊ လေချုပ်၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်တို့ ဖြစ်မည်ထင်သည်။ ရုံးခန်း အကျယ်အဝန်း၊ ခမ်းနားထည်ဝါမှုအရ ဖြစ်သည်။ ကကလှမ်းသည် ညွှန်မှူးရုံးဖြစ်၍ အစွန်အဖျား လှေကားခွင် ထောင့်ချိုးလေးတွင်သာ ရှိသည်။ ထိုစဉ်က ဗိုလ်ခင်ညွန့်က တွင်း-၁ ရာထူးနှင့် ပြင်ပတွင် ဘုန်းမီးနေလတောက်သည့် TV မင်းသား ဖြစ်နေသော်လည်း စစ်ရုံးကြီးထဲတွင် သာမာန်ညွှန်မှူးများ ကဲ့သို့ ကိုယ်ဖိုင်တွဲတစ်ထပ်ကြီး ကိုယ်မှာပိုက်ပြီး ဗိုလ်သန်းရွှေရုံးခန်းရှေ့တွင် နေ့တစ်ဝက်ခန့် ရပ်စောင့် နေရသူသာ ဖြစ်သည်ကို တွေ့ရသည်။

ဦးစီးချုပ်ရုံးများနှင့် တွဲလျက် စစ်ဆင်ရေးဌာနကြီးများမှာ ပိုမို၍ တန်ခိုးထွားပုံရသည်။ ဥပမာ

ကြည်းတာဝန်ရုံးနှင့်တွဲလျက် ကြည်းစစ်ဆင်ရေးရုံးများ ဖြစ်သည်။ အလားတူ ရေစစ်ဆင်ရေး၊ လေစစ် ဆင်ရေးရုံးများလည်း တွဲထားသည်။

အဆိုပါ ဦးစီးတာဝန်ရုံးများနှင့် စစ်ဆင်ရေးရုံးများတွင် ဂျီဝမ်း၊ ဂျီတူး၊ ဂျီသရီး ရာထူးများသည် ရှေ့ရာထူးတိုးရေးအတွက် မဖြစ်မနေဖြတ်ကြရသော နေရာများဖြစ်သည်ဟု စစ်ဗိုလ်ဟောင်းများ ရေး သော စာအုပ်များတွင် ဖတ်ရသည်။ တွင်း-၂ ဗိုလ်တင်ဦးသည် ကြည်းစစ်ဆင်ရေးအရာရှိချုပ်အဖြစ် စစ်ဖက်ရာထူးနှင့် တွဲဖက်ဖော်ပြသည်ကို ဖတ်ရသည်။ စစ်ဦးစီးအရာရှိချုပ်များကို ယခင်က ကာနယ် ဂျီးအက်စ်များဟု ခေါ်ကြပုံရသည်။ အာဏာသိမ်းစက ဗိုလ်တင်ဦးသည် ဗိုလ်မှုးကြီးရာထူးနှင့် ကာနယ် ဂျီအက်စ်ဖြစ်သည်။ စစ်ဗိုလ်ဟောင်းများစာအုပ်များအရ စစ်ရုံးကာနယ်ဂျီအက်စ် ရာထူးဝင်ပြီးလျှင် တိုင်းမှူး၊ တပ်မမှူးနှင့် ပြန်ထွက်ကြရသည်ဟု ဖတ်ရသည်။

နောက်ပိုင်းတွင် အထူးစစ်ဆင်ရေးကွပ်ကဲမှု အဖွဲ့များ၊ ဒေသအဖွဲ့များ စသဖြင့် ရာထူးများစွာ တော့ ထိုစဉ်က မတွေ့မိ့သေးပေ။ အထူးစစ်ဆင်ရေး ကွပ်ကဲမှုအနေဖြင့် ဗိုလ်သန်းရွှေ အရှေ့မြောက် တွင် တပ်မမှူးအနေဖြင့် ဗကပနှင့် စစ်ဆင်ရေးလုပ်ရာတွင် ဗိုလ်သန်းရွှေကို စိတ်မချ၍ ဗိုလ်ချုပ်ထွန်းရီ ကို စကခမှူးခန့်၍ ဦးဆောင်တိုက်ခိုင်းထားရသည်ဟု ဗိုလ်ကြီးဝင်းထိန်၏ စာအုပ်တွင် ဖတ်ရသည်။

ကာကွယ်ရေးဦးစီးချုပ် ကြည်း၊ ရေ၊ လေရုံးများနှင့် ဦးစီးတာဝန်ရုံးများမှာ စီမံ၊ အုပ်ချုပ်ရေး၊ ဦး၊ ရေး၊ ထောက်တာဝန်များကို အဓိက ထမ်းကြပုံရသည်။ Administration အက်ဖ်ဒမင်ဟု ခေါ်သံကြားမိ ပြီး စာအုပ်များအရ Adman Box များဖြစ်သည်ဟု ဖတ်မိသည်။ ဒါ အက်ဒမင်ပိုင်းနဲ့ မဆိုင်ဘူး၊ စစ်ဆင် ရေးက ကိုင်ရမှာ စသဖြင့် ပြောသံကြားမိသည်။ အဆိုပါ Adman Box  များမှာ တိုင်း၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့အဆင့်ဆင့်ထိ ဖွဲ့စည်းထားကြသည်။

ဒုတိယကာကွယ်ရေးဦးစီးချုပ် ကြည်း၊ ရေ၊ လေ ရုံးများနှင့်အတူ ကြည်း၊‌ ရေ၊ လေ စစ်ဆင်ရေး ရုံးများ တွဲလျက်ရှိသည်။ ဒုချုပ်များသည် စစ်ဆင်ရေးကို သီးခြားကိုင်တွယ်ရပုံရသည်။ ဦးစီးချုပ်များမှာ အချုပ်ဖြစ်သော်လည်း စစ်ဆင်ရေးအပြင်၊ အခြားစီမံအုပ်ချုပ်ရေးလုပ်ငန်းများစွာ၊ စစ်တပ်ကြီးတစ်ခု လုံး ခြုံငုံအုပ်ချုပ်ရ၍ ဒုချုပ်များသည် စစ်ဆင်ရေးကို သီးခြားတာဝန်ယူထားရပုံရသည်။ ဦးစီးချုပ်များ နှင့် ဒုချုပ်အကြား၊ လက်အောက်အဆင့်ဆင့်အကြားတွင် စစ်ဦးစီးအရာရှိချုပ်များ၊ ကာနယ်ဂျီအက်စ် များဖြင့် ဟန်ချက်ထိမ်းထားပုံရသည်။

ဤနေရာတွင် Chain of Command သွားပုံမှာ အုပ်ချုပ်ရေးကိစ္စနှင့် စစ်ဆင်ရေးကိစ္စ ခွဲခြား ထားပုံရသည်။ စစ်ရုံးကြီးတစ်ခုလုံးတွင် ကန့်သတ်ဧရိယာမှာ စစ်ဆင်ရေးခန်းမ War Room ဖြစ် သည်။ အနားပင် သီမရ။ War Room သည် လုံခြုံရေးအတင်းကျပ်ဆုံး ဖြစ်သော်လည်း စစ်ဆင်ရေး အစည်းအဝေး ပြီးသည်နှင့် နေလယ်ပိုင်းတွင် စစ်ရေးစီမံချက်ကြီးတစ်စုံလုံး ရန်ကုန်မြို့ ဆိုဗီယက်သံရုံး ရှိ KGB စားပွဲပေါ်ရောက်နေပြီဟု ရန်ကုန်မြို့ ဆိုဗီယက်သံရုံးအတွင်းရေး စာအုပ်တွင် ဖတ်ရသည်။

War Room အစည်းအဝေးရှိ့သည်ဆိုလျှင် စစ်ရုံးကြီးအတွင်းသို့နယ်အသီးသီးမှ တပ်မှုးများ ရောက်‌နေ ကြသည်ကို တွေ့ရသည်။

ဗိုလ်ချူပ်ကြီးသူရဦးတင်ဦး (NLD)၏ အတ္ထုပ္ပတ္တိစာအုပ်အရ ဦးနေဝင်း စိတ်ဆိုး၍ သူ့ကို မဖြုတ်ခင် War Room ကို ဦးနေဝင်း၏ မေခလမ်းအိမ်သို့ ရွေ့လိုက်ကြောင်း၊ စစ်ဆင်ရေး အစည်း အဝေးများကို ဒုချုပ် သူရကျော်ထင်နှင့် ထိုင်ကြပြီး သူ့ကို မဖိတ်တော့ကြောင်း ရေးသားထားသည်။ ဦးတင်ဦးအား ဗိုလ်နေဝင်းက မဖြုတ်မီ အုပ်ချုပ်၊ စီမံ၊ ထောက်ပံ့ရေးတာဝန်သာ လုပ်နေရပြီး စစ်ဆင် ရေးတာဝန် ရုပ်သိမ်းခံထားရသည့်သဘော ဖြစ်သည်။

လုံခြုံရေးနှင့် စစ်ဆင်ရေးကိစ္စများသည် တပ်များကို ကိုင်တွယ်မောင်းနှင်၊ ကွပ်ကဲ၊ အမိန့်ပေး၊ စီမံရသောနေရာ ဖြစ်ရာ စစ်ဆင်ရေးကိစ္စများတွင် အမိန့်ပေးကွပ်ကဲမှုစနစ် Chain Of Command

မှာ အဓိကဖြစ်ပုံရသည်။ ကျန်သည် အုပ်ချုပ်၊ ထောက်ပံ့ စသဖြင့် ဦးစီးတာဝန်များမှာ ရုံးလုပ်ငန်း၊ ဗျူရိုကရေစီဆန်ဆန် စီမံခန့်ခွဲရသော နေရာများဖြစ်မည်။ စစ်ဆင်ရေးကိစ္စမှာ အရေးပေါ်အခြေအနေကို ကွပ်ကဲစီမံရသည့် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု Crisis Administration and Crisis Leadership

ဖြစ်ရာ အချိန်ပြည့်တာဝန်ခံမှုနှင့် အမိန့်ပေးကွပ်ကဲမှုစနစ် အရေးကြီးပုံရသည်။ အမိန့်ပေးကွပ်ကဲမှု Chain Of Command သည် စစ်ဆင်ရေးခန်းမမှ စစ်ဆင်ရေးကွပ်ကဲမှု အဆင့်ဆင့်နှင့် နောက်ဆုံး ရှေ့တန်းစစ်မြေပြင် တပ်မှူးကြီး၊ ငယ်အထိ လျင်မြန်သွက်လက်စွာ စီးဆင်းဖို့ လိုအပ်ပုံရသည်။

ယခု စကစ၏ အညာမီးရှို့စစ်ဆင်ရေးများတွင် ၎င်းတပ်များ အဝိုင်းခံရသည်နှင့် လေကြောင်း ပစ်ကူ ချက်ချင်းရောက်လာပုံအရ War Room သည် ၂၄ နာရီ စစ်ဆင်ရေးကို Chain Of Command ပေးနိုင်နေပုံရသည်။ မင်းအောင်လှိုင်သည် တောက်တိုမယ်ရ အလုပ်များဖြင့် စကစအား အသက်ဆက် နေချိန်တွင် စိုးဝင်းဦးဆောင်သည့် စစ်ဆင်ရေးကွပ်ကဲမှု War Room ကတော့ အချိန်ပြည့်အမိန့်ပေး

စီးဆင်းမှု ချောမွေ့ရန် အာရုံစိုက်နေပုံရသည်။

ဤနေရာတွင် တင်ပြလိုသည်မှာ နွေဦးတော်လှန်ရေးအဖွဲ့မျိုးစုံအား အမိန့်ပေးကွပ်ကဲမှုစနစ် Chain Of Command  တောင်းဆိုမှုသည် စစ်ရေးလိုအပ်ချက် ဖြစ်သည်မှာ မငြင်းသာသော်လည်း

 

၁။ စီမံအုပ်ချူပ်မှု၊ ဦး၊ ရေး၊ ထောက် လုပ်ငန်းများအတွက်လား၊

၂။ စစ်ဆင်ရေးလုပ်ငန်းများအတွက်လား ဆိုသည်မှာ ရှင်းရှင်းလင်းလင်းတောင်းဆိုရန် လိုအပ်လာ

သည်ဟု မြင်မိသည်။

ပုံမှန်စစ်တပ်တစ်ခုတွင်ပင်လျှင် စီမံခန့်ခွဲရေး Adman Box မှာ အစိုးရဝန်ကြီးဌာနတစ်ခု၏ ဝန်ကြီးဌာနတစ်ခုနည်းတူ ဗျူရိုကရေစီယန္တရား လည်ပတ်ပုံအတိုင်း လည်ပတ်ပြီး။ စစ်ဆင်ရေးကိစ္စ များတွင် အရေးပေါ်စီမံခန့်ခွဲမှု၊ ပဋိပက္ခတွင်း စီမံခန့်ခွဲမှု Ad hoc Administration, Crisis Administration နှင့် Crisis Leadership ဖြင့် Chain of Command အမိန့်ပေးစနစ်ကိုခွဲခြား လုပ်ကိုင်သည်ကိုတွေ့ရသည်။

သာမန်၊ သို့မဟုတ် ပုံမှန်စီမံခန့်ခွဲရေးလုပ်ငန်းသည် Chain of Command အမိန့်ပေးစနစ်နှင့်

အံဝင်ခွင်ကျ မဖြစ်သလို စစ်ဆင်ရေးကိစ္စများတွင်လည်း ပုံမှန်ဗျူရိုကရေစီ လည်ပတ်ပုံဖြင့် လည်ပတ် ၍ မရသည်မှာ သေချာသည်။

Administration နှင့် Chain of Command မှာ သဘောသဘာဝမတူသလို တစ်ခုကိုတစ်ခု

ဝင်ရောက်စွက်ဖက်ရန် မဖြစ်နိုင်သည်ကို တွေ့ရသည်။

စကစ၏ စစ်ရုံးချုပ် HQ တွင် ဌာနပေါင်းမြောက်များစွာ ရာဂဏန်းထိရှိနိုင်မည် ဖြစ်သည်။

သို့သော် HQ ၏အသက်မှာ Adman Box နှင့်စစ်ဆင်ရေး၏ Chain of Command အမိန့်ပေးစနစ် ယူနစ်မှာ အတူတူပင် အရေးပါသော်လည်း သီးခြားစီဖြစ်သော ခေါင်းနှင့်ပန်း တစ်စုံဖြစ်မည်ဟု မြင် သည်။ သို့သော် စစ်ဆင်ရေးအရေးကြီးသည့်ကာလတွင် HQ ၏ အသည်းနှလုံးမှာ စစ်ဆင်ရေး ဖြစ်သွား မည် ဖြစ်သည်။ ကျန်သည့်ဌာနခွဲမျိုးစုံသည် စစ်ဆင်ရေး၏ လိုအပ်ချက်မှန်သမျှ အုပ်ချုပ်၊ ထောက်ပံ့ ရေး၊ ပေါင်းစပ်ပေးရေးကို လုပ်ဆောင်ကြမည် ဖြစ်သည်။

ထိုသို့ ပေါင်းစပ်စီမံမှုအတွက် စစ်ဦးစီးချုပ်နှင့် ရုံးမှာ အဓိကကျသော်လည်း အမိန့်ပေးကွပ်ကဲမှု စနစ် Chain of Command မှာ စစ်ဆင်ရေးတာဝန်ခံရသူနှင့် ဌာန Chief of staff စစ်သူကြီးနှင့် War Room မှတစ်ဆင့်သာ စီးဆင်းမည်ဖြစ်သည်။

ဗိုလ်ချုပ်ကြီးပေါင်းများစွာ၊ ဗိုလ်ချုပ်ပေါင်းများစွာနှင့် ကြုံသည့်သူကြုံသလို အမိန့်ပေး၍ Chain of Command လုပ်၍ ရသည့်အလုပ် မဟုတ်ပေ။ အမိန့်ပေးစနစ် Chain of Command အတွက် ဗဟိုအမိန့်ပေးစနစ်/ဌာန Chief of Commanding Center ရှိရမည် ဖြစ်သည်။ စစ်ဆင်ရေး အတွက်လိုအပ်သည့် အမိန့်ပေးကွပ်ကဲမှုမှန်သမျှ အဆိုပါ Chief of Commanding Center မှ စီးဆင်း ရမည်ပင် ဖြစ်သည်။

ထိုသို့မဟုတ်ပါက ဟိုညွှန်မှူးကဝင်အမိန့်ပေးလိုက်၊ ဒီညွှန်မှူးက ဝင်အမိန့်ပေးလိုက်နှင့် ကမောက် ကမ အမိန့်ပေးစနစ် Chain of Command ဖြစ်သွားမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် အဆိုပါ Chain Of Command ကို တာဝန်ယူမည့် ဗဟိုအမိန့်ပေးစင်တာ Chief Of Commanding Center လိုသလို

အဆိုပါ အမိန့်ပေးစနစ်ကို အချိန်ပြည့်တာဝန်ခံမည့်၊ ကောင်းမွေဆိုးမွေတာဝန်ခံမည့် စစ်ဦးစီးအမိန့် ပေး Commander ၊ စစ်ဦးစီးအရာရှိချုပ် Chief of Staff နှင့်စစ်ဦးစီးအဖွဲ့  Chief of Command staff’s လိုအပ်လာမည် ဖြစ်သည်။ တစ်နည်းအားဖြင့် စစ်သေနာပတိ၊ စစ်သူကြီးအဖွဲ့နှင့် စစ်ဦးစီးများ ရှိရမည် ဖြစ်သည်။ Chain of Command ဆိုပြီး ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ကလည်း အမိန့် ပေး၍ မရသလို၊ မြောက်မြားလှစွာသော် ညွှန်ချုပ်၊ညွှန်မှူးများကလည်း အမိန့်ပေး၍မရသည်မှာ သေချာ သည်။ စီမံခန့်ခွဲရေးအလုပ် Adman Box အလုပ်နှင့် စစ်ဆင်ရေးကွပ်ကဲမှု Chain of Command ကို မရောထွေးရန် လိုအပ်လှသည်။

စကစသည် ပြည်သူတို့၏တော်လှန်မှုများကို တိုက်ခိုက်ရာတွင်၊ ပြည်သူများကို ဖိနိုပ်နေရာတွင်

ခိုင်မာသည်၊ ရှင်းလင်းသည့်၊ ရှုပ်ထွေးမှုမရှိသည့် အမိန့်ပေးစနစ် China of Command ကိုကျင့်သုံးနေ သည်ကို သတိမလွတ်ရန် ဖြစ်သည်။

တော်လှန်ရေးအဖွဲ့များ စုစည်းညီညွတ်၍ တစ်ခုတည်းသော် အမိန့်ပေးစနစ် လိုအပ်သည်မှာ သေချာသည်။ သို့သော်အဆိုပါ Chain of Command အတွက် စစ်ဆင်ရေးစီမံချက်နှင့် စစ်ရေး အသက်ဝင်မှု ရှိရန် ကနဦး လိုအပ်မည်ထင်သည်။

ထိုသို့ စစ်ရေးအသက်ဝင်လာလျှင် ၎င်းစစ်ရေးအတွက် HQ, War Room, Chief of Command Center, Chief of Command, Commander, Chief of staff Office တို့မှတစ်ဆင့် Chain of Command စီးဆင်းသွားမည်ဖြစ်သည်။

မြန်မာနွေဦးတော်လှန်ရေးသည် သဲအိတ်မြို့ပြသပိတ် ခံစစ်များမှတစ်ဆင့်၊ ကလေး၊ ကနီမှ ပြည်သူများ ရရာလက်နက်ဖြင့် စတင်တော်လှန်ရာမှ စတင်လာခြင်းဖြစ်သည်ကို ကျေးဇူး မမေ့ရန် လိုအပ်လှသည်။ ပြည်သူက ရရာလက်နက်ဆွဲကိုင်တော်လှန်ရင်း ပြည်သူရဲ့ လှူဒါန်းထောက်ပံ့မှုဖြင့် ရက်ပေါင်း ၆၀၀ နီးပါးရောက်လာခြင်း ဖြစ်သည်။ ဒေသန္တရပြောက်ကျားအဖွဲ့များ LPDF များနှင့် မြို့ပြ ပြောက်ကျားများဖြင့် တော်လှန်ရေးအသက်ဆက်လာခြင်း ဖြစ်သည်။

ဒေသန္တရပြောက်ကျား LPDF များနှင့် မြို့ပြပြောက်ကျားတို့၏ အသက်ပေါင်းများစွာ စွန့်လွှတ် ပေးဆပ်မှုနှင့် တော်လှန်ရေးအသက်ဆက်လာခြင်းဖြစ်သည်ကို ကျေးဇူးမကန်းရန် လိုအပ်လှသည်။ LPDF များနှင့် မြို့ပြပြောက်ကျားများ၏ တိုက်ပွဲစစ်မျက်နှာများကြောင့် စနစ်ကျသော PDF များ လေ့ကျင့်ထူထောင်ရန် အချိန်နှင့်အခြေအနေ ဖြစ်ပေါ်လာသည်ကို မမေ့ရန်လိုအပ်လှသည်။

 

စနစ်ကျသောတပ်တစ်ခုထူထောင်ရန်ဆိုသည်မှာ –

၁။ Concentration ကာလ။

အင်အားစုစောင်းခြင်း၊ လေ့ကျင့်ခြင်း၊ ပြင်ဆင်ခြင်း၊ လက်နက်တပ်ဆင်ခြင်း စသဖြင့် ကာလ တစ်ခုကို ယူရမည်ပင် ဖြစ်သည်။ ထိုကဲ့သို့စိတ်အေး၊ လက်အေးတပ်စုစည်း၊ တည်ဆောက်၊ တပ်ဆင် ရန်အတွက် စကစအားLPDF များမှ မလှုပ်နိုင်အောင်၊ အနားမရအောင် တိုက်ပွဲဝင်ပေးနေခြင်း၊ ခြွေစစ် ဆင်ပေးခြင်း၊ စစ်ပန်းစေခြင်းများကို ရွာကုန်မီးရှို့ခံ၍ လုပ်ပေးခဲ့ရခြင်းဖြစ်သည်။

 

၂။ Deployment တပ်နေရာချထားခြင်းကာလ။

စုစည်း၊ တည်ဆောက်၊ တပ်ဆင်ပြီးသွားပါက ရေးဆွဲထားသော စစ်ရေးရည်မှန်းချက်အရ တပ်ရင်း၊ တပ်ဖွဲ့များ နေရာချထားရမည်ပင် ဖြစ်သည်။

 

၃။ Mobilizationတပ်ရွေ့ခြင်းကာလ။

နေရာချထားသော တပ်များကို ဗျူဟာမြောက်လှုပ်ရှားချီတက်စေရမည့်ကာလ ဖြစ်သည်။

 

၄။ Maneuvering စစ်လှုပ်ရှားကစား၊ စစ်တိုက်ရမည့်ကာလ ဖြစ်သည်။

 

ဗျူဟာမြောက်ချီတက်ရင်းမှတစ်ဆင့် တက်၍ ရန်သူကို ထိုးနှက်တိုက်ခိုက်လာခြင်း ဖြစ်သည်။

စစ်ကစားလာခြင်း ဖြစ်သည်။ စသဖြင့် အဆင့်များကို ဖြတ်ရမည်ဟု သောင်းထိုက်၏ မဟာဗျူဟာ စာအုပ်အရ ဖတ်မှတ်ရသည်။

ရှေးမြန်မာစစ်သေနင်္ဂဗျူဟာကျမ်းစာအုပ်အရ ဘုရင်၊ အစိုးရမှ စစ်ချီအမိန့်ပြန်တမ်းတော်ကြီး ထုတ်ပြန်သည်။ အမိန့်ပြန်တမ်းတော်ကြီးတွင် စစ်ဝန်ကြီး(ဗိုလ်မှူးမင်းသား)၊ စစ်သေနာပတိ၊ စစ်သူကြီး များ၊ စစ်ကဲ၊ နာခံတော်များ၊ ၁၀၀၀ဗိုလ်၊ ၅၀၀ဗိုလ် မှစ၍ သွေးသောက်ကြီးအထိ ရာထူးရာခံများ ခန့် အပ်သည်။ ထို့အပြင် စစ်ပြင်ဆင်မှု ဘဏ္ဍာ၊ ရိက္ခာ၊ လက်နက်၊ လူသူ စသဖြင့် လိုအပ်ချက်များအတွက် အဂ္ဂမဟာဝန်ကြီးနှင့် ဝန်ကြီးများပါဝင်သည် အဖွဲ့ကို ခန့်အပ်သည်။ ယခုခေတ်အခေါ်  ဗဟိုစစ်ကော် မရှင် CWC သဘောဖြစ်မည်။ ထို့နောက် စစ်ဝန်ကြီး/စစ်သေနာပတိမှ အမိန့်ပြန်တမ်းများ ထုတ်ခြင်း၊ ပြင်ဆင်ခြင်း၊ လေ့ကျင့်ခြင်း စသဖြင့် စစ်ချီချိန်၊ စစ်တိုက်ချိန်တစ်လျှောက်လုံး ထိန်းကျောင်းသွားသည်။

စစ်သေနာပတိပြန်တမ်းတော်တွင် ယခုခေတ်ပြောဆိုနေကြသော  Cord of Contact, Non-combated ၊ စစ်စည်းကမ်း၊ လိုက်နာရန်၊ ဆောင်ရန်၊ ရှောင်ရန်များ စသဖြင့် စုံလင်စွာ ထည့်သွင်းထား သည်ကို တွေ့ရသည်။

စစ်ဝန်ကြီ/စစ်သေနာပတိ၏အောက် စစ်သူကြီးများအဖွဲ့တွင် စစ်ကဲနှင့် နာခံတော် ထပ်ခွဲထား သည်။ စစ်ကဲမှ လက်ဝဲစစ်ကြောင်း၊ လက်ယာစစ်ကြောင်း၊ စစ်လျင်၊ စစ်ဖျား၊ စစ်မြီး စသဖြင့် စစ်အင်္ဂါ စဉ်အလိုက် ခန့်အပ်ထားပြီး နာခံတော်များလည်း တွဲဖက်ထားသည်။ စစ်ကဲမှာ တိုက်ခိုက်ရေး၊ စစ်ဆင် ရေး အဆုံးအဖြတ် စစ်သူကြီးဖြစ်ပြီး နာခံတော်မှာ စစ်စည်းကမ်း၊ ရိက္ခာ၊ လက်နက်၊ တပ်အိပ်၊ တပ်နိုး၊ တပ်‌နေ၊ တပ်ချ၊ ကင်းချ၊ ကင်းရပ်စသဖြင့် အုပ်ချုပ်၊ ထောက်ပံ့ရေးတာဝန်များ ထမ်းရသည်။

ယခုခေတ်အခေါ်ဆိုလျှင် Admin ဦး၊ ရေး၊ ထောက်စီမံအုပ်ချုပ်နှင့် Operation and Champagne စစ်ဆင်ရေးတာဝန်ကို စနစ်တစ်ကျခွဲခြားထားပုံရသည်။ စစ်ကဲအလုပ်ကို နာခံတော် ဝင်ပါ၍မရသလို နာခံတော်အလုပ်ဖြင့် စစ်ကဲကို ဝန်မပိစေခြင်း ဖြစ်မည်။

LPDF များနှင့် မြို့ပြပျောက်ကျားများသည် နှစ်နှစ်နီးပါးမျှ ကျားကုတ် ကျားခဲ မနားတမ်း တိုက် ပွဲဝင်နေသည့်အချိန်တွင် စနစ်တစ်ကျ ပြင်ဆင်ဖွဲ့စည်းထားသော NUG ၏ PDF တပ်များသည် အဆင့် ၁ ပြီးဆုံးရန် လုံလောက်သည့်အချိန်ရပြီး ဖြစ်၍ ပြီးစီးသင့်ပြီဟု ယူဆရသည်။

ယခုလက်ရှိ Deployment, Mobilization, Maneuvering အဆင့်များတွင် မည်သည့် အဆင့် သို့ ရောက်နေပြီဟု မသိရသေးဟု ဆိုရမည် ဖြစ်သည်။ ဆွန်ဇူး၏အလိုအရ မြို့ပြကို ဝိုင်းရံတိုက်ခိုက်ရန် ဆိုလျှင် လက်နက်၊ လူသူ၊ ဗိုလ်ပါ၊ ရိက္ခာ၊ ဆင်မြင်း၊ ယန္တရား စုစည်းပြင်ဆင်ချိန် (Concentration) ကာလ ၃ လယူရမည် ဖြစ်သည်။

တစ်ဖန် မြို့ပြကို ဝိုင်းရံလုပ်ကြံရန် ကြံစည်ရချိန် Deployment ကာလ ၃ လအချိန်ယူရမည် ဖြစ်သည်။ တစ်ဖန် ဝိုင်းရံလုပ်ကြံခြင်း Mobilization ကာလအတွက် ၃လယူရမည် ဖြစ်သည်။

တစ်ဖန် မြို့ပြကို နည်းမျိုးစုံဖြင့် တိုက်ခိုက်ချိန် Maneuvering ကာလမှာ အနိမ့်ဆုံး ၃လ နှင့် အကန့် အသတ်မရှိ ကြာနိုင်သည်ဟု ဆိုသည်။

ဤသည်ပင် ရန်သူထက် အင်အား ၅ ဆမှ ၁၀ ဆ သာရမည် ဖြစ်ပြီး အင်အား၏ သုံးပုံတစ်ပုံ အရင်းပေးရမည် ဖြစ်သည်ဟု ဆိုသည်။ ယခု NUG,PDF ၏ စစ်ရေးစီမံချက်ကို မသိနိုင်သော်လည်း မည်သည့်အဆင့်တွင် ရှိနေသည်ကို ဆဝါးရန် ဖြစ်သည်။

သို့သော် NUG ၏ MOD ကာကွယ်ရေးဝန်ကြီး၏ ဆိုရှယ်စာမျက်နှာရေးသားချက်အရ NUG ၏ စနစ်တကျ စုစည်းပြင်ဆင်ထားသော PDF များသည် နှစ်ပေါင်း ၇၅ နှစ်စစ်သက်ရင့် KNU နှင့် တွဲ၍ တိုက်သော မြဝတီ၊ ကောကရိပ်၊ လေးကေးကော်တိုက်ပွဲ၊ ဥကရစ်ထ စသဖြင့် ခွင်များတွင် လည်းကောင်း၊ စစ်သက်အတွေ့အကြုံ နှစ် ၆၀ ခန့် ရှိ့သော KIA ၏သွန်သင်မှုနှင့် တိုက်ကြသော တန့်ဆည်‌၊ ကောလင်း စသဖြင့် တိုက်ပွဲခွင်ရလဒ်များကို လည်း‌ကောင်း ရည်ညွှန်း၍ ရလဒ် ပိုကောင်း

သည်ဟု ညွှန်းဆိုသွားသည်ကို ဖတ်ရသည်။

 

ထိုမှအတွေးပွားစရာရှိ့လာသည်မှာရေဦး၊ တန့်ဆည် စသဖြင့်ဒေသ၊ မြဝတီကောကရိတ် စတဲ့ ဒေသ၊ မုန်းကျောက်ကြီး စတဲ့ ဒေသများသည် ယေဘုယျအားဖြင့် စစ်တပ်၏ ခံစစ်သေမျဉ်းကြောင်း များ၏ အဖျားအစပ်များ ဖြစ်သည်ဟု ယူဆရသည်။ တောင်ငူ-ပြည်ခံစစ်မျဉ်းမှ ရှေးယခင်ခေတ်မှစ၍ ဒုတိယကမ္ဘာစစ်နှင့် ယနေ့တိုင် ခံစစ်မျဉ်းအဖြစ် ရှိနေဆဲဖြစ်ရာ တောင်ငူ၊ သို့မဟုတ် ပြည်ကို သိမ်းနိုင်မှ သာ အဆိုပါ ခံစစ်မျဉ်းကျိုးမည် ဖြစ်သည်။

အလားတူ တောင်ပိုင်းခံစစ်မျဉ်း၏အဓိက စစ်တောင်းမြစ်ကူးတံတား၊‌ ပေါင်းကူးခြေကုပ် ဧရိယာနှင့် ဘီးလင်းချောင်းတစ်လျှောက်သိမ်းနိုင်မှသာ တောင်ပိုင်းခံစစ်ကြောင်း ကျိုးမည် ဖြစ်သည်။

အလားတူ ရွှေဘိုလွင်ပြင်သိမ်းနိုင်ပြီး စစ်ကိုင်းတံတား ပေါင်းကူးခြေကုပ် ဧရိယာကိုသိမ်းနိုင်မှသာ အပေါ်ပိုင်းခံစစ်ကြောင်း ကျိုးမည် ဖြစ်သည် ဟူသော သဘောကို မြန်မာစစ်သမိုင်းစာအုပ်များအရ ဖတ်ရသည်။

ယခု ကာကွယ်ရေးဝန်ကြီးညွန်းဆိုသောတိုက်ပွဲခွင်များမှာ စကစ ခံစစ်မျဉ်းများ၏ အဖျားအစပ် များသာ ဖြစ်ရာ စကစ၏ ခံစစ်မျဉ်းများအတွင်းထဲသို့ ဝင်ရောက်တိုက်ခိုက်ခြင်းမရှိသေးဟု ယူဆရမလို ဖြစ်နေသေးသည်။ စကစ၏ အတွင်းတစ်ထပ် ခံစစ်မျဉ်းသေဖြစ်သော မန္တလေးခံစစ်မျဉ်း ဒေသများမှာ စစ်ကိုင်း၊ မကွေးကဲ့သို အခြေအနေမရောက်သေးဟု မြင်ရသည်။

ထိုသို့ဆိုလျှင် နေ့စဉ်နှင့်အမျှ စကစ၏ ခံစစ်မျဉ်းများ အတွင်းဘက်မှနေ၍ စကစကို ရက်ပေါင်း ၆၀၀ နီးပါး အထိနာအောင် ရွာမီးရှို့ခံ၊ လူအစုလိုက်အပြုံလိုက် အသတ်ခံ၍ တိုက်နေသည်မှာ LPDF များသာ ဖြစ်သည်ဟု ဝန်ခံသည့်သဘော ယူဆမိသည်။

စကစ၏ အဓိကနေရာများ၊ အဆုံးအဖြတ်နေရာများ၊ အလှည့်အပြောင်းနေရာများနှင့် အချက် အချာ နေရာအများစုတွင် LPDF နှင့်UG များသည်ပင် ခက်ခက်ခဲခဲ၊ ရဲရဲဝံ့ဝံ့၊ စွန့်စွန့်စားစား လှုပ်ရှားနေ ရသည့်သဘော မီဒီယာသတင်းများအရဖတ်နေရရာ စနစ်တကျလေ့ကျင့်ထားသော PDF များဝင် ရောက်လာရန် အချိန်တစ်ခု ယူရမည်ဟု မြင်ရသည်။

ယခုအနီးစပ်ဆုံး LPDF တို့ စကစကို ဗျောင်းဆန်အောင် ပေါင်းလှန်ထားသော စစ်ကိုင်း၊ မကွေး အတွင်းပိုင်းဒေသများ၊ စကစ၏ ခံစစ်မျဉ်း၏ အတွင်းဘက်ဒေသများအတွင်းသို့ စနစ်တကျ စုစည်း ထားသော NUG,PDF များမှ လက်စွမ်းပြ၊ ရလဒ်ကောင်းများ ရရှိလာကြောင်း MOD ကာကွယ်ရေး ဝန်ကြီးက မကြာမီ ဆက်လက်ရေးသားလာမည်ဟု မျှော်လင့်ရသည်။

ထိုသို့စကစ၏အတွင်းပိုင်းဒေသများသို့ ဝင်ရောက်စစ်ဆင်ရသည့်အချိန်တွင် LPDF များနှင့် Chain of Command စနစ် လိုအပ်ကောင်းလိုအပ်လာမည် ဖြစ်သည်။ ထိုသို့ Chain of Command ဝင်ရောက်လာလျှင် Chief of Commanding Center, Commander, Chief of Command staff Office မှ အဆင့်ဆင့်လာမည်ဟု ယူဆရသည်။ ထိုသို့ COC ဝင်ရာတွင် Military Aim and Object စစ်ရေးရည်မှန်းချက်ကို ဗိုလ်ပါအပေါင်းအား ရှင်းလင်းစွာ ရှင်းပြထားရန်လိုအပ်လှသည်။

တရုတ်သုံးပြည်ထောင်စစ်ပွဲကာလစစ်ပွဲများကို လေ့လာလျှင် နိုင်ငံရေးမှန်ကန်သော၊ တရုတ်၏ အသုံးအရ ဒဿနမှန်ကန်သော၊ စစ်ရေးစွမ်းရည် ထက်မြက်ကျော်ကြားသော၊ ခေါင်းဆောင်မှု ဂုဏ် အင်္ဂါ ပြည့်စုံသော၊ ယုံကြည်ရသော၊ လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော စစ်သူကြီး/စစ်ဘုရင်ထံသို့ ဒေသဆိုင်ရာ စစ်ခေါင်းဆောင်များက မိမိဗိုလ်ပါရဲမက်အပေါင်းဖြင့် ပူးပေါင်းလေ့ရှိ့ပြီး၊ ထိုစစ်သူကြီး များကလည်း ပူးပေါင်းလာသူအား ယုံကြည်စွာဖြင့် စစ်ကြောင်း စစ်သူကြီးများအဖြစ် ပြန်လည် ခန့်အပ် တာဝန်ပေးလေ့ရှိသည်ကို လေ့လာတွေ့ရှိရသည်။

နိုင်ငံရေးဒဿနသည် ပုဂံရာဇဝင်ကို တုတ်ထမ်း၊ ဓားထမ်း ငြင်းသကဲ့သို့ ဖြစ်နေ၍ စစ်ရေး ဒဿန၊ စစ်ရေးရည်မှန်းချက်၊ စစ်ရေးအလုံးစုံအခြေအနေ Military Aim and Objects ကို ဝင်ရောက် ခိုလှုံမည့်သူများ ရှင်းလင်းသဘောပေါက်စေရန် လိုအပ်မည် ဖြစ်သည်။

စစ်ရေးပေါ်လစီမှာ ဂျပန်နိုင်ငံ MPAသင်တန်းသား တစ်ဦး၏ ပြဌာန်းစာအရ မြည်းစမ်းကြည့် ရာ နိုင်ငံများ၊ စစ်တပ်များသည် နိုင်ငံတစ်ကာအခြေအနေ၊ အိမ်နီးခြင်းအခြေအနေ၊ ပြည်တွင်းအခြေ အနေများအပေါ် မူတည်၍ ကာကွယ်ရေး၊ စစ်ရေး၊ လုံခြုံရေး မူဝါဒ ချမှတ်ကြသည်။

ယေဘုယျအားဖြင့် –

၁။ ထိုးစစ်အခြေပြုဝါဒ

စစ်ပြင်ဆင်ခင်းကျင်းမှုမှာ ထိုးစစ်အတွက် ရည်မှန်းပြင်ဆင်သည်။

၂။ ခံစစ်အခြေပြုမူဝါဒ

သူတစ်ပါးအား ကျူးကျော်တိုက်ခိုက်ရန် မရှိဘဲ ခုခံကာကွယ်ရန် ရည်မှန်းပြင်ဆင်သည်။

၃။ တန်ပြန်ထိုးစစ်အခြေပြုမူဝါဒ

သူတစ်ပါးကျူးကျော်လာပါက ခုခံခြင်းအပြင် တန်ပြန်ထိုးစစ်ဆင်ရန်ရည်မှန်းပြင်ဆင်သည်။

၄။ ထိမ်းချုပ် ဟန့်တားရေးအခြေပြုမူဝါဒ

သူတစ်ပါးတိုက်ခိုက်၍ မရအောင်၊ တိုက်ကွက်ဖော်မရအောင် ထိမ်းချုပ်ဟန့်တား ထားသည့် အခင်းအကျင်းပြင်ဆင်သည်။ ချမှတ်ထားသော ကာကွယ်ရေးမူဝါဒအပေါ်မူတည်၍ စစ်လက်နက်၊ ယန္တရား၊ တပ်အင်အား နေရာချထားမှု၊ စစ်အင်္ဂါစဉ်များ ပြင်ဆင်ခြင်းဖြစ်သည်။

ယခု MOD ၏ထုတ်ပြန်ထားသော ကာကွယ်ရေးမူဝါဒများအရ စစ်အာဏာရှင်များ၏ ရက်စက် မူများကို ထိမ်းချုပ်တားစီးရန်ဟု တစ်ချက်ပါရာ ထိမ်းချုပ်ဟန့်တားရေးမူဝါဒ Containment Policy အလေးသာသည်ဟု ယူဆရသည်။

ဖက်ဒရယ်တပ်တည်ထောင်ရေးကတော့ ပဲခူးဆား ဖြစ်၍ ပါရမည်ပင် ဖြစ်သည်။

အဆိုပါ ပေါ်လစီများချမှတ်ရာတွင် တိုင်းရင်းသား ဒေသတွင် အခြေချနေရ၍ EROs များနှင့်

အတွင်းလိုင်း ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်သွားမည်ဟု ယူဆရသည်။ ထိုမူဝါဒများသည် EROs တို့နှင့် သဘောညီသည်ဟု ယူဆရသည်။ တစ်ဖန် ကာကွယ်ရေးဝန်ကြီး၏ ပထမဦးဆုံးအင်တာဗျူးတွင် အစိတ်အပိုင်းအလိုက်၊ အသစ်နီးပါး အစားထိုးပြင်ဆင်ဖွဲ့စည်းသွားမည်ဟု ပါရှိရာ ပြုပြင်ပြောင်းလဲရေး၊ Reform Policy လည်း ပါပုံရသည်။

ဖက်ဒရယ်တပ်မတော်၊ SSR, DDR, Reform Program စသဖြင့် ခန့်မှန်းမှုအရ EROs တို့၏ ဆန္ဒတစ်စုံတစ်ရာအပေါ်တွင် ထည့်သွင်းတွက်ချက်ထားပုံ ရသည်။ စစ်သက် ၇၀ ကျော်သော EROs တို့မှ လက်တွေ့ ဖြစ်နိုင်ခြေကို ရှင်းလင်း‌ပြထားမည်ဟု မြင်ရသည်။ ထိုသို့ဆိုလျှင် မိမိတို့အပါအဝင် Facebook တော်လှန်ရေးသမားများ၏ အပြုတ်တိုက်၊ အပြတ်ချေမှုန်း၊ အမြစ်အငုတ်မကျန် ထုတ် စသဖြင့် သဘောထားများ၏ အာလျပြေစေမည့် ပေါ်လစီများတော့ မဟုတ်နိုင်သည်မှာ သေချာလှ သည်။ သို့သော် ERO များ၊ နိုင်ငံတကာအခြေအနေများနှင့် အထွေထွေအခြေအနေအရ ရေအဆုံး၊ ကုန်းတစ်ဝတ် ဟုသာ မှတ်ယူရသည်။

ဤသို့ဆိုလျှင်  LPDF အဖွဲ့များစွာတို့ ဝင်ရောက်ခိုလှုံရန်ဆိုလျှင် စစ်ရေးဒဿန၊ ရည်းမှန်းချက် ကို‌ ကျေလည်အောင် ညှိနှိုင်းရမည်ဟု မြင်မိသည်။

မြန်မာသမိုင်းစာများအရ ဆိုလျှင် ဆင်၊ မြင်း၊ ရဲမက်၊ ဗိုလ်ပါ အလုံးဖြင့် ခြေတော်ရင်းသို့ ခိုလှုံ ဝင်ရောက်လာသည်ဆိုသည့်သဘော ဖြစ်သည်။ သို့သော် ထိုသို့ ခိုလှုံဝင်ရောက်ချင်စိတ် ဖြစ်လာအောင် ယုံကြည်ဖွယ်ရာ နှလုံးရည်ပြရန်နှင့် လက်ရုံးရည်ပြရန်လို လာသည်ဟု မြင်မိသည်။

တရုတ် သုံးပြည်ထောင်စစ်ပွဲသမိုင်များ၊ ဟန်နီဗော၊ အလက်ခ်ဇန္ဒားစသဖြင့် စစ်သမိုင်းများအရ

တိုက်ရမည့် စစ်ရေးရည်မှန်းချက်အပေါ် မူတည်၍ အင်အားအသီးသီး ပူးပေါင်းဝင်ရောက်လာသည့် အချိန်တွင် စစ်ဘုရင်တစ်ဦးအဖြစ် အာဏာကုန်ပေးအပ်၍ Chine of Command, COC သည် အသက်ဝင်ပြီး ဖြစ်သွားသည်ကို တွေ့ရသည်။

Chain of Commanding Unit သည် စစ်ဆင်ရေးကွပ်ကဲမှုအတွက် အရေးပါဆုံးဖြစ်သလို စစ်ဆင်ရေးစသည်နှင့် Chain of Command မှာအသက်ဝင်လာမည်ဖြစ်သည်။ COC သည် စစ်သူ ကြီးတို့၏နယ်ပယ် ဖြစ်သည်။ COC သည် ဝန်ကြီး၊ ဝန်ကလေး၊ အတွင်းဝန်၊ ညွှန်ချုပ်၊ ညွန်မှူးများ၏ နယ်ပယ် မဟုတ်ကြောင်း စကစ စစ်ရုံးချုပ် HQ လေ့လာချက်အရ မြင်ရသည်။ COC ထူထောင်လို လျှင် စစ်မှော်အောင်သော၊ တိုက်တိုင်းအောင် စစ်သေနာပတိ၊ စစ်သူကြီးများ၊ စစ်ဦးစီးအဖွဲ့၏ စစ်ဆင် ရေး အသက်ဝင်ရမည် ဖြစ်သည်။

COC ကို Adman Box မှ ပြောဆိုနေခြင်းသည် အမြင်မတော် ဆင်တော်နှင့် ခလောက်လို ဖြစ်နေသည့်သဘော ခံစားကြရပုံရသည်။ Chain of Command အတွက် Chief of Command လိုအပ်မည်ဟု ယူဆမိသည်။

ကိုဇေယျာသော်၏ လူငယ်ဆန်ဆန် သုံးနှုန်းတတ်သည်ဆိုသည့် Fine ရင် Good တယ်ဆိုသည့် စကားကို ယူ၍ Chief of Commanding က Fine သည်ဆိုလျှင် Chain of Command မှာ အလိုလို Good လာပါလိမ့်မည်ဟု ယူဆမိပါကြောင်း။

 

■ စိမ်းမောင်