ရန်လင်းဖိုင်ရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

Photo-CJ
တမူးမြို့နယ် ရန်လင်းဖိုင်ရွာကို ဒီကနေ့ မနက်အစောပိုင်းက မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အဲ့ဒီရွာကထွက်လာပြီး မကြာမီ မနက်(၁၀)နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နဂိုကမှ အသွားအလာမလုပ်ကြပါဘူးဆို သူတို့စစ်ကြောင်းလာတယ်ကြားကတည်းက ဘယ်သူမှ လမ်းမှာ မရှိဘူး၊လမ်းဘေးနေသူတွေလည်းရှောင်ကြတာပဲ၊ဝေးတော့ အသံသဲ့သဲ့ပဲကြားရတယ်၊နောက်မှ သူတို့မိုင်းဆွဲခံ ရမှန်းသိတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ရန်လင်းဖိုင်ရွာကို မီးရှို့အပြီး ကလေး- တမူး လမ်းမကြီးအတိုင်း တမူးဘက်ကိုထွက်လာတဲ့ သံချပ်ကာကား (၂) စီးနဲ့ ကား (၄) စီးပါတဲ့ စစ်ကောင်စီယာဥ်တန်းဟာ ရန်လင်းဖိုင်နဲ့ နန်းမွန်တားကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ် တယ်လို့ သိရပါတယ်။
အဲ့ဒီလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
မိုင်းဆွဲတိုက်ခိုက်မူကို တမူးမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်ဆောင်တာလို့ ဒေသခံတွေက ပြောကြပေမယ့် လက်ရှိအချိန်အထိတော့ အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ရန်လင်းဖိုင်ကျေးရွာဟာ အရင်ကလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ဖူးတဲ့ရွာဖြစ်ပြီး ဒီကနေ့ဒုတိယအကြိမ် အဖြစ် မီးရှို့ခံရလို့ နေအိမ် (၇)လုံးလောက် မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိူင်( ၂၃) ရက်ကလည်း ရန်လင်းဖိုင်ကျေးရွာက နေအိမ် လေးလုံးကိုမီးရှို့ ဖျက်ဆီးခဲ့တဲ့အပြင် မီးငြှိမ်းဖို့လာတဲ့ ရွာသားတစ်ဦးကိုပါပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
ရန်လင်းဖိုင်ကျေး ရွာဟာ ကလေး – တမူး လမ်းမကြီးပေါ်က အိမ်ခြေ (၅၀)ဝန်းကျင်သာရှိတဲ့ရွာလေးတစ်ရွာ ဖြစ် ပြီး စစ်ကောင်စီကမီးရှို့ဖျက်ဆီးလို့ လမ်းမကြီးအနီးကအိမ်တွေတော့ ကုန်သလောက်ရှိပြီလို့ ဒေသခံတွေက ဆိုပါတယ်။