သင်းတို့အကြောင်း ကျွန်ုပ်တို့အကြောင်း တော်လှန်ရေး အောင်ရာအောင်ကြောင်း

ဗညားမော်

လေထဲက ငါး အရိုးလည်းများ ချေးလည်းခါး

ငါးလေးတစ်ကောင် လွှတ်လိုက်ရတယ်။ အင်း လွှတ်လိုက်ရတယ်ပဲ ပြောရမှာပေါ့။ မူလကတည်းက လေပေါ် အရုပ်ရေး
ပြခဲ့တဲ့ ငါး။ အာဆီယံရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ဘုံ သဘောတူညီချက် ၅။  ဘာမျက်နှာမှ မထောက်ဘဲ ပြောရရင် ကမ္ဘာ့အဖွဲ့
အစည်း ဖြစ်တဲ့ ကုလက ကိုယ့်ဇာတ်ကိုယ်မနိုင်တဲ့ (ဗီတိုပိုင်ရှင်နှစ်ဦးကလည်း ရှိတော့) အရှိတရားမှာ စကားနဲ့ ကြေညာချက်တွေ
တောင် မနည်းထုတ်ပြန်နေရတဲ့အချိန် ထမင်းရေပူ လျှာလွှဲ ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုရဲ့ ပခုံးပေါ်ပစ်တင်လိုက်တဲ့ မနိုင်ဝန်။
မနိုင်ဝန်ဆိုတာထက်တောင် ပိုတဲ့ အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရဆိုတဲ့ အခြေခံမူရှိထားတဲ့ အဖွဲ့အစည်းအတွက်
မဖြစ်ဝန်။ ဒါကြောင့် အဲဒီ ဘုံသဘောတူညီချက် ငါးရပ်က လေထဲမှာ အရုပ်ရေးတဲ့ ငါးဖြစ်ပြီး ယောင်တီးယောင်တနဲ့ အစည်းဝေး
အစွန်အဖျားနေရာလေးကနေ ခေါင်းညိတ်ခဲ့ရတဲ့ စစ်ဓားပြဂိုဏ်းခေါင်းဆောင်အဖို့ အရိုးများတယ် ချေးခါးတယ် အချိန်ဆွဲခွင့်ရ
ခဲ့တဲ့ ငါး။ ၂၀၂၁ ဧပြီလထဲက ငါးက ဘာမှ ဖြစ်မလာတော့ လွှတ်ချပစ်ဖို့ပဲ သက်ဆိုင်သူတွေက စဉ်းစားလာကြရတော့မှာ။

အာဏာထိန်းလား စစ်ဓားပြလား၊ အစိုးရလား ပြန်ပေးသမားလား

အာဆီယံက ငါးလေးကို လွှတ်ချလိုက်ဖို့ ပြင်နေတဲ့ အချိန်မှာ ကုလက အထူးသံ နိုလင်းဟေဇာဟာ စစ်ဂိုဏ်းအုပ်စု
ခေါင်းဆောင်ကို တွေ့ဖို့ နေပြည်တော်လာခွင့် ရတယ်။ စီအဲန်အဲန်က ကလဲရစ္စာ ဝါ့ဒ် ကတော့ သူအပြန်မှာမှ စစ်ဂိုဏ်းသားတွေရဲ့
ဉာဏ်ရည်ကို အာမေဋိတ်ပြု ညည်းချင်းချသွားတယ်။  “ဒီလောက်နိမ့်ကျတဲ့ ဉာဏ်ရည်မျိုး ကျွန်မ မတွေ့ဖူးတာ နှစ်အတော်
ကြာပြီ။”။ နိုလင်းကတော့ သူ့ကိုယ်သူ ဘုရင်လို့ ထင်နေသူကို ဝင်ဝင်ချင်းမှာကို ကုလရဲ့ ပဋိညာဉ် မိတ္တူကို ပေးသွားသတဲ့။
ကျွန်တော့်မှာလည်း ရှိပါတယ်လို့သာ သူက ပြန်ပြောတတ်တယ်။ နာရကောင်းမှန်းတောင် သိရဲ့လား မဆိုနိုင်။ အသိအမှတ်ပြုတဲ့
အနေနဲ့ လာတွေ့တာ မဟုတ်ဘူးဆိုတာကိုတော့ အတော်ခံစားသွားရပုံရတယ်။ ၂၈ မျက်နှာ ထုတ်ပြန်ချက် ထွက်လာတယ်။
ကိုယ့်ကိုယ့်ကိုယ် ဖော်ရာမှာ၊ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရာမှာ တော်တယ်လို့ ဆိုရမယ်။ ဩစတြေးလျနိုင်ငံသား အကြံပေး
ပုဂ္ဂိုလ် ရှောင်တာနယ် ဖမ်းထားတဲ့ကိစ္စနဲ့ ပတ်သက်လို့၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲ
ထောင်ချနေတဲ့ အမှုကိစ္စတွေနဲ့ ပတ်သက်လို့ သူ ရှေ့ဆက်လုပ်မှာတွေကို ပြောတဲ့အခါမှာ သူ့ကိုယ်သူ ပြန်ပေးပါပဲလို့ အဓိပ္ပာယ်
သက်ဝင်သွားအောင် ဘယ်လိုများ စကားတွေ ရွေးချယ်ပြောထွက်ခဲ့သလဲ ဆိုတာ အံ့တစ်ပါးပါပဲ။ နေပြည်တော်ရောက်အောင်
လာခဲ့ရတဲ့ ကုလသံတမန်ဟာ မလုပ်ရဲတာ ဘာမှမရှိလို့ သူ့ပြည်တွင်းမှာ ကြွေးကြော်ထားတဲ့ စစ်ဂိုဏ်းခေါင်းဆောင်ရဲ့ ဉာဏ်ရည်နဲ့
သံတမန်ရေး နှုတ်ရေးကို စီအဲန်အဲန် သတင်းထောက် ဩချတဲ့ စကားမျိုး မှတ်ချက်ချတာကို မကြားရတဲ့အတွက် ကျေးဇူးတင်
ရမှာပါ။

မြင်းကိုလည်း စိုင်း ပုဇဉ်းတွေနဲ့လည်း ဝိုင်း

စကားလုံးတွေမှာ အနက်တွေရှိသလို  အနက်က သက်ရောက်တဲ့ စွမ်းအားတွေလည်း ရှိနိုင်ပါတယ်။ ငါ့မြင်းငါစိုင်း
စစ်ကိုင်း ရောက်ရောက်ဆိုတာ အပေါင်းသဘော သက်ရောက်တဲ့ စကားစဉ်တော့ မဟုတ်ဘူး။ စစ်ကိုင်းဆိုတာကလည်း စစ်ကကိုင်းကို ကိုင်းညွတ်ရမှာ။ ပြီးခဲ့တဲ့ နှစ် ဧပြီလဆန်း ကလေးတာဟန်းခံတပ်ကနေ တူမီးစပေါက်တာ နွေဦးတော်လှန်ရေးရဲ့
လက်နက်ကိုင် ခုခံတိုက်ခိုက်ရေး စတာပဲလို့ သတ်မှတ်နိုင်မယ်။ ကလေးက စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ်။ ဆက်ပြီး
ချင်းဘက်က တူမီးတော်လှန်ရေးဟာ အရာထင်ထင် ဆက်ပေါ်တာပဲ။ စစ်ကိုင်း အနောက်မြောက်လွင်ပြင်နဲ့ တစ်စပ်တည်းက
မကွေးအရှေ့ခြမ်း၊ မကွေးအနောက်မြောက်ပိုင်းက ချင်းအရှေ့ခြမ်းနဲ့ ဆက်လျက်။ မခံသာတဲ့ ရွာသား တောသား တောင်သား
တွေဟာ တူမီးတွေ တစ်လုံးထိုးလက်လုပ်တွေနဲ့ပဲ လက်နက်ကိုင်တော်လှန်ရေးကို စခဲ့ရတာ။ သာလွန်အင်အားနဲ့ စစ်ဓားပြဂိုဏ်း
သားတွေဟာ စိတ်ဓာတ်နဲ့ စစ်စည်းကမ်းကတော့ ကချလာပဲ ဆိုတာ ပြည်သူလူထုတစ်ရပ်လုံး သိအောင် ပြသခဲ့တယ်။
ကက (မီး) ဆိုတာကို ထပ်ထည့်ပြီး ဖွဲ့ထားတယ်လို့ ပြောရလောက်အောင် သတ် ခိုး လု ဒိမ်း တပ်သားတွေဟာ
ရွာတွေကို မီးရှို့ပုံဟာ သိန်းဃိုလ်ပြည်ကို မီးရှို့တယ် ဆိုတဲ့ ဟနုမာန်ရဲ့ တပ်ဖွဲ့တွေ အရှုံးပေးရလောက်တယ်။ ပြည်တွင်း
သုတေသနအုပ်စု တစ်ခုရဲ့ အချက်အလက်ကောက်ယူမှုတွေအရ အာဏာလုကာလ ၁၉ လအတွင်း မီးရှို့ခံရတဲ့ အိမ်ပေါင်း
သုံးသောင်းနီးပါး အထိ (၂၈,၄၃၄ လုံး)  ရှိနေပြီဆိုတာ တွေ့လိုက်ရတယ်။ ကုန်းကြောင်း ချီတက်မှုမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့
မိုင်းဒဏ်နဲ့ အထိအခိုက်အနှောင့်အနှေး ဖြစ်ရတဲ့ တပ်တွေဟာ ကိုယ့်မြင်းကိုယ်စိုင်း ဆိုရာမှာ မြင်းကျိုးနဲ့
ယုန်လိုက်ဖြစ်ဖန်များတော့ နောက်ပိုင်းမှာ ဝေဟင်ကနေ ပျံဆင်း လူချတာမျိုး လုပ်လာကြတယ်။ ခုချိန်ထိတော့ ပုဇဉ်းတွေနဲ့
ဝိုင်းတာက ပြည်သူလူထုကို အထိနာစေတာကို တွေ့ရတယ်။ တကယ်တမ်းတော့ လက်နက်မဲ့ အရပ်သားပြည်သူတွေကိုသာ
သတ်ဖြတ် လုယက်တဲ့နေရာ မှာသာ စစ်ဓားပြတွေက အစွမ်းပြနိုင်တာ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုတော့
ကြီးကြီးမားမား အထိနာအောင် စစ်စွမ်းရည်မပြနိုင်ပါဘူး။ ဒါကြောင့် အနှေးနဲ့အမြန်တော့ ပြည်သူတွေနာပေမဲ့ စစ်ပင်ကြီး
ကိုင်းသွားတဲ့ စစ်ကိုင်းမှာ စစ်ကိုင်း စစ်ခက်တွေကို တတိတိ ဆက်အခုတ်ခံနေရဦးမှာဟာ အားတင်းချက်မျှ မဟုတ်ဘဲ
မြေပြင်အချက်အလက်တွေအရ သေချာ နေပါတယ်။

အထက်မီး အောက်မီးလား ပေါင်းဖိုထဲကို ဝင်လား

ဆိုခဲ့တဲ့ စစ်နယ်မြေ ချင်း စစ်ကိုင်း မကွေး တော်လှန်ရေး တြိဂံမှာ စစ်ကိုင်းနဲ့ ဆက်စပ်နေတဲ့ ကချင်ပြည်နယ်က တိုင်း
ရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်၊ လေ့ကျင့်မှု၊ တပ်ဖွဲ့ အကူအညီတွေက ဝင်နေတော့ ဒါဟာ မြန်မာ အာဏာလု
စစ်တပ်အတွက် အထက်မီးပါပဲ။ ကရင်နဲ့ မွန် တနင်္သာရီက ပီဒီအက်ဖ်တွေနဲ့ အီးအာရ်အိုတွေနဲ့ ရင်ဆိုင် တိုက်ခိုက်နေရတာ
ကလည်း အပြင်းအထန်ပဲ။ ဒါဟာ အောက်မီးလို့ တင်စားခေါ်နိုင်တယ်။ အထက်မီးအောက်မီးတင်မဟုတ် ရခိုင်နဲ့ ပလက်ဝဘက်
ကလည်း စစ်မီးက ကောင်းကောင်း တောက်နေပါပြီ။ ကရင်နီဘက်ကိုကတော့ မနိုင်လို့ ဆုတ်ရလိုက် ပြန်ထိုးလိုက်နဲ့ အရှေ့ဘက်
ရှမ်းခွင်မှာသာ စစ်မီးက ခပ်ပျော့ပျော့ ပြတ်တောင်းပြတ်တောင်း။ ဒီတော့ စစ်ဂိုဏ်းသားတွေရဲ့ တပ်ဖွဲ့တွေဟာ အထက်မီး
အောက်မီးတင်မက ပေါင်းဖိုကြီးထဲကို ဝင်မိနေကြပါပြီ။ စစ်မီးဆိုတာ ဖက်ပြိုင်သူတွေတင် အပူဟပ်တာ မဟုတ်ကြောင်း ကျနော်
တို့ ကောင်းကောင်း သိကြပြီး ဖြစ်ပါတယ်။ အထူးသဖြင့် စစ်ကို စစ်လို မတိုက်ဘဲ တစ်ဖက်ရန်သူ ခိုရာ အရင်းမြစ်ရယူရာလို
သတ်မှတ်တဲ့ အရပ်သားနဲ့ အရပ်သားပစ်မှတ်တွေကို စစ်ရာဇဝတ်သော ဘာသာ ဘေးချိတ်ထားတဲ့ မြန်မာစစ်တပ်ကြောင့်
လူထုပြည်သူဟာ လိုအပ်တာထက် ပိုပြီး ဒုက္ခရောက် သေကြေပျက်စီးရပါတယ်။ စစ်နယ်မြေဖြစ်ခဲ့ရင် အရပ်သားဟာ မလွှဲ
မကင်းသာ ထိခိုက်ရစမြဲ ဖြစ်ပေမဲ့ စစ်မိစ္ဆာတွေနဲ့ တိုက်ရတဲ့ စစ်မှာ ပြည်သူကို ဦးတည်ဖျက်ဆီးတာ၊ ပြည်သူကို လူသားဒိုင်း
ဓားစာခံလုပ်တာတွေကို မသက်မသာ မြင်တွေ့နေကြရပါတယ်။ အထူးသဖြင့် လေတပ်အင်အားကို သုံးပြီး ပစ်ခတ်တာ၊ ဗုံးကြဲ
တာ၊ စစ်သည်အင်အား ချပေးတာတွေကို ခုနောက်ပိုင်းမှာ စစ်ဂိုဏ်းအုပ်စုရဲ့ တပ်တွေက ပိုမို အသုံးပြုလာကြတာကြောင့်

ရင်ဆိုင်ဖို့ နည်းလမ်းကို ရှာဖွေကြရမှာပါပဲ။ လူထုနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တီထွင်နိုင်စွမ်းနဲ့ နည်းဗျူဟာတွေကို လျှော့တွက်
လို့ မရနိုင်ပါ။ မကြာခင် ပုဇဉ်းပျံ ဘယ်တိုင်ဖျားမှာ နားပါ့မယ်လေး ဆိုတဲ့ အကျပ်အတည်းကို ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်မိ
ပါတယ်။

ရေဘဝဲကြီးရဲ့ လက်တံတွေကို ခုတ်ထစ်ကြ

ပြည်သူလူထုရဲ့ ခုခံ စစ်ပွဲတွေ ဆင်နွှဲရာဒေသတွေမှာ ဖက်ပြိုင်စစ်ထိုးဖို့ တပ်ရွှေ့ပြောင်းမှုတွေနဲ့ လက်တွေ့မြေပြင်လွှတ်
တဲ့ အင်အားတွေကို ကြည့်ပြီး စစ်ဂိုဏ်းသားတွေရဲ့ တပ်ဖွဲ့အင်အားဟာ  မူလက သတင်းထွက်တဲ့ အရေအတွက် သိန်းဂဏန်း
တကယ်ရှိရဲ့လား ဆိုတာကို စစ်ရေးလေ့လာသူတွေက ထိတွေ့မှုတွေ စတင်တဲ့ အစောပိုင်း ကာလတွေမှာကို သံသယကြီးကြီး ဝင်
ခဲ့ကြတယ်။ ကျဆုံးအရေအတွက်တွေမှာ ဖောင်းပွမှုတွေ ရှိနိုင်ကောင်း ရှိနိုင်တာတောင် အခု တိုက်ပွဲပေါင်း ၆၆၀၀ ခန့် ဖြစ်ပွားပြီး
နောက်ပိုင်း အင်အားပြုန်းတီးမှုတွေဟာ သူ့တပ်ဖွဲ့တွေရဲ့ အင်အားကို ဟိုနယ်မြေကနေ ဒီနယ်မြေထုတ်နုတ် ပို့ စသဖြင့် စီမံနေရတဲ့
ဘဝကို ရောက်နေပြီ ဖြစ်တယ်။ သူ့တပ်ဖွဲ့တွေရဲ့လက်နက်ငယ် ပစ်အားကို နိုင်ငံအနှံ့ ပီဒီအက်ဖ် အီးအာရ်အို တပ်ဖွဲ့တွေက
လက်နက်အား ကျည်အား မယှဉ်သာပေမဲ့ ပြောက်ကျားစစ်ဗျူဟာ နယ်မြေကျွမ်းကျင်မှုအသာနဲ့ ထိန်းထားနိုင်တာကို သဘော
ပေါက်လာတဲ့ စစ်တပ်ဟာ လေတပ်နဲ့ လက်နက်ကြီး အင်အားအသာစီးရတာကို အားကိုးပြီး စစ်လက်တံတွေကို လေးဖက်
လေးတန် ဆန့်ထုတ်လာတာကို ခုနောက်ပိုင်း တွေ့နေရပါပြီ။ ထွက်လာသမျှ ရေဘဝဲလက်တံတွေကို ပြန်မဆုတ်နိုင်အောင် တုပ်နိုင်
ချုပ်နိုင် ခုတ်နိုင်ရင် တိုက်ရေးခိုက်ရေးနဲ့ပတ်သက်လို့ အိမ်စာလည်း ကျေပုံမရ၊ မဟုတ်တဲ့ ဉာဏ်နီဉာဏ်နက်တွေ မနည်းပေမဲ့
တကယ့် ကြံရည်ဖန်ရည်တွေကို ဟုတ်ဟုတ်ငြားငြား မထုတ်နိုင်လောက်တဲ့ ရေဘဝဲ ဦးခေါင်းထဲက စစ်ဗိုလ်တွေ ဘယ်လို ရပ်ခံနိုင်
ကြမလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တော်လှန်ရေး အစိုးရလား၊ စင်ပြိုင်အစိုးရလား

နွေဦးတော်လှန်ရေးကို အစိုးရတစ်ရပ်အနေနဲ့ ဦးဆောင်မှုပေးနေတဲ့ မညရ (အမျိုးသားညီညွတ်ရေးအစိုးရ)ကို
တော်လှန် ရေးအစိုးရအဖြစ် ပိုပြီး ပီပြင်စေချင်သူ ပြည်သူများစွာ ရှိပါတယ်။ ဘာကြောင့်ဆို ကျွန်တော်တို့ဟာ စစ်လက်တံတွေကို
ရိုက်ချိုး ပြီး နေပြည်တော်ဂိုးကို မြန်မြန်သွင်းဖို့ လက်နက်ကိုင်တော်လှန်ရေးကို အရှိန်မြှင့် မောင်းချင်ကြတာကိုး။ မညရ
အစိုးရကိုယ်တိုင် ကတော့ နိုင်ငံတကာရေးရာ သံတမန်ရေးရာနဲ့ ကမ္ဘာ့အဖွဲ့အစည်းရဲ့ ယုံကြည်မှုကို လက်ခံရနိုင်ဖို့
စင်ပြိုင်အစိုးရဆန်ဆန် အစိုးရ အဖွဲ့ကို အတိုင်းအတာတစ်ရပ်အထိ ရှိအောင် ဖွဲ့စည်းထားပုံပါ။ နုကြည်က ဘာဖြစ်၊ နုဂျီဟာ
ဘယ်လို ဆိုတာ လူမှုကွန်ရက်ပေါ် က လေပြင်းတွေကလည်း တသုန်သုန်ဆိုတာ တွေ့ရပါလိမ့်မယ်။ မြေပြင်ကနေ
လက်တွေ့ခံစားရသူတွေရဲ့ အားမလိုအားမရ အသံ တွေလည်း ထွက်ပေမဲ့ တော်လှန်ရေးတိုက်ပွဲတွေကို ဘော်လုံးပွဲတွေလို
စခရင်ပေါ်ကနေ ကြည့်ပြီး ချလိုက်ပါတော့လားကွ ကွင်းဘေးက ပြောနေ ဝေဖန်နေကြတာကလည်း ခပ်များများ ဆိုတာ
တွေ့နိုင်ပါလိမ့်မယ်။ တော်လှန်ရေးမြေပြင်က ထဲထဲဝင်ဝင် လူတွေကတော့ အစိုးရအဖွဲ့ဝင်တချို့ရဲ့ မဟန်ပုံတွေ ကိုယ်တွေ့
တွေ့သိရတာတောင် အကြောင်းကြောင်း အခြေအနေကို ထောက်ပြီး မျိုချသိုသိပ်သင့်တဲ့ အတိုင်းအတာထိ
သိုသိပ်ထားပုံရတာတွေကိုလည်း သိနေရပါတယ်။ ဒီလိုပဲ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့၊
အမျိုးအမည်ကွဲပြားပြီး အတူလက်တွဲတိုက်ခိုက်နေပေမဲ့ နုဂျီရဲ့ လက်အောက်ခံ မဟုတ် အဲန်အယ်ဒီက ဘယ့်နှယ်ဆိုပြီး
ထုတ်ပြောနေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ရှိပါတယ်။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့လည်း ယေဘုယျ

သဘောတူလက်ခံထားချက်တွေ ရှိပေမဲ့ အသေးစိတ်နဲ့ အတိအကျ ညှိနှိုင်းချက်တွေ ထပ်လုပ်ရမှာတွေ ရှိနေနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ပြည်သူလူထုအများစုဟာလည်း ကိုယ်တိုင်ကိုယ်ကျ တွန်းလှန်တိုက်ခိုက်တဲ့အထဲ မပါဝင်နိုင်ကြရင်တောင်
ဒီနွေဦးတော်လှန်ရေးရဲ့ အရေးအရာပေါင်းစုံ အကျပ်အတည်း အထိုးအနှက် အထိအခိုက် အကျေအပြုန်းကို ခါးစီးခံရင်း
တော်လှန်ရေးအင်အားစုတွေကို မျှော်လင့်ကျောထောက်နောက်ခံပြု ရပ်တည်နေ တယ် ဆိုတာ ကိုယ်စီ ပါဝင်လှုပ်ရှားကြတဲ့
သူအားလုံး နှလုံးသွင်း မြဲကြစေချင်တာပါပဲ။ ဘယ်တော်လှန်ရေးပဲဖြစ်ဖြစ် အခြေ အမြစ်ကတော့ သာမာန် ပြည်သူလူထုတွေပဲ
မဟုတ်ပါလား။ သူတို့မျက်နှာကို ကြည့် သူတို့ အတွေးမြော်မြင်မှုကို မြှင့်တင် သူတို့ရဲ့ အင်အားကို ရယူပြီး ကျွန်တော်တို့က
အောင်ပွဲဆီ လှမ်းချီကြရမှာ မဟုတ်ပါလား။

ဩဂုတ် ၃၁၊ ၂၀၂၂။