ပရီးမီးယားလိဂ် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာတဲ့ အာဆင်နယ် လူငယ်လေး

Photo – Getty Images

အာဆင်နယ် လူငယ် ကစားသမားလေး အီသန် နွမ်နာရီဟာ အင်္ဂလန် ပရီးမီးယားလိဂ် သမိုင်းမှာ ပါဝင်ယှဉ်ပြိုင်ဖူးသမျှ အသက်အငယ်ဆုံး ဘောလုံးသမားဆိုတဲ့ စံချိန်မှတ်တမ်းသစ်ကို ရေးထိုးလိုက်ပါတယ်။ 

အင်္ဂလန် ဘောလုံးလောကရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီးမှာ လူစားလဲ ကစားသမား အနေနဲ့ ပါဝင်ခွင့် ရလာချိန်မှာ နွမ်နာရီရဲ့ အသက်က ၁၅ နှစ် ကျော်ကျော်သာ ရှိပါသေးတယ်။ ဘရန့်ဖို့ဒ်ကို အာဆင်နယ်က ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ် ဒုတိယပိုင်းမှာ သူက ဖေဘီယို ဗီအဲရာအစား လူစားဝင် ကစားခဲ့တာပါ။ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက် အတွေ့အကြုံကို နဖူးတွေ့ ဒူးတွေ့ ပိုင်ဆိုင်လာချိန်မှာ သူ့အသက်က ၁၅ နှစ်နဲ့ ၁၈၁ ရက်ပဲ ရှိပါသေးတယ်။

ဒါကြောင့် လီဗာပူးလ် ကစားသမားဟောင်း ဟာဗေး အီလီယော့ရဲ့ အသက်အငယ်ဆုံး ပရီးမီးယားလိဂ် ကစားသမားဆိုတဲ့ စံချိန်ကို အလွယ်တကူပဲ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အီလီယော့က ဖူလ်ဟမ် အသင်းနဲ့ ရင်ဆိုင်ဖို့ ကွင်းထဲ ဝင်လာချိန် သူ့အသက်က ၁၆ နှစ်နဲ့ ၃၀ ရက် ရှိခဲ့ပါပြီ။ 

ငယ်ရွယ်လွန်းတဲ့ ကစားသမားလေးကို ပထမအသင်းမှာ နေရာပေးခဲ့တာနဲ့ ပတ်သက်လို့ အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာက နွမ်နာရီဟာ သူ့လက်အောက်မှာ လာပူးပေါင်း လေ့ကျင့်ဖူးကြောင်း၊ ချာတိတ်လေးရဲ့ အရွယ်နဲ့ မမျှတဲ့ ပါရမီနဲ့ ကြိုးစား အားထုတ်မှုတွေကြောင့် အခွင့်အရေး ပေးကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ရှင်းပြပါတယ်။ 

အာတီတာက ရေရှည်မှာလည်း အာဆင်နယ် အသင်းဟာ အရည်အချင်းရှိတဲ့ လူငယ်သွေးသစ်တွေအတွက် တံခါးဖွင့်ထားမှာဖြစ်ကြောင်း၊ လူငယ်တွေ အနေနဲ့ ထိုက်သင့်တဲ့ ရင့်ကျက်မှုနဲ့ သတ္တိမျိုး ရှိလာရင် နွမ်နာရီလိုပဲ ပထမအသင်းမှာ ကစားဖို့ အခွင့်အလမ်းတွေ ရှိလာနိုင်ကြောင်းလည်း ကတိပြုသွားခဲ့ပါတယ်။