Delta News Agency က ဦးစီးထုတ်ဝေနေတဲ့ နွေဦးပွင့်သစ်မဂ္ဂဇင်း အမှတ် (၉) မှာ ဖေါ်ပြထားတဲ့ အိုခီဆောင်း ရဲ့ “သမိုင်းသင်ရိုးသစ်” ကဗျာကို ဖော်ပြပေးလိုက်ပါတယ်။
သမိုင်းသင်ရိုးသစ်
သမီးကမေးတယ်
ဖေဖေ သမိုင်းက အလွတ်ကျက်ရမှာလား တဲ့…
သမိုင်းဆိုတာ စာအုပ်ထဲမှာ မရှိတတ်ဘူး သမီး
ပြာပုံတွေထဲက ထွက်လာတဲ့
ငိုညည်းသံတွေကို နားစွင့်
အုတ်ဂူတွေထဲက ဖောက်ထွက်လာတဲ့
လက်သီးဆုပ်တွေကို မြင်အောင်ကြည့်
ခုနှစ်သက္ကရာဇ်တွေကို ခဏထား
အဖြစ်အပျက်တွေကို မြင်ယောင်မိရဲ့လား
လူယဉ်ကျေးဆိုသူတွေရဲ့ မယဉ်ကျေးတဲ့ အပြုအမူတွေရယ်
ပေးဆပ်သူတို့ရဲ့ အရိုး၊ အသား၊ အသွေးတွေနဲ့ ခင်းခဲ့တဲ့လမ်းတွေရယ်
ဒါပါပဲ သမီး
သမိုင်းဆိုတာ ဒါပါပဲ ….
ကုန်ကုန်ပြောရရင် သမီးရယ်
သမိုင်းဆိုတာ
လောကရဲ့ ဆူးညှောင့်ခလုတ်တွေကို
ရှင်းလင်းသုတ်သင်ခြင်းနဲ့
အရိုင်းအစိုင်းတွေကို
ယဉ်ပါးအောင်ဆောင်ရွက်ခြင်းပါပဲ…။
အိုခီဆောင်း
1582022