ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရောက်လာတဲ့ မန်ချက်စတာစီးတီး

Photo – AFP

မနေ့က ကစားသွားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ မန်ချက်စတာ စီးတီး အသင်းက ဝုလ်ဗ်ကို ဂိုးပြတ် အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းလာခဲ့ပါတယ်။ 

ဝုလ်ဗ် ၀ – ၃ မန်ချက်စတာ စီးတီး

လက်ရှိရာသီမှာ စွမ်းဆောင်ရည် အကျဖက် ရောက်နေတဲ့ ဝုလ်ဗ်အနေနဲ့ ဒီပွဲမှာ လက်ရှိ ချန်ပီယံတွေနဲ့ ကွာဟချက် ကြီးလွန်းနေပါတယ်။ ပွဲအစ ၁ မိနစ်မှာတင် ဝုလ်ဗ် ကွင်းလယ်က ပေါ့ဆတဲ့ ဘောလုံးပေးပို့မှုကနေတဆင့် စီးတီးက တိုက်စစ်ဆင်ခွင့် ရသွားပြီး ညာခြမ်းက ဒီဘရိုင်း ဖြတ်ပို့တာကို ဂရေးလစ်ရှ်က အပိုင်ပိတ်သွင်းခဲ့တာကြောင့် စောစောစီးစီးပဲ ပွဲကို ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ စီးတီးမှာ ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံနေရတဲ့ ဂရေးလစ်ရှ် အတွက်လည်း ဒီဂိုးကြောင့် ဖိအားတွေ အတိုင်းအတာ တစ်ခုထိ လျော့သွားမှာပါ။ ၁၆ မိနစ်မှာ ဆေးလ်ဗား ပေးပို့တဲ့ ဘောလုံးကို တိုက်စစ်မှူး ဟာလန်းက ဆွဲပြေးပြီး ဂိုးဧရိယာ အပြင်ဖက်နားကနေ ကန်သွင်းခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမားဆုကို ပူပူနွေးနွေး ရရှိထားတဲ့ ဟာလန်းအတွက်တော့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၉ ပွဲမှာ ၁၄ ဂိုးထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၃၃ မိနစ်မှာ ဝုလ်ဗ်နောက်ခံလူ ကောလင်းစ်ရဲ့ အဆင်ခြင် ကင်းမဲ့လွန်းတဲ့ ဖျက်ထုတ်ပုံကြောင့် တိုက်ရိုက် အနီကတ် ထိခဲ့ပြီး အိမ်ရှင်တွေ ၁၀ ယောက်တည်းနဲ့ ဆက်ကစားခဲ့ရပါတော့တယ်။ အဲဒီနောက် စီးတီးက ပွဲကို စိတ်တိုင်းကျ ထိန်းချုပ်သွားခဲ့ပြီး ဒုတိယပိုင်း ၆၉ မိနစ်မှာ ညာခြမ်းက ဒီဘရိုင်း အနိမ့်ဖြတ်ပို့တာကို ဖိုဒန်က ပိတ်သွင်းခဲ့ပြန်တာကြောင့် ၃-၀ ရလဒ်နဲ့ ပွဲပြီးခဲ့သလို အာဆင်နယ်ပွဲ မတိုင်ခင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပါတယ်။ 

တော့တင်ဟမ်ဟော့စပါး ၆ – ၂ လက်စတာစီးတီး

ကြားရက်တုန်းက ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရလဒ်ဆိုးထားတဲ့  တော့တင်ဟမ် အသင်းဟာ ပရီးမီးယားလိဂ်မှာတော့ ဇယားအောက်ခြေက လက်စတာကို မညှာမတာ ဂိုးမိုးရွာပြီး အဆင့် ၂ နေရာကို တက်လှမ်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရခဲ့ပေမယ့် ဒီရာသီမှာ ပုံစံကောင်း ပျောက်နေလို့ မန်နေဂျာ ကွန်တီကိုယ်တိုင် ဝေဖန်တာ ခံထားရတဲ့ တော့တင်ဟမ် တိုက်စစ်မှူး ဆွန်ကတော့ ၁၃ မိနစ်အတွင်းမှာတင် Hat-Trick ရသွားပါတယ်။ ဒီပွဲမှာ ဦးဆောင်ဂိုး ရသွားတာကတော့ ဧည့်သည်တွေပါ။ ပွဲချိန် ၆ မိနစ်မှာ ကွင်းလယ်လူ တိုင်လစ်မန်းက ပင်နယ်တီကနေတဆင့် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ၂ မိနစ် အကြာမှာပဲ ကူလူဆက်ဗ်စကီးရဲ့ တိကျတဲ့ အမြင့်ဘော ပေးပို့မှုကို ကိန်းက အနီးကပ် ခေါင်းတိုက်ပြီး တော့တင်ဟမ်အတွက် ချေပဂိုး ပြန်သွင်းပါတယ်။ ၂၁ မိနစ်မှာ ပါရီဆစ် ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို ဒိုင်ယာက ခေါင်းတိုက်ပြီး အိမ်ရှင်တို့ ပွဲကို တကျော့ပြန် ဦးဆောင်ပေမယ့် ၄၁ မိနစ်မှာ ကက်စ်တက်နီ ဖြတ်ပို့တဲ့ ဘောလုံးကို လက်စတာ ကွင်းလယ်လူ မက်ဒီဆန်က လှလှပပ မြေမကျ ကန်သွင်းခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ ၂ ဂိုးစီ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ၂ မိနစ် အကြာမှာ လက်စတာ ကွင်းလယ်ရဲ့ ဆုံးဖြတ်ချက် မပြတ်သားမှုကြောင့် ဘန်တန်ကာက ဘောလုံးဝင်လုပြီး တစ်ကိုယ်တော် ဆွဲပြေးရင်း ကန်သွင်းခဲ့တာကြောင့် တော့တင်ဟမ်က ပွဲကို တကျော့ပြန် ဦးဆောင်ခဲ့ပါတယ်။ ပွဲချိန် ၅၉ မိနစ်မှာ ရစ်ချာလီဆန်ရဲ့ နေရာကို ဆွန်က လူစားလဲ ဝင်ရောက်လာပြီးချိန်မှာတော့ လက်စတာခံစစ် တောက်လျှောက် ပြိုဆင်းသွားတော့တာပါပဲ။ ၇၃ မိနစ်မှာ ဆွန်က ကွင်းလယ်စည်းနားကနေ တောက်လျှောက် ဆွဲပြေးလာပြီး ဘီးကုပ်စက်ဝိုင်း ထိပ်နားက အားပါတဲ့ ကန်ချက်နဲ့ ဂိုးစသွင်းပါတယ်။ ၈၄ မိနစ်မှာတော့ ကိန်းပေးပို့တဲ့ ဘောလုံးကို ပထမဂိုး သွင်းတဲ့ နေရာနားလောက်ကနေပဲ ဆွန်က ဘယ်ခြေနဲ့ လှလှပပ ကန်သွင်းခဲ့ပြန်ပါတယ်။ နောက်ထပ် ၂ မိနစ် အကြာမှာ တန်ပြန် တိုက်စစ်ကနေတဆင့် ဟွိုက်ဗြက် ချပေးလိုက်တဲ့ ဘောလုံးကို ဘယ်ခြမ်းမှာ ဘောလုံးရသွားတဲ့ ဆွန်ကပဲ Hat-Trickဂိုးအဖြစ် အပိုင်ကန်သွင်းခဲ့ပြီး တော့တင်ဟမ်လည်း ဂိုးပြတ် အနိုင်ရလဒ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ 

နယူးကာဆယ် ၁ – ၁ ဘုန်းမောက်သ်

နယူးကာဆယ် အသင်းကတော့ အိမ်ကွင်းမှာ ဘုန်းမောက်သ်အပေါ် အသာစီးက ကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေ အသုံးမချနိုင်တာကြောင့် သရေ ၁ မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီပွဲမှာ နယူးကာဆယ်ရဲ့ ဂိုးရနိုင်တဲ့ အခြေအနေ တချို့ကို ဘွန်းမောက်သ် ဂိုးသမား နီတိုက လက်စွမ်းပြ ကာကွယ်သွားတာ တွေ့ရပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိ သရေဖြစ်နေခဲ့တဲ့နောက် ဒုတိယပိုင်း ၆၂ မိနစ်မှာတော့ ဘယ်တောင်ပံက ဇီမူရာ လှမ်းပို့ပေးတဲ့ ဘောလုံးကို ဘီလင်က လမ်းကြောင်း​ဝင်ပြောင်းပေးလိုက်ရာက နယူးကာဆယ် ဂိုးသမား ပုပ် အငိုက်မိသွားပြီး ဂိုးပေးလိုက်ရပါတယ်။ ၆၇ မိနစ်မှာ နယူးကာဆယ် တိုက်စစ်ကို ဟန့်တားဖို့ ကြိုးစားရင်း ဘွန်းမောက် ကွင်းလယ်လူ လာမာက ဂိုးဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိမိခဲ့တာကြောင့် ပင်နယ်တီ ပေးခဲ့ရပါတယ်။ အဲဒီပင်နယ်တီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ လူငယ် တိုက်စစ်မှူး အိုင်ဆက်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တာကြောင့် တစ်ဂိုးစီ သရေနဲ့သာ ပွဲပြီးသွားခဲ့ပါတယ်။