ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ နယ်မြေ (၁) မှာနေထိုင်တဲ့ စစ်တပ်သတင်းပေး ပျူစောထီးအဖွဲ့ဝင် ဝင်း မောင်ဆိုသူ ဒီကနေ့ စက်တင်ဘာ ၁၇ရက် ညနေပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ကလေး မြို့ခံတွေက DNA ကိုပြောပါတယ်။
“တစ်ရပ်ကွက်လုံးတိတ်သွားတယ်၊ခေါင်းကိုပစ်သွားတာ၊မိန်းမကိုတော့ ပေါင်ကိုပစ်သွားတာ”လို့ မြို့ခံတစ်ဦး က ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုဟာ သေဆုံးသူဝင်းမောင်ရဲ့ နေအိမ်ဝန်းကျင်မှာပဲ ဖြစ်ခဲ့တာဖြစ်ပြီး ဝင်းမောင်ရဲ့ ဇနီးလည်း သေ နတ် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုအပြီးမှာ အောင်မင်္ဂလာရပ်ကွက်ထဲကို စစ်ကောင်စီတပ်ဖွဲ့ ဝင် တွေရောက်လာပြီး ဝင်းမောင်ရဲ့ရု ပ်အ လောင်းနဲ့ ဒဏ်ရာရထားတဲ့ ဇနီးတို့ကို စစ်တပ် ဆေးရုံကိုသယ်ဆောင်သွားတယ်လို့ ရပ်ကွက်ထဲနေသူ တွေက ပြောပါတယ်။စစ်တပ်က ရပ်ကွက်ကအထွက်မှာ သေနတ်တွေပစ်ဖောက်ခဲ့သေးတယ်လို့ဆိုပါတယ်။
အဲ့ဒီပစ်ခတ်မှုကို Phoenix မြို့ပြပြောက်ကျား အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပေမယ့် DNA အနေနဲ့ အတည်မပြုနိုင်သေးသလို ပစ်ခတ်မှုနဲ့ပတ်သက်ပြီး လတ်တလောမှာ ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က ထုတ်ပြန်ပြောဆိုတာလည်းမရှိသေးပါဘူး။
ပစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့ ဝင်းမောင်ဟာ ကလေးမြို့က နာမည်ကြီး စစ်ကောင်စီသတင်းပေး စိန်လင်းရဲ့ တပည့် တစ်ဦးဖြစ်ပြီး စစ်တပ်ကိုသတင်းပေးနေသူဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
နာမည်ကြီး စစ်တပ်သတင်းပေးဆိုသူစိန်လင်းဟာ PDF တွေကိုဖေ့စ်ဘွတ်ခ်မှာ Live လွင့်စိန်ခေါ်ခဲ့ဖူးသူဖြစ်ပြီး ဇူလိုင်လအတွင်း မြို့ထဲက လဖက်ရည်ဆိုင်တစ်ဆိုင်မှာ ထိုင်နေချိန် နေ့လယ်ဘက်မှာပဲ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာပါ။