
ယူကရိန်းနဲ့ စစ်ပွဲမှာ နျူကလီးယားနဲ့ တခြားဖျက်အားပြင်း လက်နက်တွေ ထုတ်သုံးတာမျိုး လုံးဝ မလုပ်ဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ရည်ရွယ်ပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သတိပေး ပြောကြားသွားပါတယ်။
CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ ဘိုင်ဒန်က တကယ်လို့ ရုရှားကသာ နျူကလီးယား လက်နက်တွေ ထုတ်သုံးခဲ့မယ်ဆိုရင် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း စစ်ပွဲတွေရဲ့ မျက်နှာစာမှာ အကြီးမားဆုံး ပြောင်းလဲ သက်ရောက်မှုကြီးတွေ ဖြစ်သွားလိမ့်မယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။
လတ်တလော အခြေအနေအရ ယူကရိန်းက စစ်ရေးမှာ အသာစီး ပြန်ရနေတဲ့အတွက် ပူတင် အနေနဲ့ အရှက်ရပြီး နျူကလီးယား လက်နက်တွေ သုံးလာနိုင်ခြေ ရှိသလားဆိုတဲ့ မေးခွန်းအပေါ် ဘိုင်ဒန်က အခုလို ပြန်ဖြေခဲ့တာပါ။ ပူတင်ဟာ ယူကရိန်းကို စတင်ကျူးကျော်ခဲ့ပြီး ရက်ပိုင်း အကြာမှာပဲ နိုင်ငံရဲ့ နျူကလီးယား အထူးတပ်ဖွဲ့တွေကို တပ်လှန့်ခိုင်းထားလိုက်ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေဆီက ရန်လိုတဲ့ ထုတ်ပြန်ချက်တွေကို သတိပေး တုံ့ပြန်တဲ့ လုပ်ရပ်တစ်ခုလို့ ပူတင်က ပြောပါတယ်။
ကမ္ဘာပေါ်မှာ နျူကလီးယား လက်နက်တွေ စတင်ပေါ်ပေါက်လာတာ နှစ်ပေါင်း ၈၀ လောက် ကြာမြင့်ခဲ့ပါပြီ။ နျူကလီးယား ပိုင်ဆိုင်တဲ့ နိုင်ငံတွေက အမျိုးသား လုံခြုံရေး ကဏ္ဍကို အကြောင်းပြပြီး ဒုံးကျည် ထိပ်ဖူးတွေကို အရေအတွက် များသထက်များအောင် စုဆောင်း သိုမှီးထားကြပါတယ်။ ရုရှားမှာဆိုရင် နျူကလီးယား ထိပ်ဖူးပေါင်း ၆၀၀၀ နီးပါး ရှိတယ်လို့ ခန့်မှန်းရပြီး ကမ္ဘာပေါ်မှာ ထိပ်ဖူး အရေအတွက် အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
နျူကလီးယား ထိပ်ဖူးတပ်ထားတဲ့ ဒုံးကျည်တွေဟာ တာဝေးပစ်နဲ့ တာတိုပစ် ဆိုတာမျိုး ခွဲခြား ထုတ်လုပ်ထားပြီး ဖျက်ဆီးအားတွေလည်း မတူပါဘူး။ ဘိုင်ဒန်ကတော့ ရုရှားဟာ ဘယ်လို နျူကလီးယား လက်နက်မျိုးကိုမှ ထုတ်သုံးလိုက်လို့ မရကြောင်း အခိုင်အမာ သတိပေးခဲ့ပါတယ်။
ရုရှားကသာ နျူကလီးယား လက်နက်သုံးရင် အမေရိကန်က ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ မေးခွန်းကိုတော့ ဘိုင်ဒန်က သူ့အနေနဲ့ တိတိကျကျ မဖြေနိုင်သေးပေမယ့် ကြီးမားတဲ့ အကျိုးဆက်တွေတော့ ရှိလာမှာ သေချာကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။
လက်ရှိ အခြေအနေတွေ အရတော့ ယူကရိန်းက စစ်ပွဲဟာ ရုရှား မျှော်လင့်ထားတဲ့ အနေအထားမျိုးကနေ အကြီးအကျယ် သွေဖယ်လာနေတာ မြင်နိုင်ပါတယ်။ ယူကရိန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတင် ရုရှား လက်အောက် ကျရောက်နေတဲ့ နယ်မြေ စုစုပေါင်း စတုရန်း ကီလိုမီတာ ၈၀၀၀ ကျော်လောက်ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။
ပူတင်ကတော့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်တွေ လောလောဆယ် အောင်မြင်နေတယ် ဆိုပေမယ့် ရုရှားရဲ့ အစီအမံတွေ ထိခိုက်လောက်တဲ့ထိ သက်ရောက်မှု ရှိမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။
Ref: CBS