သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ဆက်ထားဖို့ ထီးလင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဆရာ၊ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားစုစုပေါင်း နှစ်ထောင့်ငါးရာက စက်တင်ဘာလ ၁၅ ရက်မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံက DNA ကိုပြောပါတယ်။
” သံအမတ်ကြီးဦးကျော်မိုးထွန်းမှတစ်ဆင့် မြန်မာပြည်သူတွေရဲ့အသံ မတရားအာဏာလုထားတဲ့ စစ်အာဏာရှင်လူတစ်စုရဲ့ ရက်စက်ယုတ်မာမှုတွေကို ကမ္ဘာကိုသိစေဖို့အတွက် နိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်ခန့်အပ်ဖို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်” လို့ ပညာရေးဘုတ်အဖွဲ့တာဝန်ခံကပြောပါတယ်။
အဲ့ဒီဆန္ဒထုတ်ဖော်ပွဲမှာ ဟောပြောမူတွေပါဝင်ပြီး ထီးလင်းမြို့နယ် ပကဖ ၊ပလဖ နဲ့ pdf အဖွဲ့ဝင်တွေက တက်ရောက်လာတဲ့ ကျောင်းသူ၊ကျောင်းသားတွေနဲ့ဆရာ၊ဆရာမတွေကို လုံခြုံရေးယူပေးခဲ့တယ်လို့ သိရပါတယ်။
ထီးလင်းမြို့နယ်တွင်းက တခြားနေရာတွေမှာလည်း ဆန္ဒထုတ်ဖော်ပွဲတွေ ဆက်ပြီးပြုလုပ်သွားမယ်လို့
မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံကပြောပါတယ်။
ထီးလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့ဟာ NUG ရဲ့ ကြားကာလ ပညာရေးအစီအစဥ်မှာ ပါဝင်ဆောင် ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီးမြို့နယ်အတွင်း ကျေးရွာကျောင်း (၈၀) ကျော်က ကျောင်းသူကျောင်းသား (၇၀၀၀) ကျော်ကို စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမအင်အား ၁၃၀၀ ကျော်နဲ့ မူလတန်းကနေ အထက်တန်းအထိ ပညာသင်ပေးနေတယ်လို့သိရပါတယ်။