အသစ်တဖန် သန့်စင် အသုံးပြုနိုင်တဲ့ စွမ်းအင် (Green Energy) နည်းပညာကို နိုင်ငံတကာမှာ တောင်းဆိုမှု မြင့်တက်လာခြင်းနဲ့အတူ မြေရှားသတ္တုတွေ ရရှိနိုင်မယ့် အရင်းအမြစ်တွေကို ပိုမို လိုအပ်လာပါတယ်။ ဒီအခြေအနေတွေက မြန်မာပြည်သူတွေအတွက် ဆိုးကျိုး ရိုက်ခတ်မှုတွေ ဖြစ်လာစေပါတယ်။
ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ MetalMinerရဲ့ အစီရင်ခံစာမှာ ကမ္ဘာတလွှားက နိုင်ငံတွေ အနေနဲ့ မြေရှား သတ္တုတွေကို တရုတ်နိုင်ငံ မဟုတ်တဲ့ တခြားနေရာတွေကနေ တင်သွင်းနိုင်ဖို့ အပတ်တကုတ် အားထုတ် ရှာဖွေနေကြပုံတွေအကြောင်း တော်တော်လေး ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ တရုတ်မှာ သတ္တု တူးဖော်မယ့် မြေနေရာ ပိုင်ဆိုင်ခွင့် မူဝါဒဆိုင်ရာ အရှုပ်အထွေးတွေ ဆက်ပြီး ပေါ်ပေါက်နေသလို စက်မှုထုတ်ကုန် ကဏ္ဍမှာ အကန့်အသတ်တွေ ဖြစ်ပေါ်နေတာက နိုင်ငံရဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းမှာ နှောင့်နှေး ထိခိုက်မှုတွေ ကြုံလာစေပါတယ်။
ဒါပေမဲ့ ထုတ်လုပ်မှု ပြဿနာကြောင့်တင် မကဘဲ နိုင်ငံပေါင်း အတော်များများရဲ့ သဘောဆန္ဒ အရကို မြေရှားသတ္တု ဝယ်ယူရေးနဲ့ ပတ်သက်ရင် တရုတ်အပေါ် အကြီးအကျယ် မှီခိုနေရတဲ့ အနေအထားကနေ ရှောင်လွှဲချင်လာကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြေရှားသတ္တု ရရှိနိုင်မယ့် ရင်းမြစ်အသစ်၊ အခွင့်အလမ်းသစ်တွေကို ကမ္ဘာအနှံ့မှာ ဖြန့်ကျက် ရှာဖွေဖို့ စိတ်အား ထက်သန်လာကြတာပါ။
ဥပမာ အနေနဲ့ ပြောရရင် အာဖရိကတိုက်ဟာ မြေရှားသတ္တုတွေ အလျှံအပယ် ပေါကြွယ်ဝတဲ့ ဒေသကြီးတစ်ခု ဖြစ်ပါတယ်။ အာဖရိကတိုက်ရဲ့ နိုင်ငံတချို့မှာ မြေရှားသတ္တုသိုက်တွေ ပျံ့နှံ့ကွဲပြား တည်ရှိနေကြပါတယ်။ အထင်သာ အမြင်သာဆုံးအဖြစ် တောင်အာဖရိကနဲ့ တန်ဇန်းနီးယား နှစ်နိုင်ငံတည်းမှာတင် မြေရှားသတ္တု တန်ချိန် ၁ ဒဿမ ၇ သန်းလောက် တူးဖော် ထုတ်လုပ်နိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။ ဒီတော့ အာဖရိကမှာ မြေရှားသတ္တုတွေ ထုတ်လုပ်နိုင်ခြေနဲ့ ပတ်သက်ပြီး တရုတ်ကလည်း မျက်စိကျနေတာ မဆန်းပါဘူး။
ပြည်တွင်းမှာက ထုတ်ကုန်ကဏ္ဍ ကန့်သတ်ချက်တွေ ကြုံတွေ့နေတဲ့ အချိန်မှာ ပြည်ပက မြေရှားသတ္တုသိုက်တွေဆီ ခြေဦးလှည့်ချင်တာက တရုတ်အတွက် အဓိပ္ပါယ်ရှိတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ဟာ မြေရှား သတ္တု ထုတ်လုပ်ရေးကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားရာမှာ မျှတတဲ့၊ ကျင့်ဝတ် လိုက်နာတဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်မယ်လို့တော့ ယူဆ မထားသင့်ပါဘူး။
သန့်စင်စွမ်းအင် နည်းပညာဆိုင်ရာ စက်ပစ္စည်း ကိရိယာတွေအတွက် ဘက်ထရီလိုမျိုး အစိတ်အပိုင်းတွေ ထုတ်လုပ်ရာမှာ မြေရှားသတ္တုတွေက သိပ်အရေးကြီးပါတယ်။ ဒါကြောင့် နိုင်ငံတကာ တောင်းဆိုမှုလည်း မြင့်မားပါတယ်။ မြန်မာနိုင်ငံမှာတော့ အရှေ့မြောက်ဖျား ဒေသတွေမှာ မြေရှား သတ္တု မိုင်းတွင်းတွေ ရှိနေပြီး အဲဒီအတွက်ကိုပဲ ဒေသခံတွေက စိုးရိမ် ပူပန်နေကြရပါတယ်။ မြန်မာနိုင်ငံ မြေရှား သတ္တု တူးဖော်ရေး လုပ်ငန်းတွေအကြောင်း အတွင်းကျကျ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ခုအရ အဲဒီ သတ္တုတွင်း အများစုဟာ မြန်မာ-တရုတ် နယ်စပ်တလျှောက်မှာ အဓိက တည်ရှိနေတယ်လို့ သိရပါတယ်။
ဆိုးရွားတဲ့ ကိစ္စတစ်ခုကတော့ အဲဒီ သတ္တုတွင်းတွေဟာ ဒေသရဲ့ ဂေဟစနစ်ကိုရော၊ ဒေသခံ ပြည်သူတွေရဲ့ လူမှုဘဝကိုပါ အကြီးအကျယ် ညစ်နွမ်း အဆိပ်သင့်စေနိုင်တာပါပဲ။ မြေရှားသတ္တုတွေ တူးဖော်တဲ့ လုပ်ငန်းစဉ်မှာ တောင်နံရံတွေကို အပေါက်ဖောက်ပြီး ဓာတုဗေဒ ဆေးရည်တွေ အမြောက်အမြား ထိုးသွင်းပေးရပါတယ်။ အဲဒီ ဓာတုဆေးရည်တွေက မြေရှားသတ္တုတွေကို ပျော်ဝင်သွားစေပြီး အကျိုးဆက် အနေနဲ့ ရှားပါးတဲ့ ဓာတ်သတ္တုတွေကို အလွယ်တကူ ခွဲထုတ်လို့ ရသွားပါတယ်။
ဒါပေမဲ့ အဲဒီ သတ္တုတွင်းတွေ တဝိုက်မှာ လုံခြုံရေးနဲ့ ကျင့်ဝတ်ဆိုင်ရာ စံနှုန်းတွေ ကြပ်မတ် လိုက်နာတာမျိုး မရှိပါဘူး။ ဓာတုဗေဒ ဆေးရည်တွေကို ဘယ်လိုနေရာကနေ ဘယ်လောက် အတိုင်းအတာနဲ့ ထိုးသွင်းစေမယ် ဆိုတာမျိုး စံသတ်မှတ်ချက်တွေကို ဂရုမစိုက်ကြပါဘူး။ ဒါတင် မကသေးဘဲ ဘေးထွက် ပစ္စည်းတွေကိုလည်း စနစ်တကျ သိုလှောင် စွန့်ပစ်တာမျိုး မဟုတ်ပြန်ဘူး။ တောင်နံရံတွေထဲ ထိုးသွင်းလိုက်တဲ့ ဓာတု ဆေးရည်တွေဟာ မြေဆီလွှာထဲကို အဆီးအတားမရှိ စိမ့်ဝင်သွားပါတော့တယ်။ ဒါကြောင့် နောက်ဆက်တွဲ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေသလို မြန်မာနိုင်ငံရဲ့ ရေအရင်းအမြစ်ကိုပါ အဆိပ်သင့်စေတော့တာပါပဲ။
ဒါကြောင့်လည်း သန်းနဲ့ချီ များပြားတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဓာတုအဆိပ်တွေ ရောပြွန်းနေတဲ့ ရေတွေကို သောက်မိနေကြရမှာကို စိုးရိမ်သူတွေ အများအပြား ရှိနေကြတာ မဆန်းပါဘူး။ မြေရှားသတ္တု တူးဖော်တဲ့ မိုင်းတွင်း အများစုဟာ မေခနဲ့ မလိခမြစ်တွေ တဝိုက်မှာ ဝန်းရံ တည်ရှိနေပါတယ်။ ဒီမြစ်နှစ်စင်းဟာ မြန်မာ့ ရေအရင်းအမြစ်ရဲ့ အခြေခံ အကျဆုံး မူလအစတွေလို့ ဆိုနိုင်ပါတယ်။ အဲဒီ မြစ်နှစ်စင်း စုဆုံရာက စတင်စီးဆင်းတဲ့ ဧရာဝတီမြစ်ဟာ တောတောင်တွေကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံကို ဖြတ်သန်း စီးဆင်းရင်း မြစ်လက်တက်တွေ ခွဲဖြာသွားပါတယ်။ ဒီတော့ မြေရှားသတ္တုတွင်းတွေက အဆိပ်တွေသာ အဲဒီရေထုထဲမှာ ရောပါနေမယ်ဆိုရင် ပုံမှန် သောက်သုံးသူတွေဟာ ရေရှည်မှာ အသက်အန္တရာယ် ထိခိုက်တဲ့ထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ခြေ ရှိပါတယ်။
မြေရှားသတ္တုတွေဟာ ပုံမှန် တူးဖော်မှု နည်းလမ်းတွေနဲ့ ထုတ်လုပ်ဖို့ မဖြစ်နိုင်လောက်အောင် ခက်ခဲတယ်ဆိုပြီး နာမည်ကြီးပါတယ်။ သတ္တု ထုတ်လုပ်ရတဲ့ နည်းလမ်းတွေထဲမှာ နက်နက်ရှိုင်းရှိုင်း တူးဖော်ရတာတွေ၊ ဖောက်ခွဲပစ်ရတာတွေ ဆက်တိုက်လိုလို လုပ်ရလေ့ ရှိပါတယ်။ ပြီးရင် မြေသား အစအနတွေကို သယ်ယူသွားပြီး သတ္တုသန့်စင်တဲ့ နေရာတွေဆီ ပို့ဆောင်ပေးရပါတယ်။ ကံအကြောင်းမလှစွာနဲ့ပဲ မြေရှားသတ္တု ထုတ်လုပ်ဖို့ အသုံးပြုနေတဲ့ နည်းလမ်းသစ်တွေက ပိုပြီးတော့တောင် လူ့အသက်တွေ ထိခိုက်စေမယ့် ချဉ်းကပ်မှုမျိုး ဖြစ်နေခဲ့ပါတယ်။
အရေးကြီးတဲ့ အချက်ကတော့ မြန်မာနိုင်ငံမှာ ဒီလိုပုံစံနဲ့ သတ္တုတူးဖော်တာတွေဟာ တရားမဝင်ဘူး ဆိုတာပါပဲ။ ဒါပေမဲ့လည်း နိုင်ငံရဲ့ တောင်ထူထပ်ရာ ဒေသတွေမှာ ပမာဏ မှန်းဆဖို့တောင် မလွယ်တဲ့ အတိုင်းအတာမျိုးနဲ့ မြေရှားသတ္တုတွေ တူးဖော် ထုတ်လုပ်နေကြတုန်းပါ။ တကယ်တမ်းကျတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်က နာမည်ခံ တင်ပို့နေတဲ့ မြေရှားသတ္တုတွေထဲက ပမာဏ တော်တော်များများဟာ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်က ထွက်ရှိလာတာလို့ ဆိုနိုင်ပါတယ်။ ကချင်ပြည်နယ်မှာ မြေရှားသတ္တု တူးဖော်တဲ့ ဓာတုဗေဒ မိုင်းတွင်းပေါင်း ၂၇၀၀ ကျော်လောက် ရှိနေပါတယ်။
ဒေသရဲ့ ရှုပ်ထွေးတဲ့ နိုင်ငံရေး အခြေအနေတွေအရ အဲဒီမိုင်းတွင်းတွေကို ကွဲပြားတဲ့ လက်နက်ကိုင် အင်အားစုတွေက နယ်မြေအလိုက် ခွဲဝေ ထိန်းချုပ်ထားတာမျိုးလည်း ရှိနေပါတယ်။ ဒီမိုင်းတွင်းတွေဟာ သူတို့အပေါ် ကောင်းကျိုး မပေးမှန်း သိနေပေမယ့်လည်း ဒေသခံ အများအပြားဟာ မိသားစုအတွက် စားဝတ်နေရေး ထောက်ပံ့ပေးဖို့ မိုင်းတွင်းတွေမှာ သွားအလုပ်လုပ် နေကြရတာပါပဲ။ မြန်မာနိုင်ငံရဲ့ ပျမ်းမျှ အခြေခံ လုပ်ခလစာနဲ့ ယှဉ်လိုက်ရင် မိုင်းတွင်းတွေမှာ ရနိုင်တဲ့ ပမာဏက ၂ ဆလောက် ပိုများပါတယ်။
မြေရှားသတ္တု မိုင်းတွင်းတွေက ပေးလာမယ့် ဆိုးကျိုးတွေဟာ အသက်အန္တရာယ်ကို နည်းလမ်း အမျိုးမျိုးနဲ့ ထိခိုက် ခြိမ်းခြောက်နိုင်မှန်း သိနေရင်တောင်မှ ငွေကြေးအရ ဆွဲဆောင်မှုတွေကိုတော့ ဒေသခံတွေ အနေနဲ့ မျက်နှာလွှဲဖို့ ခက်ခဲနေပြန်တာ အမှန်ပါပဲ။
(OilPrice သတင်းဌာနတွင် ဖော်ပြထားသည့် Rare Earths Supply Stifled By Controversy In Myanmar ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)