ဂန့်ဂေါမြို့က စစ်ကောင်စီ ခ.လ.ရ (၅၀) တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက စင်တင်ဘာ (၁၅) ရက် ည (၁၁) နာရီဝန်းကျင်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါမြို့ခံတွေက DNA ကိုပြောပါတယ်။
“အိပ်ပျော်ခါစဆိုတော့ လန့်နိုးတာပ၊ သူတို့တပ်ထဲကနေပစ်ကြတာ ဗလောင်းဆန်လို့၊ တိုက်ပွဲဖြစ်တော့တာ မှတ်နေတာ ၊ခုလင်းမှ သူတို့တပ်ထဲကို လက်နက်ကြီးပစ်ခံရလို့ လျောက်ရမ်းပစ်ကြတယ်ဆိုတာသိတာ၊ ထိကြလား မထိကြလား လည်းမသိ၊ ဘယ်လောက်တောင်ကြောက်နေကြလည်းမသိဘူး” လို့ ဂန့်ဂေါမြို့ခံတစ်ဦးက ပြောပါတယ်။
ဂန့်ဂေါမြို့ ခ.လ.ရ (၅၀) တပ်ဟာ ခုအတောအတွင်း ဂန့်ဂေါမြို့နယ်အနှံ့ စစ်ကြောင်းဖြန့်ပြီး ရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေကိုခိုးယူတာ၊ စစ်ကြောင်းတစ်ရွာနဲ့တစ်ရွာအကူးမှာ ကလေးသူငယ်တွေအပါအဝင် ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေကို ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂန့်ဂေါ ခ.လ.ရ (၅၀) ကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ဒေသတွင်း ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဘယ်ဒေသခံ ကာကွယ်ရေးတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတာ DNA က ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။