မုန်းမြို့နယ်အတွင်း ကျေးရွာနေပြည်သူတွေကိုစစ်တပ်က အတင်းအကျပ်ခြိမ်းခြောက်ပြီး ရွှေ့ပြောင်းခိုင်းနေ

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းက ကျေးရွာနေပြည်သူတွေကို စစ်တပ်က အတင်းအကျပ် ရွှေ့ ပြောင်းစေတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ (၁၄)ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ကော်သူးလေ အုပ်ချုပ်နယ်‌မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲက နိုကူကျေးရွာမှာနေထိုင်သူတွေကို စစ်တပ် က စက်တင်ဘာ (၁၃)ရက်နေ့မှာ ရွာထဲကမထွက်ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြီး အတင်းအကျပ်ရွှေ့ ပြောင်း စေခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ခြိမ်းခြောက်ဖိအားပေးခံရတာကြောင့် နိုကူကျေးရွာက နေအိမ်(၁၆၇)လုံးမှာနေထိုင်တဲ့ ပြည်သူ တထောင် နီးပါး (၉၄၅)ဦး ရွာကရွှေ့ပြောင်းခဲ့ရတဲ့အပြင် စစ်တပ်က ရွာသူရွာသားကို စစ်ဆေးပြီး ဖုန်း(၃၆)လုံးကိုလည်း သိမ်း ယူခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စက်တင်ဘာ (၁၁)ရက်တုန်းကလည်း မုန်းမြို့နယ်ထဲက တမာခေါနဲ့ တောင်စု ကျေးရွာတွေကို အလားတူ အတင်းအကျပ် ခြိမ်းခြောက်ထွက်ခွာခိုင်းခဲ့ပြီး တမောခေါရွာက ပြည်သူသုံးရာကျော် ဟာ ခြိမ်းခြောက်မှုကြောင့် နေရပ်စွန့်ခွန်တိမ်းရှောင်ခဲ့ကြရပါတယ်။

ဒါ့အပြင် စက်တင်ဘာ (၁၂)ရက်ညနေပိုင်းမှာ အိမ်မွေးတိရိစ္ဆာန်တွေကို အစာပြန်လာကျွေးတဲ့ နေရပ်စွန့်ခွာတိမ်း ရှောင်နေရတဲ့ အရပ်သား စောရော်ဘင်ဟူးကိုစစ်ကောင်စီက ပစ်ခတ်လို့ လည်ပင်းထိမှန်ပြီးသေဆုံးခဲ့တယ်လို့ KNU ကပြောပါတယ်။

ကော်သူးလေ နယ်မြေ၊ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်က KNU လက်အောက်ခံ KNDO တပ်ရင်း(၃)နယ်မြေထဲကို ဝင်ရောက်လှုပ်ရှားလို့ စက်တင်ဘာ (၇)ရက်ကနေ (၁၃)ရက်နေ့ အထိ နှစ်ဖက် တိုက်ပွဲတွေဖြစ်ခဲ့ပြီး ရွာပေါင်း (၁၆)ရွာကပြည်သူတွေတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

အဲ့ဒီလိုတိုက်ပွဲဖြစ်နေတဲ့ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်က စက်တင်ဘာ ၁၄ရက် ညနေပိုင်းမှာ လေ ယာဉ်နဲ့ သုံးကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း KNU ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ အခုလအတွင်းမှာပဲ စစ်ဘေးရှောင်ပြည်သူ နှစ်သောင်းနီး ပါး(၁၇၅၀၄)ဦးအထိ ထပ်တိုးလာပြီး အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။