ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ ကျုံတာကျေးရွာအနီး ရေကြည် – ငသိုင်း လမ်းမပေါ်မှာ စစ်ကောင်စီ ခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေကို DNA ကိုပြောပါတယ်။
“ပစ်တဲ့သူတွေက ဆိုင်ကယ်နဲ့ လိုက်လာပြီး အနီးကပ် ပစ်သတ်သွားတာ လို့ ပြောကြတယ်။ အဲဒီ နေရာမှာပဲ ပွဲခြင်းပြီးသေတာပါ “လို့ ဆိုပါတယ်။
စက်တင်ဘာလ ၁၄ ရက် မနေ့က မွန်းလွဲပိုင်းမှာရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာရဲ့ အုပ်ချုပ်ရေးမှူး ဦးတာဘူး ဟာဆိုင်ကယ်မောင်းလာချိန်မှာ သေနတ်နဲ့ အပစ်ခံလိုက်ရတာလို့ သိရပါတယ်။
ပစ်သတ်ခံရသူဟာ အသက်(၄၀) ခန့်ရှိပြီး စစ်တပ် အာဏာ သိမ်းပြီးနောက် စစ်ကောင်စီကခန့်လို့ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သူပါ ။ အဲဒီမတိုင်ခင်က တပ်ထောက်ခံ ပွဲတွေကို ဦးဆောင်ခဲ့တဲ့ မဘသ အဖွဲ့ဝင်တဦးဖြစ်တယ် လို့ ရေကြည်မြို့ခံတွေက ပြောပါတယ်။
ပစ်သတ်ခံရသူ ဦးတာဘူး ကို ဇရပ်လှရွာ အုပ်ချုပ်ရေးမှူး အဖြစ် ခန့်ထားပြီးနောက် သူက ဒေသတွင်းက CDM ဝန်ထမ်းတွေရဲ့ အမည်စာရင်းကို လိုက်လံ ကောက်ယူတာ၊ ဧည့်စာရင်း စစ်တာတွေကို တင်းတင်းကြပ်ကြပ် လုပ်ခဲ့သူလို့လည်း သိရပါတယ် ။
“ပစ်ခတ်မှုဖြစ်ပြီး မကြာခင် ကျုံးတာရွာနဲ့ မြို့ ဝင်ထွက်လမ်းတွေ ကိုစစ်တပ်နဲ့ ရဲတွေရောက်လာပြီးနောက် လမ်းသွားလမ်းလာ တွေကို စစ်ဆေးပြီး ဆိုင်ကယ်စီး လူငယ် အချို့ ကို ဖမ်းသွားတယ်” လို့ မျက်မြင်တွေ့ရှိသူ အချို့ က ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုနဲ့ ပါတ်သက်ပြီး ဒေသတွင်းရှိတော်လှန်ရေး အင်အားစုတွေဘက်က ဒီနေ့ မနက်ပိုင်းအထိ သတင်း တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဧရာဝတီတိုင်း ရေကြည်မြို့နယ် မှာ အသုတ်၊ ရေကြည် နဲ့ ငသိုင်းချောင်းမြို့တွေ ပါဝင်ပြီး အသုတ်မြို့ မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း ကြံ့ဖွံ့ပါတီဝင် တဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရဖူးပါတယ်။