ကုလသမဂ္ဂ ညီလာခံတက်ဖို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးကို အမေရိကန်က ပြည်ဝင်ခွင့်ပြု

Photo – Reuters

နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် ရုရှား ကိုယ်စားလှယ် ၂၄ ဦးကို ကုလသမဂ္ဂ ညီလာခံတက်ဖို့ အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးလိုက်ကြောင်း သိရပါတယ်။

အမေရိကန်ဟာ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ တုံ့ပြန်တဲ့ အနေနဲ့ ရုရှား အစိုးရ အရာရှိတွေကို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားပါတယ်။ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ် အနေနဲ့လည်း ဒီအခြေအနေကြောင့် အမေရိကန်ကို သွားရောက်လို့ မရဘဲ ဖြစ်နေခဲ့ပါတယ်။ 

စက်တင်ဘာ လဆန်းပိုင်းမှာတော့ ရုရှားအစိုးရက ကုလသမဂ္ဂ နှစ်ပတ်လည် ညီလာခံကို စေလွှတ်မယ့် ကိုယ်စားလှယ် ၅၆ ဦးကို ဗီဇာ ထုတ်ပေးဖို့ အမေရိကန် အစိုးရဆီ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ အဲဒီ ညီလာခံကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပသွားမှာပါ။ 

အခုသီတင်းပတ်ထိ အခြေအနေအရ အမေရိကန်ဟာ လက်ဗ်ရော့ဗ်နဲ့ နောက်ထပ် ၂၃ ယောက်ရဲ့ ဗီဇာ လျှောက်ထားမှုတွေကို စိစစ် လက်ခံပေးပြီး ဖြစ်တယ်လို့ သံတမန် အသိုက်အဝန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ကြီး ဗာဆီလီ နစ်ဘန်ဇီရာက လက်ဗ်ရော့ဗ်နဲ့အတူ အမေရိကန်ကို လိုက်ပါမယ့် လေယာဉ် အမှုထမ်းတွေပါ ဗီဇာရဖို့ နှောင့်နှေးနေကြောင်း အစောပိုင်းမှာ ဝန်ခံ ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ အစည်းအဝေးတက်မယ့် ရုရှား ကိုယ်စားလှယ်တွေအတွက် ဗီဇာ ခွင့်ပြုရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ထိပ်သီးအဆင့် အစည်းအဝေးတွေဟာ စက်တင်ဘာ ၂၀ မှာ စတင်မှာ ဖြစ်ပါတယ်။ 

၁၉၄၇ ခုနှစ်တုန်းက ကုလသမဂ္ဂ ဌာနချုပ်ဆိုင်ရာ သဘောတူညီမှုအရ အစည်းအဝေး လာရောက်မယ့် နိုင်ငံတကာ သံတမန်တွေကို ယေဘုယျအားဖြင့် အမေရိကန်က ဗီဇာ အလွယ်တကူ ထုတ်ပေးရမှာပါ။ ဒါပေမဲ့ အမေရိကန်ကတော့ လုံခြုံရေး၊ အကြမ်းဖက်ဝါဒနဲ့ နိုင်ငံခြားရေး ပေါ်လစီတွေအပေါ် မူတည်ပြီး သံတမန်တွေရဲ့ ဗီဇာလျှောက်ထားမှုကို ငြင်းဆိုပိုင်ခွင့်ရှိကြောင်း ပြောပါတယ်။ 

အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ရုရှားတပ်တွေ စတင် ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ နှစ်ဆန်းပိုင်းကစလို့ ရုရှား-အမေရိကန် ဆက်ဆံရေးဟာ အဆိုးဆုံး အဆင့်ကို ရောက်ရှိသွားပါတယ်။ ဒါကြောင့်လည်း ဗီဇာ ခွင့်ပြုမယ့် ကိစ္စနဲ့ ပတ်သက်လို့ ရှုပ်ထွေးတဲ့ အခြေအနေတွေ ပေါ်ပေါက်လာတာပါ။ 

ရုရှား အစိုးရကတော့ သံရေးတမန်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်တွေကို ဗီဇာ ထုတ်မပေးတာဟာ အမေရိကန်ရဲ့ ကတိပျက်ကွက်မှုသာ ဖြစ်တယ်လို့ ဝေဖန် စွပ်စွဲထားပါတယ်။ ကုလသမဂ္ဂကတော့ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နိုင်ငံတွေဟာ ဗီဇာမူဝါဒနဲ့ ပတ်သက်ရင် အလေးထား လိုက်နာသင့်ကြောင်း မှတ်ချက်ပေးခဲ့ပေမယ့် လူပုဂ္ဂိုလ် တစ်ဦးချင်းနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ အပေါ်မှာတော့ မှတ်ချက် မပေးလိုကြောင်း ပြောကြားထားပါတယ်။