NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော ရိုဟင်ဂျာတွေကိုတောင်းပန်

ရိုဟင်ဂျာတွေအပေါ် နာကျင်စေအောင် လွန်ခဲ့တဲ့ နှစ်တွေက ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး စိတ်ရင်းနဲ့တောင်းပန်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက စက်တင်ဘာ (၁၄)ရက်ဒီကနေ့မှာထုတ်ပြန်ပါတယ်။

လက်ရှိ NUG ယာယီသမ္မတရုံးပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူထားတဲ့ ဦးကျော်ဇောဟာ ၂၀၁၇ခုနှစ်က ကနေဒါနိုင်ငံ အထက်လွှတ်တော်မှာ ရိုဟင်ဂျာတွေအရေးနဲ့ပတ်သက်ပြီး ကြားနာမှုတခုမှာ အသိသက် သေအ ဖြစ်ပါဝင်ခဲ့စဉ်ကပြောဆိုခဲ့တာတွေအပေါ် ပြန်တောင်းပန်တာပါ။

ဒါဟာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ရိုဟင်ဂျာအရေးရပ်တည်ပြောဆိုမှုတွေနဲ့ပတ်သက်လို့ NUG အစိုးရ သမ္မ တရုံးက အဆင့်မြင့် တာဝန်ရှိသူတဦးအနေနဲ့ ပထမဆုံးတောင်းပန်ထုတ်ပြန်တာဖြစ်ပါတယ်။

ကနေဒါအထက်လွှတ်တော် လူသားချင်းစာနာမှုဆိုင်ရာ ကော်မတီမှာ၂၀၁၇ခုနှစ်အောက်တိုဘာလဆန်းက ရို ဟင်ဂျာအရေးကြားနာချိန်မှာ အသိသက်သေတဦးအနေနဲ့ ဦးကျော်ဇော်ကလည်းပါဝင်ထွက်ဆို ခဲ့ပါတယ်။ အဲ့ဒီလိုထွက်ဆိုရာမှာ အဲ့ဒီအချိန်က ရရှိခဲ့တဲ့သတင်းအချက်အလက်တွေကို ယုံကြည်မိတာကြောင့် ရပ်တည်မှုမှားယွင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်မြန်မာအရပ်သားအစိုးရကိုခုခံကာကွယ်ပေးဖို့ ကြိုးပမ်းတာကနေ မှားယွင်းတဲ့အကြောင်းအရာတွေ ကိုပြော ခဲ့မိတယ်လို့ ဦးကျော်ဇောရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလိုမှားယွင်းပြောဆိုခဲ့တဲ့အတွက် အလေးအနက်နောင်တရနေပြီး ရိုဟင်ဂျာ လူမျိုးတွေကို ထိခိုက်နစ်နာစေတာမျိုးတွေလုပ်မှာမဟုတ်တော့ဘူးလို့ ဆိုပါတယ်။

လူ့အခွင့်ရေးတန်းတူရရှိရေးနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရှိရေးကို အာမခံတဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ ရိုဟင်ဂျာတွေပိုမို ပါဝင်လာနိုင်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့မှာ ထောက်ခံအားပေးနေတယ်ဆိုတဲ့အကြောင်းကိုလည်း ဖော်ပြထားပါတယ်။

လွတ်လပ်ရေး ၊ လူ့အခွင့်ရေးတန်းတူရရှိရေး ၊ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရှိရေး နဲ့ တရားမျှတမှုရရှိရေး စတာ တွေနဲ့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွေကို ရိုဟင်ဂျာ ညီအကိုမောင်နှမတွေနဲ့အတူ လုပ်ဆောင်သွားမယ် လို့ဆိုပါတယ်။

အဲ့ဒီ ထုတ်ပြန်တောင်းပန်ချက်ကို ယာယီသမ္မတဒူဝါလရှီးလရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း ဖော်ပြထားပါတယ်။

NLD အစိုးရလက်ထက် ရိုဟင်ဂျာအရေးရပ်တည်ချက်တွေနဲ့ပတ်သက်လို့ လက်ရှိ NUG အစိုးရအဖွဲ့က ဝန်ကြီး အချို့ကလည်း တောင်းပန်တယ်လို့ ထုတ်ဖော်ပြောဆိုတာတွေရှိခဲ့ပါတယ်။