၂၀၂၂ ခုနှစ်အတွင်း ရုရှားစီးပွားရေး လုပ်ငန်းရှင်တွေ ပဟေဠိဆန်ဆန် သေဆုံးနေတာ ၉ ယောက်ထိရှိလာ

Photo – CNN

အခုနှစ်အတွင်း ရုရှားနိုင်ငံမှာ လူသိများတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ပဟေဠိဆန်ဆန် သေဆုံးခဲ့တာ ၉ ဦးမြောက် ရှိလာပြီလို့ သိရပါတယ်။

အရှေ့ဖျားနဲ့ အာတိတ်ဒေသ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု ကော်ပိုရေးရှင်းရဲ့ အရေးပါတဲ့ ညွှန်ကြားရေး အရာရှိ အိုင်ဗန် ပီကော်ရင်ရဲ့ အလောင်းကို ဗလာဒီဗော့စတော့ခ်မြို့မှာ ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ ၂၀၂၂ နှစ်ဆန်းပိုင်း ကတည်းက ရုရှားမှာ စီးပွားရေး လုပ်ငန်းရှင်တချို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသလိုလို၊ အသတ်ခံရသလို အခြေအနေတွေနဲ့ ဆက်တိုက် သေဆုံးနေခဲ့ပြီး ပီကော်ရင်က နဝမမြောက် ဖြစ်လာပါတယ်။ 

အားလုံးအတွက် လေးစား အားကိုးရတဲ့ လုပ်ဖော်ကိုင်ဖက် ပီကော်ရင် ရုတ်တရက် ကွယ်လွန်ကြောင်း သတင်းကို စက်တင်ဘာ ၁၂ ရက်မှာ ကြားသိရပြီး အထူးဝမ်းနည်း ကြေကွဲမိကြောင်း ကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။ ပီကော်ရင်ဟာ ကော်ပိုရေးရှင်းရဲ့ လေကြောင်းနည်းပညာနဲ့ စက်မှုလုပ်ငန်း ဌာနခွဲမှာ ဒါရိုက်တာအဖြစ် တာဝန်ယူထားသူပါ။ 

ပီကော်ရင် ကွယ်လွန်မှုဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှု တစ်ခုဖြစ်ပြီး မိသားစုဝင်တွေနဲ့ထပ်တူ ထိခိုက် ခံစားရကြောင်း ကော်ပိုရေးရှင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပီကော်ရင် ဘယ်လိုဘယ်ပုံ သေဆုံးသွားသလဲ ဆိုတာကတော့ သတင်းတွေ ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။ 

ရုရှား မီဒီယာ တစ်ခုဖြစ်တဲ့ RIA Novostiကတော့ ဗလာဒီဗော့စတော့ခ်မြို့နားက ဘီရီဂိုဗို ကျေးရွာနားမှာ အမျိုးသား အလောင်းတစ်ခုကို တွေ့ရှိပြီး စုံစမ်းကြည့်ရာက ပီကော်ရင်မှန်း သိရှိခဲ့ရတာလို့ ဆိုပါတယ်။ တချို့ ပြည်တွင်း သတင်းဌာနတွေက ပီကော်ရင်ဟာ စက်တင်ဘာ ၁၀ ရက်မှာ ရေနစ်သေဆုံးခဲ့တာလို့ ဖော်ပြကြပေမယ့် ခိုင်ခိုင်မာမာ အတည်မပြုနိုင်ပါဘူး။ 

ဇန်နဝါရီလကစလို့ ရုရှားနိုင်ငံမှာ ပဟေဠိဆန်ဆန် သေဆုံးသွားတဲ့ နာမည်ကျော် စီးပွားရေးသမား ၉ ဦးထိ ရှိလာပြီဖြစ်ပြီး အဲဒီထဲက ၆ ဦးဟာ နိုင်ငံရဲ့ အကြီးမားဆုံး စွမ်းအင် ကော်ပိုရေးရှင်းကြီး ၂ ခုနဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်နေသူတွေလို့ သိရပါတယ်။ တချို့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ မိသားစုနဲ့အတူ သေဆုံးနေတာမျိုး တွေ့ခဲ့ရပြီး ရဲတွေကတော့ သေသူဟာ မိသားစုဝင်တွေကို သတ်ပြီးမှ ကိုယ်တိုင် သေကြောင်းကြံသွားတဲ့ မှုခင်းတွေလို့ ယူဆခဲ့ကြပါတယ်။ 

စက်တင်ဘာ လဆန်းပိုင်းလောက်တုန်းကလည်း Lukoil ကုမ္ပဏီ ဥက္ကဋ္ဌ ရာဗေးလ် မာဂါနော့ဗ်ဟာ မော်စကိုမြို့က ဆေးရုံတစ်ခုရဲ့ ပြတင်းပေါက်က ပြုတ်ကျပြီး သေဆုံးခဲ့ပါသေးတယ်။ အဲဒီတုန်းက မာဂါနော့ဗ်ဟာ အပြင်းအထန် နာမကျန်းရာက ကွယ်လွန်သွားတာလို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့တာကြောင့် အရှုပ်အထွေးတွေ ဖြစ်ခဲ့ဖူးပါတယ်။ ရုရှား သတင်းဌာန Bezaကတော့ မာဂါနော့ဗ်ဟာ ဆေးရုံတက်နေတုန်း ဝရန်တာမှာ ဆေးလိပ် ထွက်သောက်ရင်း မတော်တဆ ​ပြုတ်ကျ သေဆုံးခဲ့တာ ဖြစ်နိုင်ကြောင်း ဖော်ပြတယ်။ အခင်းဖြစ်ချိန်က ဆေးရုံက လုံခြုံရေး ကင်မရာတွေကို ဖြုတ်သိမ်း ပြင်ဆင်နေတာကြောင့် ဗီဒီယို မှတ်တမ်း သက်သေ မကျန်ခဲ့ဘူးလို့ ဆိုပါတယ်။ မာဂါနော့ဗ် သေဆုံးတဲ့နောက် ဆေးရုံကို ရုရှား သမ္မတ ဗလာဒီမာပူတင် ကိုယ်တိုင် သွားရောက်ပြီး မိသားစုကို အားပေး နှစ်သိမ့်ခဲ့ကြောင်းလည်း သိရပါတယ်။