ဘုတလင်မှာ  ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခုစီးနင်းခံရပြီး ခြောက်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ် ပဲပြစ်တောအရှေ့ရွာအနီးက ဒေသကာကွယ်ရေးတပ်စခန်းတခု စက်တင်ဘာ ၁၃ရက် မနေ့က မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခံရပြီး ကာကွယ် ရေး တပ်ဖွဲ့ဝင်ငါးဦးနဲ့ CDM ဝင်ထားတဲ့ စစ် သားတဦးကျဆုံးခဲ့တယ်လို့ ဒေသခံတချို့က DNA ကိုပြောပါတယ်။

“လက်နက်ကြီးနဲ့အရင်ထုတာပေါ့၊ပြီးမှစခန်းဝင်စီးတာ စခန်းကိုလည်းမီးရှို့လိုက်ကြပြီ၊အလောင်း ခြောက် လောင်းသူတို့တွေ့တယ်လို့ပြောနေကျတာပဲ” လို့အမည်မဖော်လိုတဲ့ဒေသခံ တစ်ဦးက ပြောပါတယ်။

စီးနင်းတိုက်ခိုက်ခံခဲ့ရတဲ့စခန်းဟာ ဘုတလင်မြို့နယ်အခြေစိုက်ပြီး စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ ဒုံးပျံ Local PDF အဖွဲရဲ့တပ်စခန်းတခုဖြစ်တယ်လို့သိရပါတယ်။ဒုံးပျံPDF အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တဲ့ ဓာတ်ပုံတချို့ကနေအစပြုပြီး အခုလိုစခန်းစီးနင်းတိုက်ခိုက်ခံရတာ ဖြစ်နိုင် တယ်လို့ ဒေသတွင်းတော်လှန်အင်အားစုတွေနဲ့ဒေသခံတချို့ကယူဆကြပါတယ်။

ဒုံးပျံ Local PDFအဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ CDM စစ်သားတွေကို ဂုဏ်ပြုငွေပေးတဲ့အခမ်းအနားပုံတချို့ ပြီးခဲ့တဲ့ရက်ပိုင်းကဖော်ပြခဲ့ပါတယ်။

ပုံတချို့မှာ အခမ်းအနားပြုလုပ်တဲ့နေရာကိုသိနိုင်တဲ့ အထောက် အထားတွေပါဝင်နေတာကြောင့် ဒီဓာတ်ပုံတွေကတဆင့် အဖွဲ့အခြေပြုတဲ့နေရာကိုသိရှိပြီးလမ်းပြအကူအညီနဲ့ အလစ်အငိုက်စီးနင်း တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“CDM စစ်သားနှစ်ဦးကို ဒုံးပျံ LPDF ဒေသကာကွယ်ရေးတပ်ဖွဲ့က အခမ်းအနားနဲ့ဂုဏ်ပြုဆုငွေ တစ်ဦးကို သိန်း၅၀ ပေးတဲ့ပုံတွေလူမှုကွန်ရက်မှာဖော်ပြအပြီး ဒလန်တစ်ဦး လမ်းပြပေးမှုနဲ့စခန်းကိုဝင်စီးတာ”လို့ ဒေသခံတ ဦးက DNA ကိုပြောပါတယ်။

CDM စစ်သားနှစ်ဦးကို ဂုဏ်ပြုငွေပေးအပ်ကြောင်း ဒုံးပျံ Local PDF က ထုတ်ပြန်တဲ့ ဓာတ်ပုံတပုံကအဆောက် အဦးထဲမှာ ပဲပြစ်တော အရှေ့ရွာဆိုတဲ့ အမည်ပါဝင်တဲ့ ဗီနိုင်းစကို ထင်ထင်ရှားရှားတွေ့ရပါတယ်။

အခုလိုစခန်းစီးနင်းတိုက်ခိုက်ခံရတာကြောင့် ဒုံးပျံ Local PDF စခန်းက လက်နက်ခဲယမ်းအချို့လည်း ဆုံးရှုံးခဲ့ တယ်လို့ သိရပါတယ်။အဲ့ဒီလို စခန်းစီးနင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ဒုံးပျံအဖွဲ့က တစုံတရာ ထုတ်ပြန်ပြော ဆိုတာမရှိသေးပါဘူး။

ဒုံးပျံအဖွဲ့စခန်းကို စီးနင်းတိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းဟာ ပဲပြစ်တောရွာကနေအိမ်အချို့ကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာခံ(၂၀)လောက်ကိုလည်းဖမ်းဆီးသွားတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ ကဆိုပါတယ်။

အဲ့ဒီစီးနင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီဝါဒဖြန့်လူမှု ကွန်ရက်စာမျက်နှာတွေကတော့ ပဲပြစ်တောအရှေ့ရွာမှာတိုက်ပွဲဖြစ်လို့ PDFတွေဘက်က ခြောက်ဦးသေဆုံးပြီး လက်လုပ်သေနတ်နဲ့လက်လုပ်စိန်ပြောင်းတချို့အပါအဝင် လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ ဖော်ပြကြပါတယ်။