ဘားအံမြို့မှာ ကိုဗစ်ရောဂါကူးစက်ခံရသူတွေ ပြန်တွေ့နေပြီး နေအိမ်တချို့ လော့ဒေါင်းချခံရ

Photo- CJ
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကိုဗစ်ရောဂါကူးစက်ခံရသူတွေ ပြန်တွေ့နေပြီးစည်းကမ်းမလိုက်နာတဲ့ အိမ်တွေ ကို ကြိုးနီတား လော့ဒေါင်းချတာပြန်လုပ်နေတယ်လို့ ဘားအံမြို့မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက DNA ကို ပြောပါတယ်။
“အဲဒီ့အိမ်မှာက စိတ်မနှံ့တဲ့ လူနာရှိနေပြီး အပြင်မထွက်ရ စည်းကမ်းချက်ကို မလိုက်နာတဲ့အတွက်ကြိုးတားပြီ lockdown ၇ရက်လုပ်ရတာပါ”လို့သူကပြောပါတယ်။
ဘားအံမြို့မှာ covid positive လူနာတွေ ပြန်တွေ့နေတာသိရပေမယ့် အရေအတွက်ဘယ်လောက်ရှိနေတယ်ဆို တာတော့ အတိအကျမသိရပါဘူး။လက်ရှိ လော့ဒေါင်းချခံရတာကတော့ ဘားအံမြို့ ပြည်ထောင်စုဈေးအနားက အိမ်တစ်အိမ်ဖြစ်တယ်လို့ သိရပါတယ်။
မြို့တွင်းမှာ ကိုဗစ်ရောဂါကူးစက်ခံထားရသူတွေ စစ်ဆေးတွေ့ရှိနေပေမယ့် ရောဂါတွေ့တဲ့နေအိမ်တိုင်းကို လော့ ဒေါင်းချတာမဟုတ်ဘဲ စည်းကမ်းမလိုက်နာတဲ့ နေအိမ်တချို့ကိုသာ လော့ဒေါင်းချတာဖြစ်တယ်လို့မြို့ခံတချို့က ပြောပါတယ်။
“အိမ်တိုင်းတော့ကြိုးမတားပါဘူး၊ ရိုးရိုးတုပ်ကွေးရာသီနဲ့ ရောနေတော့ အခြေအနေတွေက ပြောရခက်နေတယ်၊ ကလေးတွေဆိုလည်း သွေးလွန်တုပ်ကွေးရာသီနဲ့ ရောနေတယ် ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အခုလို ကိုဗစ်ရောဂါကူးစက်ခံရသူ တွေပြန်တွေ့လာပေမဲ့ ဒေသခံအများစု Mask မတပ်ကြသလိုဆေးရုံဘက်က စာထုတ်ရင်လည်း လိုက်နာမှုအားနည်းတယ်လို့ မြို့ခံတချို့ကပြောပါတယ်။
အရင်က ဘားအံမြို့မှာ COVID -19 နဲ့ပတ်သတ်ပြီး စည်းကမ်းချက်တွေထုတ်တာ၊ စည်းကမ်းမလိုက်နာရင် ဒဏ် ငွေရိုက်တာတွေရှိခဲ့ပေမဲ့ လက်ရှိမှာတော့အဲ့ဒီလို အရေးယူ ဆောင်ရွက်တာမျိုးမတွေ့ရဘူးလို့ ဆိုပါတယ်။
စစ်အာဏာမသိမ်းမီက ဘားအံမြို့မှာ ကိုဗစ်ရောဂါကာကွယ်ရေးစည်းကမ်းချက်တွေနဲ့ပတ်သက်ပြီး တင်းတင်း ကျပ်ကျပ် စစ်ဆေးအရေးယူတာတွေရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နှစ်လယ်ပိုင်းအထိ ကိန်းဂဏန်းတွေအရ ကရင်ပြည်နယ်မှာ ကိုဗစ်ရောဂါကူးစက်ခံရသူ တထောင်နီးပါးနဲ့သေဆုံးသူ သုံးဆယ်ဝန်းကျင်ရှိခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့နှစ်ဇူလိုင်လအတွင်းကလည်း ဘားအံမြို့ ပြည်သူ့ဆေးရုံက ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း (၁၁)ဦး ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပါသေးတယ်။
(လတ်တလော လော့ဒေါင်းချခံထားရသည့် ဘားအံမြို့ကနေအိမ်တအိမ်)