အဘနှင့် သူ၏ ဖရဲသီးများ(မအလ – ဇော်မဲလုံး နှစ်ပါးခွင်)

ဇော်မဲလုံးတစ်ယောက် သတ်ချုပ်ကြီး အခေါ်ရှိသည်ဆို၍ သူ၏ ရုံးခန်းတွင်းသို့ အမြီးလေးသိမ်းကာ အပြေးတစ်ပိုင်း သွားရောက်ရသည်။

‘သတ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမအလ’ဟူသည့် စာတန်းချိတ်ဆွဲထားသော အခန်းတံခါးအား တွန်းဖွင့်ကာ ဝင်လိုက်သည်။

စားပွဲနောက်က ကုလားထိုင်ပေါ်၌ ထိုင်နေသည်လား၊ ထနေသည်လား မသဲကွဲသော သတ်ချုပ်ကြီးအား စာရေး လိုက်၊ စဉ်းစားဟန်ပြုလိုက်ဖြင့် အလုပ်ရှုပ်နေသည်ကို တွေ့ရသည်။

“အဘခေါ်တယ်ဆိုလို့”

သတ်ချုပ်ကြီးနှင့်မျက်နှာချင်းဆိုင်အနေအထား စားပွဲရှေ့ရောက်သည်နှင့် ဇော်မဲလုံးတစ်ယောက် ထုံးစံအတိုင်း သတိဆွဲအလေးပြုကာ စကားစလိုက်သည်။ ထိုအခါ စာရေးနေရာမှ သတ်ချုပ်ကြီးခေါင်းမော့ကြည့်လျက် တုံ့ပြန်စကားဆိုသည်။

“အေးကွ…အခု ငါဗျူဟာတစ်ခုဆွဲနေလို့ အဲဒါ မင်းအကြံဉလည်း ယူရအောင် ခေါ်လိုက်တာကွ။ ငါတို့သတ်မတော် မှာက မင်းလောက် စာဖတ်တဲ့သူမရှိဘူးမဟုတ်လား”

ဗိုလ်ချုပ်မှူးကြီးမအလ၏ မြှောက်ပင့်သံပါသောစကားအဆုံးတွင် ဇော်မဲလုံးလည်း ဘဝန်လေဟပ်ကာ ပီတိပြုံး များဖြင့် စကားပြန်သည်။

“ဟုတ်ကဲ့ပါ အဘ။ အဘအတွက်ဆို အရိုးကျေ အရည်ခမ်းရုံမက ဟောဒီ့သပိတ်ရောင်အသားတွေ သွေးစုပ်ဖြူရော် သွားစေဦးတော့ ပေးအပ်တာဝန် မလစ်ဟင်းအောင် ထမ်းဆောင်မှာပါ အဘ”

“အေး … ဒါကြောင့်လည်း မင်းက ငါ့လက်ရုံးတစ်ဖက် ဖြစ်နေပေတာပဲ။ အခုက ‘တိုက်တိုင်းရှုံးအဘ’လို့တောင် ကွယ်ရာမှာ ငါ့ကိုလှောင်ပြောင်ခေါ်နေကြတာ မင်းလည်း အသိပဲ မဟုတ်လား။ ပြီးတော့ ငါ့သတ်မတော်ကိုလည်း ‘တိုက်သေတပ်’တဲ့။ တိုက်တိုင်းသေနေလို့တဲ့။ ဒီတော့ ငါခေါင်းငုံ့ခံနေလို့ မဖြစ်တော့ဘူး။ ဒင်းတို့ကို နိုင်ဖို့ ဗျူဟာ တစ်ခုတော့ ခင်းမှဖြစ်တော့မယ်”

ဗိုလ်ချုပ်မှူးကြီးမအလမှာ ပြောလည်းပြော ကျိုးတိုးကျဲတဲဆံပင်များကြား လက်ထိုးထည့်ကာ တဗျစ်ဗျစ်မြည် အောင်လည်း ကုတ်၍ ကုတ်၍ စကားဆိုသည်။

“ဝိုင်းပြီးတော့ ဒီနေ့ည ထုရမယ်။ ညီမတို့ အားရင် အားတဲ့နေရာမှာ အားတဲ့သူတွေက ထုကြပါ”

“ဟဲ့ပလုတ်တုတ်…ဘယ့်နှ မိန်းမသံကြီးတုန်း မောင်မဲလုံးရဲ့”

ဗိုလ်ချုပ်မှူးကြီးမအလ၏ စကားအဆုံးတွင် ဇော်မဲလုံးလည်း ပြာပြာသလဲတုံ့ပြန်ရှာသည်။

“ဟုတ် … ဟုတ်ကဲ့ပါ အဘ။ အဲဒါက ဟို…ဟို ပြည်ထဲရေးဝန်ကြီးကတော်က ထုခိုင်းနေတဲ့ အသံပါ အဘ”

“ဟေ…ဘယ်လို ဘယ်လို။ ပြည်ထဲရေးကတော်က မင့်ကို ထု…ထု”

မန်းလေပြဲလေဆိုသလို ဇော်မဲလုံးရှင်းကာမှ ပိုရှုပ်ထွေးကုန်သည်။ ဗိုလ်ချုပ်မှူးကြီးမအလ စကားပင် မဆုံးမီ ကြားဖြတ်ကာ ဇော်မဲလုံး အလျင်အမြန်ဝင်၍ ထပ်ရှင်းရသည်။

“မဟုတ်ဘူး အဘ။ အဘထင်သလိုမဟုတ်ပါဘူး။ အဲဒီပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကတော် ဒေါ်နီလာ စိန်က ဒေါက်တာဇော်ဝေစိုးနဲ့ ပန်ဆယ်လိုတို့ အကောင့်တွေ ကျသွားအောင်ထုဖို့ ဆော်သြနေတဲ့အသံဖိုင် လိုင်းပေါ် မှာတွေ့လို့ နားထောင်နေမိတာ။ အဲဒါ အဘခေါ်လို့ ဖုန်းကို အိတ်ထဲ ကမန်းကတန်းထည့်ပြီးထွက်လာတာ။ အိတ်ထဲကနေ ဘယ်လိုက ဘယ်လို ထပွင့်သွား သလဲမသိဘူး။ အခုလို အသံတွေ ထွက်လာတာပါ အဘ”

ဇော်မဲလုံး၏ ရှင်းပြချက်ကို လိပ်ပတ်လည်သွားသော ဗိုလ်ချုပ်မှူးကြီးမအလ သက်ပြင်းချကာ စကားဆက်သည်။

“သြော် မင်းလည်း ငါ့လိုပဲ Facebook ကို ခိုးသုံးနေတာကိုး။ အဲဒီ့အသံဖိုင်ကို ငါလည်း နားထောင် ပြီးပြီ။ ဘယ်သူက ဘယ်လို ခိုးဖမ်းပြီး အပြင်ထုတ်လိုက်သလဲ မသိဘူး။ မင်းလည်း သတိထားဦး။ ငါတို့ထဲမှာ ဖရဲသီးက ဘယ်လောက် တောင်များနေလဲမသိဘူး။ တရုတ်ကို ကုန်ကူးလို့တောင် မကုန်နိုင်တဲ့ ဖရဲသီးတွေလည်း ဖြစ်နေဦးမယ်။ ဒါနဲ့ အဲဒီ နီလာစိန်ကို သွားခေါ်ခဲ့ချေ။ သူ့မှာလည်း ဗျူဟာကောင်းတွေ ရှိနိုင်တယ်။ မေးစမ်းကြည့်တာပေါ့။ ခေါင်းတစ် လုံးပိုလာတော့ ပိုကောင်းတာပေါ့”

ဗိုလ်ချုပ်မှူးကြီးမအလ၏ စကားအဆုံးတွင် ‘ဟုတ်ကဲ့ အဘ’ဟုဆိုကာ ဇော်မဲလုံးလည်း အခန်းအတွင်းမှ ထွက်သွား သည်။ နာရီဝက်ခန့်အကြာတွင် အခန်းတွင်း ခပ်သုတ်သုတ်ပြန်ဝင်လာသည်။ အခေါ်ခိုင်းသည့် ဒေါ်နီလာစိန်ကြီး တော့ ပါမလာ။

“အဘ … ဒေါ်နီလာစိန်က မအားလို့ လိုက်မလာနိုင်ဘူး”

“ဟေ … ဘယ့်ကလောက်တောင် မလုပ်တွေ များနေလို့ ငါခေါ်တာ မလိုက်နိုင်ရတာလဲ”

“များတယ်အဘ။ သနားဖို့လည်းကောင်းပါတယ်။ ကျွန်တော် စကားသွားပြောတာတောင် လှည့်မကြည့်အားဘူး။ သူထုနေရလို့ မအားတဲ့အကြောင်း အဘကို ပြောပေးဖို့ စကားပါးလိုက်တယ်”

“ဟုတ်လား။ ပြောပါဦး ဘယ်လိုတောင် ထုနေတာတုန်း။ သူပြောတုန်းက တစ်နေ့ တစ်နာရီထု လုံလောက်တယ် ဆို”

“အခု အဲ့လိုမဟုတ်တော့ဘူး အဘ။ မိုးလင်းကနေ မိုးချုပ် နေ့နေ့ညညမအားနိုင်မနားနိုင် ဆက်တိုက်ထုနေတာတဲ့။ ထုတာမှ ဖုန်းသုံးလေးငါးလုံး အရှေ့မှာ ချပြီးတော့ကို မအားနိုင်၊ မနားနိုင် ထုနေတာ အဘ”

“အင်း…အဲတော့ အခုဇော်ဝေစိုးနဲ့ ပန်ဆယ်လိုတို့အကောင့်တွေရော ကျသွားပလား”

“မကျလို့ အခုလို ဆက်ထုနေရတာပေါ့ အဘရယ်။ ကျသွားရင် ဘယ်ထုတော့မလဲ။ ဇော်ဝေစိုးကလည်း အတော် အထုခံနိုင်တဲ့ဘဲပဲဗျ။ သိလား အဘ”

ဗိုလ်ချုပ်မှူးကြီးမအလသည် ဇော်မဲလုံး၏ မျက်နှာကို တွင်တွင်စိုက်ကြည့်လျက် စကားဆိုသည်။

“အိမ်း…သူလည်း လေ့ကျင့်သားကောင်းလို့ နေမပေါ့။ ကဲ…ကဲ နီလာစိန်မလာဘူးဆိုတော့လည်း မင်းနဲ့ ငါနဲ့ပဲ ထုံးစံအတိုင်း နှစ်ပါးသွားကြတာပ”

“ဟုတ်ကဲ့ပါ အဘ”

ဟုတ်ကဲ့ပါအဘဟုသာဆိုလိုက်သည် ဇော်မဲလုံး၏ မျက်နှာမှာ ဝေဟင်မှ ဒရုန်းဖြင့် ပစ်ချလိုက်သော ဗုံးသီးမှန်သည့် မျက်နှာနှင့်။

ဤသို့ဖြင့် သူတို့ဆရာတပည့်နှစ်ဦး စားပွဲပေါ်မှောက်လိုက်၊ ကြမ်းခင်းပေါ် လှဲလိုက်၊ ထိုင်ခုံပေါ် ကင်းမြီးကောက် ထောင်လိုက်၊ ထုတ်တန်းတွင် ဇောက်ထိုးဆွဲနေလိုက်ဖြင့် နေ့ပေါင်း၊ ညပေါင်း တစ်ထောင့်တစ်ညနှင့်တစ်ရက် တိတိကုန်ဆုံးသွားခဲ့ပြီးသော တစ်နေ့၌ …

“ကဲ တပည့်ကျော်ကြီးရေ ငါတို့ဗျူဟာကြီးလည်း အပြီးသတ်ဆွဲပြီးသွားပြီ။ ဒီတော့ ဒီစာကို တပ်စု၊ တက်ခွဲ၊ တပ်ရင်း၊ တပ်မ မကျန် အကုန်သာဖြန့်ဝေလိုက်တော့”

“ဟုတ်ကဲ့ပါ အဘ”

ညောင်နာနာအသံဖြင့် ဇော်မဲလုံး ခွန်းတုံ့ပြန်သည်။ ညောင်ပေမပေါ့ အိမ်မပြန်ရဘဲ သတ်ချုပ်ရုံးခန်းအတွင်း နေ့ရက် ပေါင်းတစ်ထောင်ကျော် လူးလှိမ့်နေအောင် ကုန်ဆုံးခဲ့ရသည်ကိုး။

“သြော် နေဦး။ အရေးကြီးတာ ပြောဖို့ မေ့နေလို့။ အဲဒီစာတွေဖြန့်တဲ့အခါ နီလာစိန်အသံဖိုင် အပြင်ပြန့်သလို၊ ငါတို့လျှို့ဝှက်ဆိုတဲ့စာတွေ အပြင်ပြန့်သလို မပြန့်အောင် သေချာဂရုစိုက်ဦး။ ဒါသိုသိုသိပ်သိပ်လုပ်ရမယ့်ဗျူဟာ”

“ဟုတ်ကဲ့ အဘ။ တပည့်သေချာ စီစဉ်လိုက်ပါ့မယ်”

ဤသို့ဖြင့် စာအားဖြန့်ဝေသောထိုနေတွင်ပင် ဇော်မဲလုံးတစ်ယောက် ဗိုလ်ချုပ်မှူးကြီးမအလရုံးခန်းသို့ အပြေး တစ်ပိုင်းဖြင့် တစ်ဖန်ပြန်ရောက်လာပြန်သည်။ မျက်နှာလည်း မကောင်းချေ။

“အဘ”

“ဟေ…ပြောတပည့်။ ငါတို့ Mission အောင်မြင်တယ် မဟုတ်လား။ ဟဲဟဲ”

“ဒီ…ဒီလိုပါအဘ။ ကျွန်တော်တို့ ဖြန့်လိုက်တဲ့စာ နာရီပိုင်းအတွင်းမှာကို အွန်လိုင်းမှာ ပြန့်သွားလို့ပါ အဘ။ အဲဒါ… အဲဒါ အဘရဲ့ ‘ထုဗျူဟာကြီး’ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပြန့်နှံ့သွားကြောင်းပါ အဘ”

“ဟေ…မင်းပြောတော့ သေချာစီမံမယ်ဆို”

“ဟုတ်ကဲ့ပါအဘ။ အရင်စာတွေတုန်းက ‘လျှို့ဝှက်’ဆိုပြီးပဲပါတော့ သိပ်မလေးနက်ဘူးထင်လို့ အခုအဘရဲ့ ‘ထုဗျူဟာ’ စာကို ‘ထိပ်တန်းလျှို့ဝှက်’လို့ သတ်မှတ်ပေးလိုက်တာ ‘လျှို့ဝှက်’ဆိုတဲ့စာတွေထက် ပိုမြန်ပြီးပေါက် ကြားသွားခဲ့ပါတယ် အဘ”

ဇော်မဲလုံး၏ စကားမဆုံးမီပင် ဗိုလ်ချုပ်မှူးကြီးမအလ စကားတစ်ခွန်းသာပြောနိုင်ပြီး ကြမ်းပြင်ပေါ် ပစ်လဲကျ သွားသည်။

“ဒီနိုင်ငံမှာ ဖရဲသီးမပြောနဲ့ ရှိရှိသမျှ ဖရဲခင်းတွေပါ အကုန်ဖျက်…ဖျက်…အု…အု”

ကြမ်းပြင်ပေါ်ရောက်နေသော မျက်လုံးနှစ်လုံးကတော့ ဇော်မဲလုံးအား မသင်္ကာသော အကြည့်များဖြင့် ကြည့်နေ ရှာတော့သည်။      ။