ရဲနှစ်ယောက်ပစ်သတ်ခံခဲ့ရတဲ့ ညောင်ဖြူပင် ရဲကင်းစခန်းအနီးကရွာတွေကို စစ်တပ်ကစစ်ကြောင်းထိုးနေ

Photo – Google

ဈေးထွက်ဝယ်တဲ့ ရဲနှစ်ယောက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့ ညောင်ဖြူပင်ရွာ ရဲကင်းစခန်း အနီး တဝိုက်ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ ကထုတ်ပြန်ပါတယ်။

မုံရွာမြို့၊ ညောင်ဖြူပင် ရဲကင်းစခန်းကို ရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီနေ့ (စက်တင်ဘာလ ၁၃ ရက်) မှာ ညောင်ဖြူပင်ရွာအနောက်ဘက်က ကျေးရွာတွေကို ကုန်းကြောင်း၊ ရေကြောင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်တယ် လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ရဲကင်းစခန်းအနီးကဈေးမှာ ဈေးဝယ်ထွက်နေချိန်ပစ်ခတ်တိုက်ခိုက်ခံရလို့ ရဲနှစ်ယောက်သေဆုံးအပြီး မနေ့ကည နေပိုင်းမှာ ညောင်ဖြူပင်ရဲကင်းစခန်းကို အင်အားခြောက်ဆယ်ဝန်းကျင်ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ရောက်ရှိလာတယ်လို့သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဟာ မနေ့ကညပိုင်းကတည်းက ရဲကင်းစခန်းကနေ အနီးတဝိုက်ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ညောင်ဖြူပင်နဲ့ ချောင်းကောက်ကျေးရွာမြောက်ဖျားပိုင်းကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့မှာတော့ မနက်ပိုင်းကစပြီး ကျေးရွာတွေထဲစစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ဆိုပါတယ်။အဲ့ဒီလို စစ်ရေးအခြေအနေတွေရှိနေတာကြောင့် မုံရွာ-အမြင့်လမ်းပိုင်းကို လမ်းအသုံးပြုခွင့်ယာယီပိတ်ပင်တယ်လို့ မုံရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

လတ်တလောအခြေအနေတွေနဲ့ပတ်သက်ပြီး DNA က ဒေသခံကာကွယ်ရေးအင်အားစုတွေကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

ညောင်ဖြူပင်ရဲကင်းစခန်းကနေ ဈေးဝယ်ထွက်လာတဲ့ ရဲ (၂) ဦးကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့က စက်တင်ဘာ (၁၂) ရက် မနေ့ကမနက်အစောပိုင်းမှာ ပစ်ခတ်တိုက်ခိုက်တာကြောင့် နှစ်ဦးလုံးနေရာမှာ သေဆုံးခဲ့ပြီး လက်နက်နှစ်လက်လည်း ကာကွယ်ရေးတပ်တွေက ရရှိခဲ့ပါတယ်။